ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုခံထားရတဲ့ အမှုကို စစ်ကော်မရှင်က သွားရောက်ကြားနာမှာဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုအပြီးသတ်ကြားနာပွဲတွေ လုပ်ဖို့ရှိနေတာပါ။
စစ်ကော်မရှင်က ICJ မှာ ခုခံဖို့ သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ကို စေလွှတ်ထားတာဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ရန်ကုန်ကနေ ထွက်ခွာသွားပြီလို့ သိရပါတယ်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICJ မှာ တရားစွဲဆိုထားတာပါ။
ဒီအမှုကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ဂမ်ဘီယာရဲ့စွပ်စွဲချက်တွေ မပြည့်စုံသလို လွဲမှားစွာ ကောက်ချက်ချထားတာလို့ ICJ မှာ သွားရောက်လျောက်လဲချက် ပေးခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထောင်ချထားပြီး သူတို့ကိုယ်တိုင် သွားရောက်ကြားနာမှာဖြစ်ပါတယ်။
အခုကြားနာပွဲဟာ နောက်ဆုံးအကြိမ်ဖြစ်လို့ အပြီးသတ်အမိန့်ချတဲ့အခြေအနေတွေ ပါဝင်နိုင်ပြီး ICJ က မြန်မာနိုင်ငံဟာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ အမိန့်ချလိုက်ရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ဖက်ဒရယ် ဥပဒေ အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး၊ နိုင်ငံတကာ ဥပဒေပညာရှင် ရှေ့နေဦးအောင်ထူးကို ဆက်သွယ်မေးမြန်းထားပါတယ်။


Leave a Reply