Category: News

  • တန်ဖိုးကြီးပစ္စည်းပျောက်မည်ဟု ဟောကိန်းထုတ်ပြီး ဖုန်းခိုးခဲ့သည့် ဗေဒင်ဆရာ

    တန်ဖိုးကြီးပစ္စည်းပျောက်မည်ဟု ဟောကိန်းထုတ်ပြီး ဖုန်းခိုးခဲ့သည့် ဗေဒင်ဆရာ

    တန်ဖိုးကြီးပစ္စည်းပျောက်မည်ဟု ဟောကိန်းထုတ်ပြီး ဖုန်းခိုးခဲ့သည့် ပတ္တရားမှ ဗေဒင်ဆရာ အဖမ်းခံရ

    ပတ္တရားမြို့မှ ဗေဒင်ဆရာတစ်ဦးသည် အမျိုးသမီးငယ်တစ်ဦးအား နှစ်သစ်ကူးနေ့တွင် တန်ဖိုးရှိသော ပစ္စည်းတစ်ခု ပျောက်ဆုံးလိမ့်မည်ဟု ဟောကိန်းထုတ်ပြီးနောက် ၎င်းအမျိုးသမီး၏ လက်ကိုင်ဖုန်းကို ခိုးယူခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရသည်။

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီ ၆ မိနစ်ခန့်တွင် ချောင်ဘူရီခရိုင်၊ တောင်ပိုင်းပတ္တရားရှိ ချိုင်မွန်ခိုး ဘုရားကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ပတ္တရားမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဘတ်ငွေ ၂၀,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၅၈၀ ခန့်) တန်ဖိုးရှိသော iPhone 13 Pro ဖုန်းတစ်လုံး ခိုးယူခံရကြောင်း သတင်းအရ လာရောက်စစ်ဆေးချိန်တွင် အခင်းဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးသမားများနှင့် လမ်းသွားလမ်းလာများက အသက် ၃၈ နှစ်အရွယ် ဗေဒင်ဆရာ Udomsap Mueangkaew ဆိုသူကို ဝိုင်းဝန်းဖမ်းဆီးထားပြီး ဖြစ်သည်။

    ရဲတပ်ဖွဲ့သည် အသက် ၁၉ နှစ်အရွယ် မပင်း (အမည်လွှဲ) ၏ ဖုန်းကို သံသယရှိသူ၏ ပခုံးလွယ်အိတ်အတွင်းရှိ နှာခေါင်းစည်း (Mask) ဘူးထဲတွင် ဝှက်ထားသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

    မပင်း၏ ပြောပြချက်အရ ယင်းအမျိုးသားသည် လူကြီးလူကောင်းတစ်ဦးကဲ့သို့ ဝတ်စားပြင်ဆင် ပြောဆိုပြီး ဘုရားကျောင်းရှေ့ ပလက်ဖောင်းပေါ်တွင် ဖျာခင်းကာ လမ်းသွားလမ်းလာများကို ဗေဒင်ဟောရန် ခေါ်ယူနေခဲ့ကြောင်း၊ သူမက ထိုသူကို သနားသောကြောင့်လည်းကောင်း၊ နှစ်သစ်ကူးနေ့တွင် ကုသိုလ်ရစေရန်အတွက်လည်းကောင်း ဗေဒင်မေးမြန်းခဲ့ကြောင်း၊ ဖဲချပ်များဖြင့် ဗေဒင်ဟောပေးနေစဉ်အတွင်း ယင်းအမျိုးသားက သူမအနေဖြင့် မကြာမီ ကံဆိုးမှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ တန်ဖိုးရှိသော ပစ္စည်းတစ်ခု ပျောက်ဆုံးလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ယင်းကံဆိုးမှုကို ဖယ်ရှားရန်အတွက် ငွေပိုပေးရန် တောင်းဆိုခဲ့ရာ သူမကမူ မလိုအပ်ဟု ယူဆသောကြောင့် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

    ဗေဒင်ဟောပြီးနောက် သူမ၏တည်းခိုခန်းသို့ ပြန်ရန်ပြင်စဉ် ဗေဒင်ဟောနေချိန်က ဘေးတွင်ချထားသော သူမ၏ဖုန်း ပျောက်ဆုံးနေသည်ကို သတိပြုမိခဲ့ပြီး ထိုအချိန်တွင် ဗေဒင်ဆရာက သူ၏ဟောကိန်းမှာ မည်မျှမှန်ကန်ကြောင်း ကြွားဝါနေသည့်အပြင် ခိုးသွားသည့်သူ၏ ပုံပန်းသဏ္ဍာန်ကိုပင် ဖော်ပြပြောဆိုနေခဲ့ကြောင်း သိရသည်။

    မပင်းက သံသယရှိလာသဖြင့် ကယ်ဆယ်ရေးသမားများနှင့် လူထုကို အကူအညီတောင်းကာ ဗေဒင်ဆရာ၏ အိတ်ကို စစ်ဆေးရာမှ ဖုန်းကို ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    သက်သေနှင့်တကွ မိသွားသောအခါ ၎င်းအမျိုးသားက ဖုန်းခိုးယူခဲ့ကြောင်း ဝန်ခံခဲ့ပြီး ယခုမှာ သူ၏ ပထမဆုံးအကြိမ် ကျူးလွန်ခြင်းဖြစ်ကြောင်း၊ နှစ်သစ်ကူးကာလအတွင်း ငွေလိုအပ်နေ၍ ဖြစ်ကြောင်း ပြောဆိုကာ ခွင့်လွှတ်ပေးရန် တောင်းပန်ခဲ့သည်။

    သို့သော်လည်း မပင်းက နောက်ထပ်လူများကို ထပ်မံမကျူးလွန်စေရန်အတွက် ဥပဒေအရ အရေးယူပေးရန် အခိုင်အမာ တောင်းဆိုခဲ့သည့်အတွက် ရဲတပ်ဖွဲ့က ဗေဒင်ဆရာကို ဖုန်းနှင့် ဗေဒင်ဟောသည့် ကိရိယာများနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုင်းနိုင်ငံဥပဒေအရ အမှုဖွင့် အရေးယူရန် ပြင်ဆင်နေကြောင်း သိရသည်။

    Ref: Khaosod English

  • ဦးခင်ရီသို့ ဂုဏ်ပြုခြင်း

    ဦးခင်ရီသို့ ဂုဏ်ပြုခြင်း

    ရွေးကောက်ပွဲ ပြီးသွားတဲ့အခါ များသောအားဖြင့်ယဥ်ကျေးတဲ့နိုင်ငံတွေမှာ အနိုင်ရသွားတဲ့နိုင်ငံရေးပါတီကို မီဒီယာတွေနဲ့အခြားပါတီတွေက ဂုဏ်ပြုစကားတွေ ပေးပို့ကြတာ ၊ Congratulations လုပ်တာတွေ လုပ်လေ့ရှိပါတယ်။ အခုတော့ ၂၀၂၅ ရွေးကောက်ပွဲ မှာ ကြံ့ခိုင်ရေးပါတီကနိုင်လိုက်တော့ ဘယ်သူကမှလည်း ဂုဏ်ပြု ချီးကျူးစကားပြောတာမတွေ့ရပါဘူး။ ဒါ့ကြောင့် ကျွန်တော်ကပဲ စွန့်ဦးတီထွင်အဖြစ် ဂုဏ်ပြုစကား ပြောကြားလိုက်ပါတယ်။

    အစ်ကိုကြီး ဦးခင်ရီခင်ဗျား ၊ သို့မဟုတ် အန်ကယ်လ်ဦးခင်ရီခင်ဗျား ကြံ့ခိုင်ရေးပါတီ ၂၀၂၅မှာ တင်းပြည့်ကျပ်ပြည့်နိုင်သွားတာ ဂုဏ်ယူပါတယ်၊ဝမ်းသာပါတယ်။ အန်ကယ်တို့ပါတီဟာ ရွေးကောက်ပွဲ တွေမှာ မနိုင်တာကြာပြီဆိုတာ သတိထားမိတာကြာပါပြီ။ ဒါ့ကြောင့် မြန်မာဘောလုံးအသင်း တခါတလေထနိုင်လိုက်တိုင်း ပြည်သူလူထုက ခေါင်းထောင်ကြည့်ရသလို အခုလို ကြံ့ခိုင်ရေးနိုင်တယ်ဆိုတော့ ကျွန်တော်တို့စာရေးဆရာတွေက Congratulations လုပ်မှသင့်တော်ပေမယ်။ အန်ကန်တို့ပါတီ မနိုင်တာ မှတ်မှတ်ရရ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကတည်းကပဲခင်ဗျ။ အခုက ၂၀၂၅ ဆိုတော့ အန်ကယ်ခင်ရီတို့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အနိုင်မရတာ ၁၃နှစ်တောင်ရှိပြီခင်ဗျ။ ကြံ့ခိုင်ရေးပါတီကို ၂၀၁၀ ဇွန်လ ၂ရက် နေ့မှာစတင်မှတ်ပုံတင်တည်ထောင်ခဲ့တာဆိုတော့ နိုင်ငံရေးပါတီသက်တမ်းက ၁၅ နှစ် ၊ အနိုင်မရတာ၁၃ နှစ် ဆိုတော့ ထူးခြားတဲ့မှတ်တမ်းတစ်ခုကိုပိုင်ဆိုင်ခဲ့တာပါပဲခင်ဗျ။

    နိုင်ငံရေးပါတီ အဖြစ်စတင်ထူထောင်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ အန်ကယ်တို့ပါတီဟာ ပြည်သူ့လွှတ်တော်မှာ၂၅၉ ယောက် (၇၈.၄၈%)၊ အမျိုးသားလွှတ်တော်မှာ ၁၂၉ယောက် (၇၆.၇၉%) တောင်အနိုင်ရခဲ့သဗျ။ တကယ်ကိုအံ့မခမ်းရလာဒ်ပါပဲခင်ဗျာ။ မဲတွေအတော်ရတာပါပဲခင်ဗျ။ ဒါပေမယ့် လူတွေကပြောကြတာ အဲ့ဒိတုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂျွန်ဝီလီယံယက်တောအမှုနဲ့ အမှုဆင် နေအိမ်အကျယ်ချုပ် ဖမ်းချုပ်ထား၊ NLDပါတီကလည်းသပိတ်မှောက်ပြီး ဝင်မပြိုင်လို့ ကြံ့ခိုင်ရေးက တစ်ကောင်တည်းပြေးတဲ့ ဟိုဒင်းလို ပထမရတာတဲ့။ အဲ့ဒိလိုNLDပါတီကြီးမပါတဲ့အချိန်မှာတောင် ဦးစိုင်းအိုက်ပေါင်းရဲ့SNDP ပါတီက ပြည်သူ့လွှတ်တော် ၁၈နေရာ၊အမျိုးသားလွှတ်တော် ၃နေရာ ကြံ့ခိုင်ရေးကို အနိုင်ယူသွားတာခံရသတဲ့၊ ပြီးတော့ ဦးထွန်းရီရဲ့တစည ပါတီကလည်း ကြံ့ခိုင်ရေးပါတီကို ပြည်သူ့လွှတ်တော်မှာ ၁၂နေရာ၊အမျိုးသားလွှတ်တော်မှာ ၅နေရာ အလဲထိုးအနိုင်ယူသွားသေးသတဲ့။ ဒါတင်မက ဒေါက်တာသန်းငြိမ်းရဲ့ NDF ပါတီကလည်း ပြည်သူ့လွှတ်တော်မှာ ၁၂နေရာ ၊အမျိုးသားလွှတ်တော်မှာ ၄နေရာ ကြံ့ခိုင်ရေးပါတီကို နောက်ကောက်ချသွားသေးသတဲ့။ အဲ့ဒိတုန်းကလည်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌက တပ်ကလာတဲ့အငြိမ်းစားဗိုလ်ချုပ်သိန်းစိုးဖြစ်သတဲ့။ ကြိုတင်မဲတွေလိုသလောက်သုံးပြီး ကြံ့ခိုင်ရေးအမတ်တွေကမဲရေတွက်ရာမှာ နေ့ရှုံး ညနိုင်တွေ ဖြစ်ကြတယ်လို့ပြောကြတယ်။ ဘာပဲပြောပြော ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရတာ ချီးကျူး ဂုဏ်ပြုလွှာ ပို့ရမှာကို တခြားပါတီတွေက မေ့နေကြတယ်။ ဘယ်သူကမှဂုဏ်မပြုဘူးဗျာ။ တော်တော်ဆိုးတယ်။

    အဲ၊ ၂ နှစ်အကြာ ၂၀၁၂ ကျ ကြားဖြတ်ရွေးကောက်ပွဲလုပ်တယ်၊ အစိုးရ ရာထူးတွေယူလိုက်လို့လစ်လပ်သွားတဲ့ ၃၇+၆+၂ (၄၅ နေရာ) တည်းအတွက်ရွေးကောက်ပွဲ ပြန်လုပ်တာပါ။ ဒီတကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရော NLD ပါတီရော ဝင်ပြိုင်တယ်။ ရွေးကောက်ခံနေရာ ၄၅နေရာမှာ ၄၄နေရာဝင်ပြိုင်ပြီး NLD ပါတီက ၄၃ နေရာ( ၉၇.၇၃%) အနိုင်ရခဲ့တယ်။ကျွန်တော်နားမလည်တာက တစ်နိုင်ငံလုံး၇၆ရာခိုင်နှုန်း ၇၈ရာခိုင်နှုန်း နိုင်ခဲ့တဲ့ကြံ့ခိုင်ရေးပါတီက ကိုယ်နိုင်ခဲ့ဖူးတဲ့မဲဆန္ဒနယ် ၄၅နယ်မှာ NLD နဲ့လည်းပြိုင်ရော အနိုင်ရလာဒ်ဟာ ၁ နေရာ ပဲအနိုင်ရပြီး ရွေးကောက်ပွဲ အောင်နိုင်မှုဟာ (၂.၂၂ ရာခိုင်နှုန်း) ကို ထိုးကျသွားတာပါပဲ။ နိုင်ငံရေးပါတီတစ်ခုဟာ ၂နှစ်အတွင်း လူထုထောက်ခံမှု ၇၈ ရာခိုင်နှုန်းလောက်ကနေ ၂.၂၂ ရာခိုင်နှုန်းအထိ ထိုးကျသွားတာ အတော်ထူးဆန်းတယ်လို့မထင်ဘူးလား အန်ကယ်ဦးခင်ရီ။ အဲ့ဒိရွေးကောက်ပွဲ ဟာ အချိန်လည်းသိပ်မကွာဘူး၊ ကွာတာဆိုလို့ NLD မပါတာနဲ့ NLD ပါတီ ဝင်ပြိုင်လာတာနဲ့ ၊ဒါပဲကွာတာပါ။

    ၂၀၁၅ ရွေးကောက်ပွဲကျတော့လည်း ဒီလိုပါပဲ။ NLD အင်အားအပြည့်နဲ့ဝင်ပါလာတော့ရလာဒ် တွေက အမေရိကန်နဲ့ မြန်မာ ဘတ်စကက်ဘောပုတ်တဲ့အမှတ်လိုပဲ
    အမျိုးသား လွှတ်တော် NLD ၁၃၂/ USDP ၁၁
    ပြည်သူ့လွှတ်တော် NLD ၂၁၈/ USDP ၃၀
    အဲ့ဒိလိုတွေဖြစ်ကုန်တယ်အန်ကယ်။ မဲလိမ်မဲခိုးလို့ NLDနိုင်တာလို့ ပြောရအောင်လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌက တပ်ကခန့်ထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး(ငြိမ်း)
    ခင်ဗျ။ ရွေးကောက်ပွဲကျင်းပချိန်မှာ အာဏာရအစိုးရက သမ္မတဦးသိန်းစိန်ရဲ့ ကြံခိုင်ရေးပါတီပါ။ သေချာတာတော့ NLD ကရိုးရိုးသားသား နဲ့နိုင်တာပါ။

    ၂၀၂၀ ရွေးကောက်ပွဲကျတော့လည်း ရွေးကောက်ပွဲရလာဒ်တွေက
    အမျိုးသားလွှတ်တော် NLD ၁၃၈/ ကြံ့ခိုင်ရေး ၇
    ပြည်သူ့လွှတ်တော် NLD ၂၅၈/ ကြံ့ခိုင်ရေး၂၆

    အဲ့ဒိတော့ ရွေးကောက်ပွဲတွေလုပ်သမျှ အနိုင်အရှုံးရလာဒ်ရယ် ဝင်ပြိုင်တဲ့ပါတီတွေရယ် ကို ထည့်တွက်လိုက်ရင် အောက်ပါ ညီမျှခြင်း ဖော်မြူလာကိုရပါတယ်။ အဲ့ဒါကတော့

    ရွေးကောက်ပွဲ + NLD ပါတီ= ကြံ့ခိုင်ရေး အရှုံး

    ရွေးကောက်ပွဲ – NLD = ကြံ့ခိုင်ရေး အနိုင်

    အဲ့လို ညီမျှခြင်းထွက်ပါတယ်အန်ကယ်လ်။ NLD ပါတီဝင်ပြိုင်နေသမျှတော့ ကြံ့ခိုင်ရေးပါတီက အရိမေတ္တယျဘုရားပွင့်တဲ့အထိ ဘယ်တော့မှနိုင်မှာမဟုတ်ပါဘူး။ NLD ထက်သာအောင် ကြံ့ခိုင်ရေးကကြိုးစားပြရပါတော့မယ်။ကိုယ့်ဘက်မပါတဲ့ ပြည်သူလူထုကိုလည်း ကြံ့ခိုင်ရေးပါတီကအတော်ကို မုန်းတီးနေပါပြီ။ အချိန်ယူပြီးကိုယ့်ဘက်ပါအောင်လည်းမလုပ်တတ်တော့ပါဘူး။ ဒါ့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲတုန်းက NLD မပါတော့ တို့ တွေနိုင်ခဲ့ ဖူးသားပဲ၊အခုလည်းအဲ့ဒိလိုပဲလုပ်ကြရအောင်၊

    ရွေးကောက်ပွဲ – NLD = ငါတို့နိုင်ပြီ

    အဲ့လိုပဲလုပ်ကြတာပေါ့ဆိုတဲ့ အကြံအတိုင်း အခုကျင်းပတဲ့၂၀၂၅ ရွေးကောက်ပွဲ ပထမပိုင်းကြီးမှာ အန်ကယ်တို့ပါတီ ထင်တဲ့အတိုင်းနိုင်ခဲ့ပါပြီ။ တကယ်ကို ဝမ်းသာပီတိဖြစ်ပြီး အောင်ပွဲခံစရာပါအန်ကယ်။ဒါ့ကြောင့် ပါတီဥက္ကဌကြီးအန်ကယ်ခင်ရီတို့ ရဲ့အောက်တန်းကျကျ အရှက်မရှိ”ဝင်္ကန္တဥာဏ် ” ကိုတော့ အထူးချီးကျူး ဂုဏ်ပြုလိုက်ရကြောင်းပါ။

    “Congratulations,bro!

    Keep going to Hell’

    သရဝဏ်(ပြည်)

  • တော်လှန်ရေးအဖွဲ့များ ကသာ မြို့တွင်း ဝင်ရောက်၊ မြို့လုံးကျွတ် စစ်ရှောင်

    တော်လှန်ရေးအဖွဲ့များ ကသာ မြို့တွင်း ဝင်ရောက်၊ မြို့လုံးကျွတ် စစ်ရှောင်

    တော်လှန်ရေးအဖွဲ့များ ကသာ မြို့တွင်း ဝင်ရောက်၊ မြို့လုံးကျွတ် စစ်ရှောင်

    စစ်ကိုင်းတိုင်း ဧရာဝတီမြစ်ကမ်းဘေးမြို့တခုဖြစ်သော ကသာမြို့ ကို တော်လှန်ရေးအင်အားစုများက ပိတ်ဆို့တိုက်ခိုက်နေရာ လက်မလွှတ်ရရေးအတွက် လက်နက်ကြီး၊ လေကြောင်းပစ်ကူများပေးနေသည့်ကြားမှ ယနေ့တွင် တော်လှန်ရေး အင်အားစုများ မြို့တွင်း ဝင်ရောက်နိုင်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

    စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဖြစ်သော ကသာမြို့နယ်သည် ရွေးကောက်ပွဲ အပိုင်း၁တွင် ပါဝင်သဖြင့် ဒီဇင်ဘာ ၂၈ ရက်က မဲရုံများ ဖွင့်လှစ်ပြီး ရွေးကောက်ပွဲကျင်းပနေချိန် မြို့အဝင် တပ်ကုန်း ရပ်ကွက်နှင့် ခမရ ၃၀၉ တပ်ရင်းအနီး တိုက်ပွဲများ ဖြစ်ပွားခဲ့ရာမှ လက်ရှိအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

    “တော်လှန်ရေးအဖွဲ့တွေက တမြို့လုံးနီးပါးလောက်ကို ဝင်သွားနိုင်ပေမယ့် အဓိကကျတဲ့ ရဲစခန်းတို့ ထောင်တို့ ဖွင့်တာတွေ၊ တိုက်တာတွေ မရှိသေးဘူး၊ လောလောဆယ်တော့ မြို့ထဲအထိကိုတော့ လုံးဝ ဝင်သွားပြီ၊ ၃၀၉ ကိုလည်း သူတို့ အကုန်ပိတ်ဆို့ထားပြီ၊ ထွက်ပေါက်မရှိတော့ဘူး”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

    မြို့တွင်းအထိုင်များနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) လက်အောက်ခံ ကသာအခြေစိုက် ခမရ ၃၀၉ တပ်များမှ မြေပြင်တွင် ခုခံတိုက်ခိုက်နေသလို လေကြောင်း၊ လက်နက်ကြီးဖြင့်ပါ ပစ်ခတ် တိုက်ခိုက်နေသဖြင့် မြို့လုံးကျွတ် နီးပါး စစ်ဘေးရှောင်သွားကြပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

    လက်ရှိအချိန်၌ ကသာမြို့ ရပ်ကွက် ၅ (ဇေယျာချောင်)၊ ရပ်ကွက် ၈ (ပိန္နဲကုန်း)ဘက်ခြမ်းတွင် တိုက်ပွဲများ ဖြစ်နေပြီး လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရပ်ကွက် ၇ (ကျန်တော) ရှိ နေအိမ်တချို့ မီးလောင် ပျက်စီးခဲ့သလို စေတီကုန်း ဘုန်းကြီးကျောင်းများ မီးလောင်သွားကြောင်း သိရသည်။

    “ဒီနေ့မနက်ပိုင်းထိတော့ မြို့ပတ်လည်မှာပဲ တိုက်ပွဲတွေဖြစ်နေဆဲပဲ၊ မြို့တွင်းထဲထိတော့ မရောက်သေးဘူ၊ မနေ့ညပိုင်း ကတော့ မြို့ပတ်လည် လေယာဉ်ကြဲတာ အလုံး ၅၀ ကျော်မယ်၊ မြို့ခံတွေလည်း ထွက်ကုန်ကြတာ တမြို့လုံးနီးပါးပဲ အနည်း အကျင်းလောက်ပဲ ကျန်တော့တယ်၊ ထွက်ဖို့ အခက်အခဲရှိကြတဲ့သူမျိုးတွေ အများဆုံး ကျန်နေကြတာမျိုးပေါ့၊ ရပ်ကွက် ၅ နဲ့ ၈ ဘက်မှာတော့ တယောက်မှ မရှိကြတော့ဘူး”ဟု ကသာမြို့ခံ တဦးက ပြောသည်။

    စစ်ရှောင်များသည် မိုးညှင်း၊ မော်လူး၊ မဲဇာစသည့်နေရာများနှင့် နီးစပ်ရာ တောတောင်များအတွင်း တိမ်းရှောင်နေကြပြီး တိမ်းရှောင်ရာလမ်းကြောင်းတွင် ပိတ်မိနေသူများလည်း ရှိကာ စစ်ကိုင်း- ကချင် နယ်စပ်တကြော နှစ်ဖက် စစ်ဆေးရေးဂိတ် များအား ဖြတ်ကျော်ရသဖြင့် အခက်အခဲများရှိနေကြောင်း သိရသည်။

    ကသာတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ နွေဦးတော်လှန်ရေးမဟာမိတ် တပ်ပေါင်းစု(SRA)တို့ ပူးပေါင်းတိုက်ခိုက်နေခြင်းဟု သိရသည်။

    ကသာ မြို့သိမ်းနိုင်ပါက ကချင်ပြည်နယ်ဝင်ပေါက်အတွက် စစ်ရေးအားသာချက်များ ရှိလာနိုင်မည်ဖြစ်ကြောင်း၊ ကသာနှင့်အတူ ထီးချိုင့်မြို့ကို ထိန်းထားနိုင်ပါက တော်လှန်ရေးအင်အားစုများအတွက် စစ်ရေးချိန်ခွင်လျှာ အလေးသာမည့် အခြေအနေများရှိနေသည်ဟု စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

    တိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ကသာမြို့အတွက်အရေးကြီးနေရာအချို့ကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

    ပုံစာ-ကသာ စစ်ရှောင်များ/ ကသာကျော်ဇင်

  • ဘုတလင်တွင် စစ်တပ်စခန်း ၄ ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံး

    ဘုတလင်တွင် စစ်တပ်စခန်း ၄ ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံး

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ ဒီဇင်ဘာ ၂၈ ရက်က စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ၄ ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့လို့ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း ကျဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ က ဒီဇင်ဘာ ၃၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    ဘုတလင်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “၂၈ ရက်နေ့က ဘုတလင်မြို့ပေါ်မှာ စကစရဲ့ အတုအယောင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ဖို့လို့ မဲပေးဖို့သတ်မှတ်ထားတဲ့ နေရာတွေနဲ့ သူတို့တွေ အထိုင်ချနေကြတဲ့ နေရာ ၄ ခုကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြတာပါ။ သူတို့ဘက်က ၁၅ ယောက်ထက်မနည်း သေတယ်။ ကျနော်တို့ မဟာမိတ်တွေဘက်က ရဲဘော် ၆ ယောက် ကျခဲ့ပါတယ်။ ရဲဘော် ၃ ယောက်လည်း ဒဏ်ရာရပြီးတော့ MA2 သေနတ်တလက်လည်း ဆုံးရှုံးခဲ့ပါတယ်” လို့ ပြောပါတယ်။

    အဆိုပါတိုက်ခိုက်မှုတွေကို မုံရွာခရိုင်ကွပ်ကဲရေးမှူး အပါအဝင် မုံရွာခရိုင် ပကဖရဲ့ ကွပ်ကဲမှုနဲ့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း၊ မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း၊ မုံရွာခရိုင် ဗျူဟာ ၆၆ တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း၊ ယင်းမာပင်ခရိုင် 9+1 တပ်ရင်း၊ Burma Army (BA) အမှတ် ၁ တပ်ရင်း၊ မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့၊ ရွှေဘိုခရိုင်ဒရုန်းတပ်ဖွဲ့၊ ဘုတလင်မြို့နယ် ပကဖ၊ ရေဦးမြို့နယ် ပကဖနဲ့ ဒီပဲယင်းမြို့နယ် ပကဖ တွေက တော်လှန်ရေး​ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

    ဘုတလင်မြို့နယ်တပ်ပေါင်းစု စစ်ကြောင်းမှူး ကိုကြွက်ကလေးက “ကျနော်တို့ ဘုတလင်မြို့ဆိုတာ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အရမ်းနီးတယ်။ စကစရဲ့ အတုအယောင် ရွေးကောက်ပွဲ ကျင်းပမဲ့နေ့မှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရင်းနဲ့ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ မဲရုံအဖြစ် သတ်မှတ်ထားတဲ့နေရာ ၂ ခုကို အဲဒီနေ့ မနက် ၅ နာရီလောက်ကနေ နေ့လယ် ၂ နာရီလောက်အထိ တိုက်ပွဲဖြစ်ခဲ့ကြတာဆိုတော့ တိုက်ပွဲက ၉ နာရီလောက် ကြာခဲ့ပြီး မြို့ကို ယာယီ ခေတ္တ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ရန်သူ့ဘက်က Y12 နဲ့ ၈ ကြိမ်၊ ပါရာမော်တာတွေနဲ့ ၉ ကြိမ်၊ အသေခံဒရုန်းတွေနဲ့ ၆ ကြိမ် လေကြောင်းပစ်ကူတွေ ပေးခဲ့တယ်။ နမခ ထဲကနေလည်း ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ပါ ပစ်ကူပေးခဲ့သလို မြေပြင်စစ်ကူတွေ ပို့လာလို့ တိုက်ပွဲက အချိန်ပိုကြာသွားခဲ့တာ။ တိုက်ပွဲအချိန်ကြာလာတော့ မြို့ကို ယာယီထိန်းသိမ်းထားနိုင်ပြီးမှ ကျနော်တို့ဘက်က ခဲယမ်းမ​လုံလောက်တာကြောင့်မို့လို့ ခဏပြန်ဆုတ်လာခဲ့ကြတာပါ” လို့ ပြောပါတယ်။

    ​ဘုတလင်မြို့သိမ်းတိုက်ပွဲအတွင်း ပါဝင်ခဲ့ကြတဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ဘုတလင်မြို့ကနေ ​ခဲယမ်းလုံလောက်မှု မရှိတာကြောင့် မြို့ပေါ်ကနေ ယာယီ ပြန်လည်ဆုတ်ခွာပေးခဲ့ရပေမဲ့ ဒီဇင်ဘာ ၃၁ ရက်အထိ မြို့ပြင်ကနေ ဝိုင်းဝန်းပိတ်ဆို့ထားဆဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

    တိုက်ပွဲအရှိန် ပြင်းထန်နေတာကြောင့် ဘုတလင်မြို့ပေါ်က ပြည်သူတွေဟာ မြို့ကို စွန့်ခွာသွားကြပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အထွက်ဂိတ်တွေကနေ ပိတ်ဆို့တားဆီးတာတွေ ပြုလုပ်နေကြလို့ မြို့ခံပြည်သူတွေဟာ တိုက်ပွဲတွေအတွင်း မြို့ပေါ်မှာ ပိတ်မိနေကြသလို ဘုတလင်မြို့ပေါ်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းတွေနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း ဘုတလင်မြို့နယ်ထဲက ကံသစ်ရွာမ၊ ကံသစ်အရှေ့၊ ကံသစ်အနောက်၊ ဇီးတောအရှေ့၊ ဇီးတောအနောက်၊ ရွှေတောင်၊ ရွာရှည်အရှေ့၊ ရွာရှည်အနောက်၊ သပြေပင်၊ နေပူကုန်း၊ လွှဲတဲ၊ သမန်းတော၊ ကျီးပင်ချောင်၊ ညောင်ပင်ကန်၊ ညောင်ရိပ်သာ၊ မှန်တော၊ ထနောင်းကုန်း စတဲ့ကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၃၀ နီးပါးက ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဘုတလင်မြို့နယ် လူသားစာနာအဖွဲ့ဆီကနေ သိရပါတယ်။

  • ဂျပန် တံတားပေါ်မှာ အမျိုးသားတယောက်  ဓားနဲ့လေးချက် ထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ အလုခံရ

    ဂျပန် တံတားပေါ်မှာ အမျိုးသားတယောက် ဓားနဲ့လေးချက် ထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ အလုခံရ

    ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဒေါပုံတံတား(ဂျပန်တံတား) ပေါ်မှာ ဒီဇင်ဘာ ၃၁ ရက်နေ့ ၊နယူးရီးယား ညက အမျိုးသားတယောက် ဓားနဲ့ လေးချက် ထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ ၆၀၀၀ လုယက်ခံ ခဲ့ရတယ်လို့ သိရပါတယ်။

    ဖြစ်စဥ်မှာ ညက ၁၀ နာရီ ၄၅ မိနစ်လောက် ဒေါပုံတံတား ၊ မင်္ဂလာတောင်ညွန့် မြို့နယ် ဘက်အခြမ်းမှာ အဆိုပါ အမျိုးသားက လမ်းလျှောက် နေစဥ် အမည်မသိ အမျိုးသား နဲ့ အမျိုးသမီး တို့က ရောက်ရှိလာပြီး ဓားနဲ့ ထိုးကာ ဖုန်းနဲ့ ငွေသားအနည်းငယ်ကို လုယက်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။

    ” လည်ပင်း ဓားဒဏ်ရာတချက် ၊ ဘယ်နား ထိုးသွင်း ဒဏ်ရာ တချက် ၊ ကျောကုန်း ပြတ်ရှ ဒဏ်ရာ ၊ လက်မောင်း ပြတ်ရှ ဒဏ်ရာ တွေ့ရတယ် ။ မျက်မြင်တော့ ဓားဒဏ်ရာ လေးချက် မြင်ရတယ်။ ကျွန်တော်တို့ ရောက်တော့ လူနာက လည်ပင်း ဒဏ်ရာက သွေးထွက်နေတာကို သူ့ဘာသာ အုပ်ပြီး ထိုင်နေတာ တွေ့ရတယ်။ဖုန်းအဟောင်း တလုံးနဲ့ ပိုက်ဆံ အနည်းငယ် ပါသွားတယ် သိရတယ်။ ဓားနဲ့ ထိုးပြီး လုယက်ခံရတာကို လုံခြုံရေး ယူထားတဲ့ ရဲတွေက တွေ့ပြီး ကျွန်တော်တို့ ကိုလှမ်းဆက်လို့ သွားတာပါ။ ” လို့ သစ္စာမဏ္ဍိုင် လူမှုကူညီရေး အသင်း တာဝန်ရှိသူက ပြောပါတယ်။

    ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားကိုတော့ သစ္စာမဏ္ဍိုင် လူမှုကူညီရေး အသင်းကပဲ ရန်ကုန် ဆေးရုံကြီးကို အရေးပေါ် ပို့ ဆောင်ပေးခဲ့ တယ်လို့ သိရပါတယ်။

    အလားတူ ဒီဇင်ဘာ ၃၁ ရက်၊ မနက်ပိုင်းကလည်း သန်လျင်မြို့နယ် ၊ အောင်မင်္ဂလာရပ်ကွက်မှာ နေ အိမ်ရှေ့ တံမြက်စည်း လှဲနေတဲ့ အမျိုးသမီးတယောက်ကို မျက်နှာ ဓားနဲ့ လှီးပြီး ဆွဲကြိုးလုယက်မှု ဖြစ်စဥ် ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ် ။

    ရန်ကုန် အပါအဝင် တိုင်းနဲ့ ပြည်နယ် အများစုမှာ ယခုလို ဓားနဲ့ထိုးပြီး လုယက်မှုတွေ ၊ ဓားထောက် လုယက်မှုတွေ ၊ ရိုက်နှက် လုယက်မှုတွေ မကြာခဏ ဖြစ်ပွားမှု ရှိနေပြီး လူသေဆုံးတဲ့အထိ ဖြစ်စဥ်တွေလည်း ရှိထားတယ်လို့ သိရပါတယ်။

    လုယက်မှု ဖြစ်စဥ်အများစုက မနက်အစောပိုင်း နဲ့ ညပိုင်း တွေမှာ ဖြစ်ပွားလေ့ရှိတာ တွေရသလို မွန်းလွဲပိုင်း လူသွားလူလာ နည်းတဲ့ အချိန်တွေမှာ လည်း ​ဖြစ်ပွားလေ့ ရှိတာကို ဖြစ်စဥ်တွေ အရ သိရှိရပါတယ်။

    ဓာတ်ပုံ – သစ္စာမဏ္ဍိုင်