တန်ဖိုးကြီးပစ္စည်းပျောက်မည်ဟု ဟောကိန်းထုတ်ပြီး ဖုန်းခိုးခဲ့သည့် ပတ္တရားမှ ဗေဒင်ဆရာ အဖမ်းခံရ

ပတ္တရားမြို့မှ ဗေဒင်ဆရာတစ်ဦးသည် အမျိုးသမီးငယ်တစ်ဦးအား နှစ်သစ်ကူးနေ့တွင် တန်ဖိုးရှိသော ပစ္စည်းတစ်ခု ပျောက်ဆုံးလိမ့်မည်ဟု ဟောကိန်းထုတ်ပြီးနောက် ၎င်းအမျိုးသမီး၏ လက်ကိုင်ဖုန်းကို ခိုးယူခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီ ၆ မိနစ်ခန့်တွင် ချောင်ဘူရီခရိုင်၊ တောင်ပိုင်းပတ္တရားရှိ ချိုင်မွန်ခိုး ဘုရားကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပတ္တရားမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဘတ်ငွေ ၂၀,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၅၈၀ ခန့်) တန်ဖိုးရှိသော iPhone 13 Pro ဖုန်းတစ်လုံး ခိုးယူခံရကြောင်း သတင်းအရ လာရောက်စစ်ဆေးချိန်တွင် အခင်းဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးသမားများနှင့် လမ်းသွားလမ်းလာများက အသက် ၃၈ နှစ်အရွယ် ဗေဒင်ဆရာ Udomsap Mueangkaew ဆိုသူကို ဝိုင်းဝန်းဖမ်းဆီးထားပြီး ဖြစ်သည်။

ရဲတပ်ဖွဲ့သည် အသက် ၁၉ နှစ်အရွယ် မပင်း (အမည်လွှဲ) ၏ ဖုန်းကို သံသယရှိသူ၏ ပခုံးလွယ်အိတ်အတွင်းရှိ နှာခေါင်းစည်း (Mask) ဘူးထဲတွင် ဝှက်ထားသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

မပင်း၏ ပြောပြချက်အရ ယင်းအမျိုးသားသည် လူကြီးလူကောင်းတစ်ဦးကဲ့သို့ ဝတ်စားပြင်ဆင် ပြောဆိုပြီး ဘုရားကျောင်းရှေ့ ပလက်ဖောင်းပေါ်တွင် ဖျာခင်းကာ လမ်းသွားလမ်းလာများကို ဗေဒင်ဟောရန် ခေါ်ယူနေခဲ့ကြောင်း၊ သူမက ထိုသူကို သနားသောကြောင့်လည်းကောင်း၊ နှစ်သစ်ကူးနေ့တွင် ကုသိုလ်ရစေရန်အတွက်လည်းကောင်း ဗေဒင်မေးမြန်းခဲ့ကြောင်း၊ ဖဲချပ်များဖြင့် ဗေဒင်ဟောပေးနေစဉ်အတွင်း ယင်းအမျိုးသားက သူမအနေဖြင့် မကြာမီ ကံဆိုးမှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ တန်ဖိုးရှိသော ပစ္စည်းတစ်ခု ပျောက်ဆုံးလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ယင်းကံဆိုးမှုကို ဖယ်ရှားရန်အတွက် ငွေပိုပေးရန် တောင်းဆိုခဲ့ရာ သူမကမူ မလိုအပ်ဟု ယူဆသောကြောင့် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ဗေဒင်ဟောပြီးနောက် သူမ၏တည်းခိုခန်းသို့ ပြန်ရန်ပြင်စဉ် ဗေဒင်ဟောနေချိန်က ဘေးတွင်ချထားသော သူမ၏ဖုန်း ပျောက်ဆုံးနေသည်ကို သတိပြုမိခဲ့ပြီး ထိုအချိန်တွင် ဗေဒင်ဆရာက သူ၏ဟောကိန်းမှာ မည်မျှမှန်ကန်ကြောင်း ကြွားဝါနေသည့်အပြင် ခိုးသွားသည့်သူ၏ ပုံပန်းသဏ္ဍာန်ကိုပင် ဖော်ပြပြောဆိုနေခဲ့ကြောင်း သိရသည်။

မပင်းက သံသယရှိလာသဖြင့် ကယ်ဆယ်ရေးသမားများနှင့် လူထုကို အကူအညီတောင်းကာ ဗေဒင်ဆရာ၏ အိတ်ကို စစ်ဆေးရာမှ ဖုန်းကို ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်သေနှင့်တကွ မိသွားသောအခါ ၎င်းအမျိုးသားက ဖုန်းခိုးယူခဲ့ကြောင်း ဝန်ခံခဲ့ပြီး ယခုမှာ သူ၏ ပထမဆုံးအကြိမ် ကျူးလွန်ခြင်းဖြစ်ကြောင်း၊ နှစ်သစ်ကူးကာလအတွင်း ငွေလိုအပ်နေ၍ ဖြစ်ကြောင်း ပြောဆိုကာ ခွင့်လွှတ်ပေးရန် တောင်းပန်ခဲ့သည်။

သို့သော်လည်း မပင်းက နောက်ထပ်လူများကို ထပ်မံမကျူးလွန်စေရန်အတွက် ဥပဒေအရ အရေးယူပေးရန် အခိုင်အမာ တောင်းဆိုခဲ့သည့်အတွက် ရဲတပ်ဖွဲ့က ဗေဒင်ဆရာကို ဖုန်းနှင့် ဗေဒင်ဟောသည့် ကိရိယာများနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုင်းနိုင်ငံဥပဒေအရ အမှုဖွင့် အရေးယူရန် ပြင်ဆင်နေကြောင်း သိရသည်။

Ref: Khaosod English

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *