ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဒေါပုံတံတား(ဂျပန်တံတား) ပေါ်မှာ ဒီဇင်ဘာ ၃၁ ရက်နေ့ ၊နယူးရီးယား ညက အမျိုးသားတယောက် ဓားနဲ့ လေးချက် ထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ ၆၀၀၀ လုယက်ခံ ခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ညက ၁၀ နာရီ ၄၅ မိနစ်လောက် ဒေါပုံတံတား ၊ မင်္ဂလာတောင်ညွန့် မြို့နယ် ဘက်အခြမ်းမှာ အဆိုပါ အမျိုးသားက လမ်းလျှောက် နေစဥ် အမည်မသိ အမျိုးသား နဲ့ အမျိုးသမီး တို့က ရောက်ရှိလာပြီး ဓားနဲ့ ထိုးကာ ဖုန်းနဲ့ ငွေသားအနည်းငယ်ကို လုယက်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။
” လည်ပင်း ဓားဒဏ်ရာတချက် ၊ ဘယ်နား ထိုးသွင်း ဒဏ်ရာ တချက် ၊ ကျောကုန်း ပြတ်ရှ ဒဏ်ရာ ၊ လက်မောင်း ပြတ်ရှ ဒဏ်ရာ တွေ့ရတယ် ။ မျက်မြင်တော့ ဓားဒဏ်ရာ လေးချက် မြင်ရတယ်။ ကျွန်တော်တို့ ရောက်တော့ လူနာက လည်ပင်း ဒဏ်ရာက သွေးထွက်နေတာကို သူ့ဘာသာ အုပ်ပြီး ထိုင်နေတာ တွေ့ရတယ်။ဖုန်းအဟောင်း တလုံးနဲ့ ပိုက်ဆံ အနည်းငယ် ပါသွားတယ် သိရတယ်။ ဓားနဲ့ ထိုးပြီး လုယက်ခံရတာကို လုံခြုံရေး ယူထားတဲ့ ရဲတွေက တွေ့ပြီး ကျွန်တော်တို့ ကိုလှမ်းဆက်လို့ သွားတာပါ။ ” လို့ သစ္စာမဏ္ဍိုင် လူမှုကူညီရေး အသင်း တာဝန်ရှိသူက ပြောပါတယ်။

ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားကိုတော့ သစ္စာမဏ္ဍိုင် လူမှုကူညီရေး အသင်းကပဲ ရန်ကုန် ဆေးရုံကြီးကို အရေးပေါ် ပို့ ဆောင်ပေးခဲ့ တယ်လို့ သိရပါတယ်။
အလားတူ ဒီဇင်ဘာ ၃၁ ရက်၊ မနက်ပိုင်းကလည်း သန်လျင်မြို့နယ် ၊ အောင်မင်္ဂလာရပ်ကွက်မှာ နေ အိမ်ရှေ့ တံမြက်စည်း လှဲနေတဲ့ အမျိုးသမီးတယောက်ကို မျက်နှာ ဓားနဲ့ လှီးပြီး ဆွဲကြိုးလုယက်မှု ဖြစ်စဥ် ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ် ။
ရန်ကုန် အပါအဝင် တိုင်းနဲ့ ပြည်နယ် အများစုမှာ ယခုလို ဓားနဲ့ထိုးပြီး လုယက်မှုတွေ ၊ ဓားထောက် လုယက်မှုတွေ ၊ ရိုက်နှက် လုယက်မှုတွေ မကြာခဏ ဖြစ်ပွားမှု ရှိနေပြီး လူသေဆုံးတဲ့အထိ ဖြစ်စဥ်တွေလည်း ရှိထားတယ်လို့ သိရပါတယ်။
လုယက်မှု ဖြစ်စဥ်အများစုက မနက်အစောပိုင်း နဲ့ ညပိုင်း တွေမှာ ဖြစ်ပွားလေ့ရှိတာ တွေရသလို မွန်းလွဲပိုင်း လူသွားလူလာ နည်းတဲ့ အချိန်တွေမှာ လည်း ဖြစ်ပွားလေ့ ရှိတာကို ဖြစ်စဥ်တွေ အရ သိရှိရပါတယ်။
ဓာတ်ပုံ – သစ္စာမဏ္ဍိုင်


Leave a Reply