Category: News

  • သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်သံ)

    သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်သံ)

    သီတဂူဆရာတော် ဦးဉာဏိဿရ နဲ့ ဥူးဝီရသူ တို့ကို မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု လှုံ့ဆော်သူအဖြစ် ဂမ်ဘီယာနိုင်ငံဘက်ကရှေ့နေ (Mr Arsalan Suleman) က သက်သေ တင်သွင်းခဲ့ပါတယ်။

    နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာ ကျင်းပနေတဲ့ မြန်မာစစ်တပ်ရဲ့လူမျိုးတုန်း သတ်ဖြတ်မှု နဲ့ ပတ်သက်လို့ ကြားနာပွဲပြန်လည်စတင်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ တရားခွင်မှာ သီတဂူဆရာတော်နဲ့ ဥူးဝီရသူတို့ အပါအဝင်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) တွေဟာ စစ်တပ်ရဲ့လူမျိုးတုံး သတ်ဖြတ်မှုအတွက်လှုံ့ဆော်ခဲ့သူတွေ ဖြစ်ကြောင်းသက်သေ တင်သွင်းခဲ့တာဖြစ်ပါတယ်။

    အမျိုးသားရေးအစွန်းရောက်အဖွဲ့ လို့ ဝေဖန်ခံရတဲ့ မဘသ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ကြီးထွားလာခဲ့ပြီး ဘာသာရေးကိုအခြေခံတဲ့ ပဋိပက္ခတွေ၊ လူမျိုးရေးပဋိပက္ခတွေ နဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွေအထိ သွေးထိုးလှုံ့ဆော်မှု တွေ ရှိခဲ့တယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။

    လူမျိုးတုံးသတ်ဖြတ်မှု သီတဂူဆရာတော်နှင့် ဦးဝီရသူတို့ လှုံ့ဆော်ခဲ့ဟု ICJ ၌ တင်

    စစ်တပ်၏ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွင် သီတဂူဆရာတော်၊ ဦးဝီရသူတို့ အပါအဝင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ အစွန်းရောက် ဘုန်းကြီးများက ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများ ဖြန့်ချိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ဂမ်ဘီယာနိုင်ငံရှေ့နေ Arsalan Suleman က ဇန်နဝါရီ ၁၂ ရက် အမှုပြန်လည်စတင် ကြားနာမှုအတွင်း သက်သေအဖြစ် တင်သွင်းခဲ့သည်။

    အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ ဘုန်းကြီးများထဲမှ အထင်ရှားဆုံးဖြစ်သည့် ဦးဝီရသူသည် ရိုဟင်ဂျာ များအပေါ် နှိမ့်ချသည့်စကားလုံးများ မကြာခဏ သုံးနှုန်းခဲ့သလို စစ်တပ်မှလည်း ဦးဝီရသူ၏ ရိုဟင်ဂျာမုန်းတီးရေးသတင်း စကားများအား Facebook ၌ ပြန်လည်ဖြန့်ဝေခဲ့ကြောင်း၊ ၂၀၂၃ ဇန်နဝါရီ ၄ ရက်တွင်လည်း နိုင်ငံအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေသည်ဟုဆိုကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဝီရသူကို သီရိပျံချီဘွဲ့ပေးအပ်ခဲ့ ကြောင်း ဖော်ပြထားသည်။

    ၂၀၁၆ ခုနှစ်နှောင်းပိုင်း ရိုဟင်ဂျာများအပေါ် ပထမအကြိမ် သတ်ဖြတ်တိုက်ခိုက်မှုများအပြီး မဘသ ဘုန်းကြီး ဦးဝီရသူသည် ပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ သွားရောက်ကာ စစ်တပ်အရာရှိများနှင့် တွေ့ဆုံခဲ့သည်ဟု ဂမ်ဘီယာနိုင်ငံရှေ့နေက တင်သွင်းသည်။

    ထို့ပြင် မြန်မာနိုင်ငံ၏ နာမည်ကြီးဘုန်းကြီး သီတဂူဆရာတော်ကလည်း ၂၀၁၇ အောက်တိုဘာလ ရိုဟင်ဂျာများအား နယ်မြေရှင်းလင်းရေးဆိုကာ သတ်ဖြတ်မှုများအတွင်း တရားပွဲတခုပြုလုပ်ခဲ့ပြီး စစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အပြစ်မှလွတ်ငြိမ်းခွင့်ပြုခဲ့သည်ဟု ဆိုသည်။

    သီတဂူ၏ ဟောပြောချက် အပြည့်အစုံကိုပါ တင်သွင်းခဲ့ပြီး ယင်းဟောကြားမှုအား စစ်တပ်မှ ၎င်းတို့၏ လူမှုကွန်ရက်စာ မျက်နှာတွင် ၁၁ ကြိမ်တိုင် တင်ခြင်းဖြင့် ရိုဟင်ဂျာများသည် ဗုဒ္ဓဘာသာဝင်များ မဟုတ်သည့်အတွက် ကောင်းခြင်းမကောင်း ခြင်းကို မသိသော တိရစ္ဆာန်များသကဲ့သို့ ဖြစ်နေသဖြင့် ၎င်းတို့အား သတ်ဖြတ်ခြင်းသည် အကုသိုလ်မဟုတ်ဆိုသည့် သတင်းစကားကို ရှင်းလင်းစွာဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း ဂမ်ဘီယာနိုင်ငံရှေ့နေက ပြောကြားသည်။

    ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည့်အမှုအား နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ကြားနာစစ်ဆေးမှုများကို ဇန်နဝါရီ ၁၂ ရက်တွင် စတင်ပြုလုပ်နေခြင်း ဖြစ်သည်။

  • မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးခိုင်းစေမှုစနစ် အရပ်သားအစိုးရ၏ အုပ်ချုပ်စီမံခန့်ခွဲမှုအောက်တွင် ရှိမနေဟု ICJ တရားရုံးသို့ ဂမ်ဘီယာ တင်ပြ

    မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးခိုင်းစေမှုစနစ် အရပ်သားအစိုးရ၏ အုပ်ချုပ်စီမံခန့်ခွဲမှုအောက်တွင် ရှိမနေဟု ICJ တရားရုံးသို့ ဂမ်ဘီယာ တင်ပြ

    စစ်တပ်၏ ကျူးလွန်မှုများအတွက် တရားမျှတမှု ရယူရန် အသက်ရှင် လွတ်မြောက်လာသော ရိုဟင်ဂျာများက မျှော်လင့်

    ရခိုင်ပြည်တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သော မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးခိုင်းစေမှုစနစ်မှာ အရပ်သားအစိုးရ၏ အုပ် ချုပ်စီမံခန့်ခွဲမှုအောက်တွင် ရှိမနေကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး- ICJ သို့ ဂမ်ဘီယာနိုင်ငံက တင်ပြခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနတချို့က ရေး သား ဖော်ပြထားသည်။

    ဇန်နဝါရီလ ၁၂ ရက်နေ့ ICJ တရားရုံးသို့ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက သက်သေနှင့် အမှုအကြောင်းအရာများကို တင်သွင်းရာတွင် ယင်းအချက်ကိုလည်း ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

    ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် စစ်တပ်က ရခိုင်ပြည်တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ပြီး ယင်းအချိန်တွင် လူထု ရွေးကောက်တင်မြှောက်ထားသော NLD အစိုးရက အုပ်ချုပ်နေချိန်လည်းဖြစ်သည်။

    လက်ရှိ ICJ တရားရုံးတွင် ပြန်လည် စတင်နေသော ကြားနာမှုများမှတစ်ဆင့် စစ်တပ်၏ အကြမ်းဖက်မှုရန်မှ လွတ်မြောက်လာသော ရိုဟင်ဂျာများက ၎င်းတို့ကျူးလွန်ခံခဲ့ရမှုများအတွက် တရားမျှတမှု ရရှိရန်နှင့်အနာဂတ်လူမျိုးတုံးသတ်ဖြတ်မှု များအတွက် စံနမူနာတစ်ခုကို ICJ တရားရုံးက ချမှတ်ပေးလိမ့်မည်ဟု မျှော်လင့်နေကြကြောင်း ဗြိတိန်ဂါးဒီးယန်းသတင်းစာက ရေးသားဖော်ပြသည်။

    “နောက်ဆုံးတော့ ကျွန်မတို့ရဲ့အသံတွေကို ကြားနေရပြီး အသိုင်းအဝိုင်းအတွက် အပြုသဘောဆောင်တဲ့ တစ်ခုခုဖြစ်လာတော့မယ်လို့ ခံစားရပါတယ်” ဟု အမည်လွှဲထားသော ရိုဟင်ဂျာတစ်ဦးဖြစ်သူ Monaira က ဂါးဒီးယန်သတင်းစာသို့ ပြောဆိုသည်။

    ၂၀၁၇ ခုနှစ်တွင် စစ်တပ်က ရိုဟင်ဂျာရွာများကို နယ်မြေ ရှင်းလင်းရချိန် စတင်ခဲ့ချိန်တွင် Monairaမှာလည်း မြန်မာနိုင်ငံရှိ သူမ၏နေအိမ်မှ ထွက်ပြေးရန် အတင်းအကျပ်ခိုင်းစေခံခဲ့ရသည်။

    အကြမ်းဖက်မှုအတွင်း Monaira ၏အစ်ကိုကို စစ်တပ်က ခေါ်ဆောင်သွားပြီး ပစ်သတ်ကာ ၎င်း၏အိမ်ကို မီးရှို့ခဲ့သည်။ “ကလေးတွေကို ကျွန်မမျက်စိရှေ့မှာတင် မီးထဲပစ်ထည့်လိုက်တာပါ” ဟု စစ်သားများ၏ မုဒိမ်းကျင့်မှုခံခဲ့ရသော Monaira က ပြောဆိုသည်။

    Monaira မှာ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော နှိမ်နင်းမှုများမှ အသက်ရှင်ကျန်ရစ်သူများထဲတွင် ပါဝင်ပြီး ICJ တရားရုံးတွင် မြန်မာစစ်တပ်၏ ကျူးလွန်မှုကို ပြန်လည် ကြားနာစစ်ဆေးနေသည့်အတွက် ကြာမြင့်စွာ စောင့်ဆိုင်းနေသော တရားမျှတမှုအတွက် ခြေလှမ်းတစ်ခု နီးကပ်လာပြီဟု ဆိုသည်။

    ဂမ်ဘီယာမှ တင်သွင်းခဲ့သော အမှုသည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေခဲ့သည့် စစ်ရေးစစ်ဆင်ရေးများကို အခြေခံထားသည်။

    “ကျနော်တို့ တရားမျှတမှုကို တောင်းဆိုပါသည်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကော့စ်ဘဇား ဒုက္ခသည်စခန်းမှ ဟိဂ်မြို့သို့ ကြားနာပွဲများကို နားထောင်ရန် ရောက်ရှိလာသော မိုနိုင်ရာက ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံကို တရားစွဲထားသော ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုမှာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ICJ မှ ကြားနာခဲ့သော ပထမဆုံး လူမျိုးတုံးသတ်ဖြတ်မှုအမှုဖြစ်ပြီး အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စွပ်စွဲသည့် တောင်အာဖရိက၏အမှု အပါအဝင် အနာဂတ်စွပ်စွဲချက်များကို မည်သို့အကဲဖြတ်မည်ကို ရှေ့ပြေးနမူနာတစ်ခု ချမှတ်နိုင်ဖွယ်ရှိသည်။

    ဂမ်ဘီယာနိုင်ငံက ဇန်နဝါရီလ ၁၂ ရက်နေ့မှ ဇန်နဝါရီလ ၁၅ ရက်နေ့ အထိ ပထမဆုံး လျှောက်လဲချက် တင်ပြလျက်ရှိပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် စနစ်တကျ ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ရိုဟင်ဂျာများကို မျိုးနွယ်စု တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းမှုနှင့် ရွာများကို မီးရှို့မှုများ ကျူးလွန်ခဲ့ကြောင်း တင်ပြထားသည်။

    “ဒီအမှုကို ကျွန်တော်တို့ ပေါ့ပေါ့တန်တန် မတင်ပြခဲ့ပါဘူး။ နှစ်ပေါင်းများစွာ လူသားချင်းစာနာမှု ကင်းမဲ့ပြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ အားနည်းတဲ့ အုပ်စုတစ်စုအပေါ် ကျူးလွန်ခဲ့တဲ့ အဆိုးရွားဆုံးနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ချိုးဖောက်မှုတွေရဲ့ ယုံကြည်စိတ်ချရတဲ့ အစီရင်ခံစာတွေကို ပြန်လည်သုံးသပ်ပြီးနောက် ဒီအမှုကို ကျွန်တော်တို့ တင်ပြခဲ့တာပါ။”ဟု ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောဆိုသည်။

    မြန်မာစစ်တပ်က ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များကို ငြင်းဆိုပြီး ဇန်နဝါရီလ ၁၆ ရက်နေ့မှ ဇန်နဝါရီ ၂၀ ရက်နေ့ အထိ ခုခံလျှောက်လဲချက်များ တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    ထူးခြားချက်မှာ အသက်ရှင်ကျန်ရစ်သူများက ICJ တရားရုံးတွင် သက်သေအထောက်အထားများ တင်ပြကြမည်ဖြစ်သည်။

    ဗြိတိန်အခြေစိုက် Burmese Rohingya Organization (BRI) ၏ ဥက္ကဋ္ဌ ဦးထွန်းခင်က ဆယ်စုနှစ်များစွာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီးနောက် ICJ အမှုမှာ မြန်မာစစ်တပ်အနေဖြင့် နိုင်ငံတကာတရားရုံးတွင် မိမိကိုယ်ကိုယ် ကာကွယ်ရသည့် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    တရားမျှတမှုနှင့် တာဝန်ခံမှုဆီသို့ ရှည်လျားသောလမ်းကြောင်းပေါ်တွင် ကြီးမားသောခြေလှမ်းတစ်ခုဖြစ်သည် ဟု ဦးထွန်းခင်က မှတ်ချက်ပြုသည်။

    ၂၀၂၀ ခုနှစ်တွင် ICJ က ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအကြမ်းဖက်မှုကို ကာကွယ်ရန်နှင့် အတိတ်က ရာဇဝတ်မှုများ၏ အထောက်အထားများကို ထိန်းသိမ်းရန် မြန်မာနိုင်ငံအပေါ် အရေးပေါ် “ယာယီအစီအမံများ” ချမှတ်ခဲ့သော်လည်း စစ်တပ်က ရက်စက်ကြမ်းကြုတ်မှုများကို ဆက် လက် ကျူးလွန်နေသည်ဟု နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများက ဆိုကြသည်။

    ICJ အမှုမှာ လူပုဂ္ဂိုလ်များအပေါ် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုတစ်ခု မဟုတ်သော်လည်း မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအရ ၎င်း၏ တာဝန်ဝတ္တရားများကို ချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်မည်ဖြစ်သည်။

    အခြားတစ်ဖက်တွင်လည်း ၂၀၁၉ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ရိုဟင်ဂျာများ အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ICC ၏ ရှေ့နေက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် ICC တရားရုံးသို့ တင်ပြထားသည်။

    ရိုဟင်ဂျာဒုက္ခသည်များနှင့် လက်တွဲ အလုပ်လုပ်နေသော Legal Action Worldwide ၏ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက် တာ Antonia Mulvey က ICJ က ၆ လမှ ၁၂ လအတွင်း စီရင်ချက်ချမှတ်နိုင်ကြောင်း၊ တရားရုံး၏ အမိန့်များကို မြန်မာနိုင်ငံက လက်ရှိမှာ အကောင်အထည်ဖော်မှု မရှိသည့်တိုင် အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်လာမည်ဟုဆိုသည်။

    “အခြေအနေတွေ ပြောင်းလဲနိုင်ပြီး တစ်ညတည်းနဲ့ အစိုးရအပြောင်းအလဲဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့၊ တရားရုံးအမိန့်ကလည်း ဆက်ရှိနေမှာပါ” ဟု Antonia Mulvey က ထုတ်ဖော်ပြောဆိုသည်။

  • ဩစတြေးလျလက်ထောက်ဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် Dean Smith က မလေးရှားနှင့်ထိုင်းခရီးစဉ်တွင် NUG ကိုယ်စားလှယ်များ အပါအဝင် မြန်မာ့အရေးလှုပ်ရှားသူများ နှင့် တွေ့ဆုံမည်

    ဩစတြေးလျလက်ထောက်ဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် Dean Smith က မလေးရှားနှင့်ထိုင်းခရီးစဉ်တွင် NUG ကိုယ်စားလှယ်များ အပါအဝင် မြန်မာ့အရေးလှုပ်ရှားသူများ နှင့် တွေ့ဆုံမည်

    ဩစတြေးလျလက်ထောက်ဝန်ကြီးနှင့် အထက်လွှတ်တော်အမတ် Dean Smith က မလေးရှားနှင့်ထိုင်းခရီးစဉ်တွင် NUG ကိုယ်စားလှယ်များ အပါအဝင် မြန်မာ့အရေးလှုပ်ရှားသူများ နှင့် တွေ့ဆုံမည်

    ဩစတြေးလျအစိုးရ၏ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးရာ လက်ထောက်ဝန်ကြီးလည်းဖြစ်၊ အထက် လွှတ်တော်အမတ်လည်းဖြစ်သူ Dean Smith က မလေးရှားနှင့်ထိုင်းခရီးစဉ်အတွင်း NUG အစိုးရကိုယ် စားလှယ် နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အထက်လွှတ်တော်အမတ် Dean Smith က တရားဝင် သတင်းထုတ်ပြန်သည်။

    အထက်လွှတ်တော်အမတ် Dean Smith က ဩစတြေးလျအစိုးရ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဆိုင် ရာ လက်ထောက်ဝန်ကြီး တာဝန်ဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့ အထိ မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်ရန်ပုံငွေဖြင့် သွားရောက်မည့် အဆိုပါ ခရီးစဉ်အတွင်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ၊ ဘာသာရေးအခြေပြု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကိုယ် စားလှယ်များနှင့် တွေ့ဆုံကာ လက်ရှိမြန်မာ့အရေးနှင့် ပဋိပက္ခ၏ အကျိုးသက်ရောက်မှုများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုနှင့် လုံခြုံရေးအခြေအနေများ ဆက်လက်ဆိုးရွားနေပြီး အလွန်အရေးကြီးသော အချိန်အခါလည်းဖြစ်ကြောင်း၊ ထို့အပြင် မလေးရှားနှင့် ထိုင်းနိုင်ငံရှိ ဩစတြေး လျအစိုးရ အရာရှိများ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကိုယ်စားလှယ်များနှင့်အခြားလူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီများနှင့် တွေ့ဆုံခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ မြန်မာ့အကျပ်အတည်းအပေါ် အာဆီယံ (ASEAN) ၏ တုံ့ပြန်ဆောင်ရွက်မှု မည်မျှထိရောက်သည်ကို ပိုမိုနားလည်နိုင်ရန်၊ စစ်တပ်၏ “ရွေးကောက်ပွဲ” ဟု ခေါ်ဆိုသောအရာနှင့် ပတ်သက်သည့် လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဆန်းစစ်ရန်၊ အမေရိကန်ပြည်ထောင်စု၏ အချို့သော အကူအညီပေးရေး အစီအစဉ်များ ရုပ်သိမ်းလိုက်ခြင်း အပါအဝင် နိုင်ငံတကာ အကူအညီများ ပြောင်းလဲလာမှု၏ ကျယ်ပြန့်သော နောက်ဆက်တွဲသက်ရောက်မှုများကို နားလည်နိုင်ရန် ဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ ခရီးစဉ်တွင် အနောက်ဩစတြေးလျ (WA) ရှိ မြန်မာ့လူမှုအသိုင်းအဝိုင်းမှ အဖွဲ့ဝင်အချို့လည်း လိုက်ပါမည်ဖြစ်ပြီး ဆွေးနွေးမှုများမှ ရရှိလာသော အချက်အလက်များသည် အထက်လွှတ်တော်၏ “မြန်မာနိုင်ငံရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး” ဆိုင်ရာ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေး ရည်ညွှန်းကော်မတီ၏ စုံစမ်းစစ်ဆေးမှုများအတွက် တိုက်ရိုက် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရသည်။

  • မြန်မာစစ်ကော်မရှင်ကို စစ်ရာဇဝတ်မှုများဖြင့် အရေးယူပေးရန် တီမောနိုင်ငံတွင် တရားစွဲ

    မြန်မာစစ်ကော်မရှင်ကို စစ်ရာဇဝတ်မှုများဖြင့် အရေးယူပေးရန် တီမောနိုင်ငံတွင် တရားစွဲ

    စစ်ရာဇဝတ််မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် အရေးယူပေးရန် မြန်မာစစ်ကော်မရှင်ကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တီမောလက်စတေးနိုင်ငံ ၊ ပြည်သူ့အစိုးရရှေ့နေရုံးသို့ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားစာတင်သွင်းလိုက်သည်။

    အဆိုပါ အမှုကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ ဦးဆောင်ပြီး တီမောစတေးနိုင်ငံ ၊ ဒီလီမြို့ ၌ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း CHRO က ဇန်နဝါရီ ၁၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

    အဆိုပါအမှုတွဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအား အုပ်စုလိုက်မုဒိမ်းကျင့်မှု ၊ ဂျာနယ်လစ်တဦးနှင့် ကလေးငယ်တဦးအပါအဝင် လူ၁၀ဦးအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၊ ခရစ်ယာန်ဓမ္မဆရာ လေးဦးသတ်ဖြတ်မှု ၊ လေ ကြောင်းမှ ပြင်းထန်စွာတိုက်ခိုက်သဖြင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းလေး ဦးနှင့် လူနာလေးဦးသေဆုံးမှုနှင့် ဘုရားကျောင်းများအဆက်မပြတ်တိုက်ခိုက်မှုဖြစ်စဥ်များကို သက်သေဖြင့်တင်သွင်းထားကြောင်း ဖော်ပြထားသည်။

    တိုင်ကြားစာပါ ရာဇဝတ်မှုဖြစ်စဉ် အများစုသည် ချင်းပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

    တီမောလက်စတေးနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို လက်ခံထားသဖြင့် မည်သည့်နိုင်ငံသားက မည်သည့်နေရာတွင် ကျူးလွန်သည်ဖြစ်စေ အရေးယူ ပိုင်ခွင့်ရှိကြောင်းသိရသည်။

    “ဤအမှုသည် တီမောလက်စတေးနိုင်ငံ၏ တရားစီရင်ရေးစနစ်အပေါ် သက်ရောက်မှုဖိအား(အလုပ် ဖြစ်နိုင်ချေ) နည်းပါးသေးငယ်နိုင်တယ်။ သို့ပေမဲ့ ကျွန်ုပ်တို့တင်သွင်းထားသည့် သက်သေအားလုံးကို ချင်းလူ့အခွင့်အရေးအဖွဲ့က စနစ်တကျမှတ်တမ်းတင်ခဲ့တာဖြစ်တယ်။ထပ်မံပြီးအကြောင်းအရာခိုင် လုံအားကောင်းဘို့အတွက်လည်း ပြန်လည်လုပ်ဆောင်ခဲ့တယ်” ဟု အမှု၏ အဓိကရှေ့နေနှစ်ဦးဖြစ် သော ဟိုဆေး ထိပ်ရှီးရားနှင့် နူနိုမာရာဇက်စ် တို့က ကြေညာချက်တွင် ပြောကြားထားသည်။

    ၎င်းအပြင် ကုလသမဂ္ဂက ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား(IIMM) တွင်လည်း စိစစ်အတည်ပြုထားသည့် သက်သေအထောက်အထားများရှိပြီး တီမောအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုအပိုင်းအဖြစ်အသုံးပြုရန် ပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း ၎င်းတို့ကဆိုသည်။

    အမှုဖြစ်စဥ်နှင့်ပတ်သက်ပြီး CHRO အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်ကလည်း “မြန်မာစစ်ကော်မရှင်တပ်ဖွဲ့တွေက အရပ်သားတွေအပေါ်ရည်ရွယ်ချက်ရှိရှိ ၊ စနစ်တကျ ၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် လက်နက်အင်အားမတန်တဆ အသုံးပြုခြင်းနှင့် အရပ်ဘက်စစ်ဘက် ပစ်မှတ် ခွဲခြားမှုမရှိဘဲ အကြမ်းဖက်တိုက်ခိုက်မှုများကျူးလွန်ခဲ့တယ်” ဟု ပြောကြားထားသည်။

    တီမောနိုင်ငံမှ ထိပ်တန်းနိုင်ငံရေးသမားများနှင့် ဩဇာရှိသူများသည် လူ့အခွင့်အရေးနှင့် တာဝန်ခံမှု အပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်နေသောကြောင့် ချင်းလူမျိုးများ၏ တရားမျှတမှုတောင်းဆိုသံကို တီမောပြည်သူများကြားသိလိမ့်မည်ဟု အလေးအနက်ယုံကြည်ကြောင်း ၎င်းကဆိုသည်။

    ချင်းပြည်နယ်၌ ၂၀၂၂ခုနှစ်မှစ၍ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁,၀၀၀ခန့် ပြုလုပ်ခဲ့ပြီး လူနေအိမ် ၄,၆၀၀ကျော်မီးလောင်ပျက်စီးကာ အမျိုးသမီးနှင့်ကလေးအပါအဝင်အရပ်သား ၄၇၈ဦးသေဆုံး၍ ဘာသာရေးအဆောက်အအုံ ၁၂၇ ခု ပျက်စီးခဲ့ကြောင်း CHRO မှတ်တမ်းများတွင်ဖော်ပြထားသည်။

    မြန်မာနိုင်ငံတဝန်တွင်လည်း ၂၀၂၅ခုနှစ် မတ်လကုန်ထိ စစ်ကော်မရှင်ကြောင့် အရပ်သား ၆,၄၇၃ဦး သေဆုံးခဲ့ပြီး လူပေါင်း ၃၀,၀၀၀ကျော်ဖမ်းဆီးခံခဲ့ရပြီး ၂၂,၀၀၀ကျော်မှာ ဆက်လက်ထိန်းသိမ်းခံနေ ရဆဲဖြစ်ကြောင်းသိရသည်။

    ၎င်းအပြင် လူဦးရေ ၃ ဒသမ ၅ သန်းကျော် (လူဦးရေ၏ ၅ ရာခိုင်နှုန်းကျော်) သည် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လူပေါင်းသန်း၂၀ ခန့်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်းတွက်ချက်ထားသည်။

    ယခုတိုင်ကြားမှုသည် မြန်မာ့အခြေအနေ ပြောင်းလဲရန်လိုအပ်နေပြီဆိုသည့် သတင်းစကားကို အာဆီယံဒေသတွင်းသို့ ပို့ပေးလိုက်ခြင်းဖြစ်ကြောင်း အရေးယူမှု ဖြစ်မြောက်လာအောင် ကူညီပေးနေသည့် တာဝန်ခံမှုရှိစေရေး စီမံချက်အဖွဲ့အစည်း (Myanmar Accountability Project) မှ ညွှန်ကြားရေးမှုး Chris Gunness က ပြောကြားထားသည်။

  • စောချစ်သူ သားပိုင်ဆိုင်သော အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရ

    စောချစ်သူ သားပိုင်ဆိုင်သော အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရ

    KNA ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ သားပိုင်ဆိုင်သော အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရပြီး အတင်းအဓမ္မအလုပ်ခိုင်းစေနေ

    ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ၏ သားဖြစ်သူ (၇၇၇) ဗျူဟာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီးစောထူးအဲ့မူး ပိုင်ဆိုင်သော မြဝတီမြို့ သဲပုံကျေးရွာအနီးရှိ Yulong Bay (ခေါ်) ရွှေပိတောက်မြိုင် အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရပြီး အတင်းအဓမ္မ အလုပ်ခိုင်းစေနေကြောင်း ၎င်းခြံဝန်းထဲမှ လွတ်မြောက်လာသူ တရုတ်နိုင်ငံသားတဦးထံမှ သိရသည်။

    BGFတပ်ဖွဲ့မှ KNAတပ်ဖွဲ့သို့ တရားဝင် အမည်ပြောင်းသည့် အခမ်းအနားကျင်းပသည့် ဇန်နဝါရီလ ၁ရက်နေ့တွင် နေ့တွင် ဗိုလ်ချုပ်စောချစ်သူ (ဘယ်) ဗိုလ်ချုပ်စောတင်ဝင်း (အလယ်) ဗိုလ်မှူးကြီးစောထူးအဲ့မူး (ညာ) ကိုတွေ့ရစဉ်

    ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် မြဝတီမြို့၊ အင်ကြင်းမြိုင်ကျေးရွာအနီးရှိ KK- Park အွန်လိုင်းငွေလိမ်ခြံဝန်း ပြိုကွဲသွားချိန်တွင် KK-Park ခြံဝန်းထဲမှ ရွှေဂျင်းဆိုက် – ၅ (A5) ရှိ ထုန်ရှင်ဂရုသည် မြဝတီမြို့ သဲပုံကျေးရွာအနီးရှိ Yulong Bay သို့ ပြောင်းရွှေ့သွားခဲ့သည်။

    ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းအဆောက်အဦ ခြံဝန်းများကို စစ်ကော်မရှင်က ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်နေသည့်အတွက် ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့်အဆောက်အဦထဲမှ ငွေလိမ်ဂိုဏ်းသားများသည် ထွက်ခွာလာပြီး Yulong Bay ထဲမှ ဝန်ထမ်းအိမ်ယာအဆောက်အဦဖြစ်သည့် ၁၉ လုံးတန်း အဆောက်အဦ၊ အတန်း(၂) ၊ အခန်း သုံးလွှာရှိ အလုပ်သမားများနေထိုင်သည့်နေရာများတွင် လျှို့ဝှက်စွာ အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေခဲ့ကြောင်း သိရသည်။

    “နေ့စဉ်နှိပ်စက်တာတွေရှိတယ်။ လက်သီးနဲ့ထိုး၊ ပါးရိုက်၊ မြေမှာဒူးထောက်ခိုင်းတယ်၊ အန်အောင်ရိုက်တယ်။ အိမ်ပြန်ချင်တယ်လို့ ပြောတဲ့သူတွေကို သေလောက်အောင် ရိုက်နှိက်တယ်။ အမှောင်ခန်းထဲထည့်ထားတယ်။ ဒေသခံစစ်တပ် (KNA) အချုပ်ခန်းထဲ ထည့်ထားတယ်၊ ခြိမ်းခြောက်တာတွေလုပ်တယ်” ဟု လွတ်မြောက်လာသူ တရုတ်နိုင်ငံသားတဦးမှ ပြောသည်။

    ထုန်ရှင်ဂရုမှ ငွေလိမ်အလုပ်သမားများသည် KK-Park ပြိုကွဲသွားချိန်တွင် Yulong Bay နဲ့ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသားတဦးကို တရုတ်မာဖီးယားဂိုဏ်းသားများ၏ ရိုက်နှက်မှုကြောင့် မျက်လုံးတွင် ၁၅ ချက်ချုပ်ရသည်အထိ ဒဏ်ရာရရှိခဲ့ပြီး မျက်လုံးပုံစံပျက်စီးခဲ့ကြောင်း သိရသည်။

    Yulong Bay အတွင်းရှိ ၁၉ လုံးတန်း အဆောက်အဦး ၃ ထပ်တိုက်များကို တွေ့ရစဉ်

    နှိပ်စက်ခံရသူ တရုတ်အမျိုးသား၏ မျက်လုံးပြန်ကောင်းလာချိန်တွင် အချုပ်ခန်းမှ ခေါ်ထုတ်ခဲ့ပြီး KNA တပ်ဖွဲ့ထံ လွှဲပြောင်းကာ တရုတ်နိုင်ငံကို ပြန်ပို့ခဲ့ကြောင်း သိရသည်။

    ဆက်လက်ပြီး “ အရင် သူဌေးအဟောင်းက ဖုန်းဆက်တောင်းပန်ပြီး သူကိုယ်တိုင်လာခေါ်မှ ပြန်ထည့်ပေးလိုက်ပြီး တရုတ်ကို ပြန်ပို့ပေးတာ။ သူသာ မလာရင် သေသွားနိုင်တယ်”ဟု ၎င်းက ပြောသည်။

    ရိုက်နှက်နှိပ်စက်သော လက်ရှိအလုပ်ရှင်အမည်မှာ အာဆင် ဆိုသူဖြစ်ပြီး အွန်လိုင်းတွင် ဂျင်းဇယ်လင်းအမည်ဖြင့် အသုံးပြုနေပြီး ၎င်း၏ လက်အောက်တွင် တန်စန်၊ ရှန်ထျန်းရှယ်နှင့် မိုဝမ်ဆိုပြီး မန်နေဂျာများရှိကြောင်း သိရသည်။

    ယင်းလက်အောက်ရှိ လူ့စွမ်းအားအရင်းအမြစ်ဌာန(HR)နှင့် ဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများသည် အလွန်ရက်စက်သည့် လုပ်ရပ်များကို နေ့စဉ်ပြုလုပ်နေကြောင်း ဆိုသည်။

    နေရပ်ပြန်ချင်သည့် လူကုန်ကူးခံရသည့် အလုပ်သမားများကို အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နှင့်အထက် တောင်းယူသလို ငွေကြေးပေးသော်လည်း နေရပ်ပြန်မလွှတ်ဘဲ ဆက်လက်ချုပ်နှောင်ထားကြောင်း သိရသည်။

    စောချစ်သူ၊ ၎င်း​၏ မိသားစုဝင်များနှင့် BGF/KNA ခေါင်းဆောင်အချို့​၏ မှတ်တမ်းဓါတ်ပုံများ

    ယင်းနေရာတွင် နိုင်ငံခြားသား ၅,၀၀၀ ကျော်က ငွေလိမ်လုပ်ငန်းကို လုပ်ကိုင်နေပြီး အများအပြားပိတ်မိနေကြောင်း သိရသည်။ Yulong Bay အွန်လိုင်းငွေလိမ်ခြံဝန်းနေရာသည် မြဝတီမြို့နှင့် ၁၀ မိုင်နီးပါး ကွာဝေးပြီး ထိုင်း−မြန်မာနယ်စပ် သောင်းရင်းမြစ်ဘေးတွင် တည်ရှိသည်။

    Yulong Bay ကို ရွှေပိတောက်မြိုင်ဟု ခေါ်ဆိုသလို ဒေသခံများက ဝမ်းခဟုလည်း ခေါ်ဆိုကြသည်။

    ၎င်း အွန်လိုင်းငွေလိမ်ခြံဝန်းကို ၂၀၂၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး Yulong Bay Resort Tourism Development Company Limited (Yulong Bay Park) မှ ဦးစီးလုပ်ကိုင်နေခြင်း ဖြစ်သည်။

    ထို Yulong Bay Park သည် KNAတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ (ယခင် BGF)၏ သားကြီးဖြစ်သူ စောထူးအဲမူးနှင့် စောစိုးလှိုင်ဦး၊ စောမင်းမင်းဦး၊ စင်ကာပူနိုင်ငံသား Aw Ziyang တို့က ရှယ်ယာများပိုင်ဆိုင်ထားကြောင်း Justice For Myanmar ၏ ထုတ်ပြန်သော အစီရင်ခံစာများတွင် ဖော်ပြထားသည်။

    Yulong Bay Resort Tourism Development Company Limited သည် မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်မှ စတင်ကာ တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ကြောင်း DICA တွင် ဖော်ပြထားသည်။

    မြဝတီမြို့ သဲပုံကျေးရွာ ထိုင်း−မြန်မာနယ်စပ် သောင်းရင်းမြစ်ဘေးတွင် တွေ့မြင်ရသည့် Yulong Bay Park / Google earth pro

    ထို့အပြင် Yulong Bay Park အနီးရှိ Royal Dragon Bay (၁၀၇ ဧက)နှင့် Apollo Park တို့တွင်လည်း အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြောင်း မဇ္ဈိမမှ စုံစမ်းသိရှိခဲ့သည်။

    နာဆာ၏ အာကာသဓာတ်ပုံများအရ ညဖက်မြင်ကွင်းများတွင် Yulong Bay Park၊ Royal Dragon Bay (၁၀၇ ဧက) နှင့် Apollo Park တို့တွင် မီးအလင်းရောင်များတွေ့မြင်ရပြီး အလုပ်ဆက်လက်လုပ်ကိုင်နေသည့် ပုံစံကိုလည်းတွေ့မြင်ခဲ့ရသည်။

    Apollo Park သည် Myanmar Apollo International Investment Company Limited (Apollo Park)မှ ဦးစီးလုပ်ကိုင်နေပြီး စောထူးအဲမူး၊ စောစိုးလှိုင်ဦး၊ တရုတ်နိုင်ငံသား Li Chunhuan ၊ ထင်အောင်နှင့် ဝင်းနိုင်တို့က ပါဝင်ကြကြောင်း Justice For Myanmar ၏ ထုတ်ပြန်သော အစီရင်ခံစာများတွင် ဖော်ပြထားသည်။

    KNA တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ၏ သားဖြစ်သူ စောထူးအဲ့မူးသည် အမှတ် (၃) စစ်ဒေသ (၇၇၇) ဗျူဟာတွင် ဗျူဟာမှူး ဗိုလ်မှူးကြီးရာထူးဖြင့် KNAတပ်ဖွဲ့တွင် အကြီးပိုင်းရာထူးကို ရယူထားသူ ဖြစ်သည်။

    ၂၀၂၅ ခုနှစ် မေလ ၅ ရက်နေ့တွင် ကရင်အမျိုးသားတပ်မတော် (KNA) (ယခင် BGF) ခေါင်းဆောင် စောချစ်သူနှင့် ၎င်း၏ သားနှစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးစောထူးအဲ့မူး နှင့် ဒုတိယဗိုလ်မှူးကြီးစောချစ်ချစ်တို့ကို အမေရိကန်နိုင်ငံမှ စီးပွားရေး အရေးယူပိတ်ဆို့မှုပြုလုပ်ခဲ့သကဲ့သို့ KNA တပ်ဖွဲ့ကိုလည်း နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်သည့်အဖွဲ့အဖြစ် သတ်မှတ်အရေးယူခဲ့သည်။