Category: News

  • အမျိုးသမီး ၉ ဦးကို မုဒိမ်းကျင့်ပြီး တားဆေးထိုး၍ ပြန်လွှတ်ပေးခဲ့သော စစ်တပ် စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်

    အမျိုးသမီး ၉ ဦးကို မုဒိမ်းကျင့်ပြီး တားဆေးထိုး၍ ပြန်လွှတ်ပေးခဲ့သော စစ်တပ် စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်

    ဝက်လက်မြို့နယ်တွင် အမျိုးသမီး ၉ ဦးကို မုဒိမ်းကျင့်ပြီး တားဆေးထိုး၍ ပြန်လွှတ်ပေးခဲ့သော စစ်တပ် စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အမျိုးသမီး ၉ ဦးကို မုဒိမ်းကျင့်ပြီး တားဆေးထိုး၍ ပြန်လွှတ်ပေးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မတ္တရာမြို့နယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဝက်လက်မြို့နယ် ရှိန်းမကားရွာ စစ်တပ်စခန်းမှ ထွက်လာသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမ်းဖြူရွာကို ရောက်ရှိကာ ပြည်သူ အမျိုးသမီး ၉ ဦးကို မုဒိမ်းပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ မုဒိမ်းပြုကျင့်ပြီးနောက် အမျိုးသမီး ၉ ဦးကို တားဆေးများထိုးပေး၍ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

    ထိုစစ်တပ် စစ်ကြောင်းကို ယင်းနေ့ ဇန်နဝါရီလ ၆ ရက်နေ့တွင် မတ္တရာမြို့နယ် ပကဖ နှင့် ရွှေဘိုခရိုင် တပ်ရင်း ၁၈ တို့ ပူးပေါင်း၍ သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ရဲဘော် ၇ ဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း သိရှိရသည်။

    ” ကျနော်တို့ လက်နက်ခဲယမ်းတွေတော့ သိမ်းဆည်းရမိတာမရှိဘူး။ တောင်ပေါ်ကနေ စစ်ခွေးတွေက စနိုက်ပါနဲ့ ထောက်ထားလို့ မကောက်နိုင်ခဲ့တာ တိုက်ပွဲဖြစ်စဉ်မှာ ကျွန်တော်တို့ ရဲဘော်တွေ တပ်စိတ်က အပြတ်ချေမှုန်းဖို့ အကုန်နီးစပ်နေပါပြီ အဲ့မှာ စစ်ခွေး သံခွန်ကနေ ပွိုင့်ဖိုက်၊ လက်နက်ကြီး ပစ်ကူ‌တွေနဲ့မို့ ပြန်ဆုတ်လာချိန် တောင်ပေါ်ပွိုင့်ကနေ စနိုက်ပါရယ်၊ သံခွန်လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေကြောင့် ရဲဘော်တွေ ဆုံးရှုံးခဲ့ရတာပါ။ ရုပ်ကလာပ်တောင် ပြန်မရခဲ့ပါဘူး” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မတ္တရာမြို့နယ်မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်၍ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းရှိ ရှိမ်းမကားရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းဖြစ်ပြီး အင်ဒေါင်းရွာမှ အမျိုးသမီးများ အပါအဝင် အမျိုးသမီး ၉ ဦး အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခဲ့ကာ ပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း၊ ထို့ပြင် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ထိုစစ်ကြောင်းက ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ရွာသစ်ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူနေအိမ် ၄ လုံးနှင့် မီးဖိုချောင် ၃ လုံးတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်များက ပြောဆိုသည်။

  • ကာရာကက်စ်တွင် မာဂျူရိုကို လိုလားသော ဆိုင်ကယ်ဂိုဏ်းက အမေရိကန် ထောက်ခံသူများကို လိုက်ဖမ်းနေ

    ကာရာကက်စ်တွင် မာဂျူရိုကို လိုလားသော ဆိုင်ကယ်ဂိုဏ်းက အမေရိကန် ထောက်ခံသူများကို လိုက်ဖမ်းနေ

    ဇန်နဝါရီ ၅ ရက်မှစတင်ပြီး ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့တွင် ဒေါ်နယ်ထရမ့်နှင့် အမေရိကန် ထောက်ခံ အားပေးသူမှန်သမျှကို မာဂျူရိုကို လိုလားသော ဆိုင်ကယ်စီး ပြည်သူ့စစ်ဂိုဏ်းနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေး ဖမ်းဆီးနေသဖြင့် အကြောက်တရားများ စိုးမိုးနေကြပြီး လမ်းပေါ် မထွက်ရဲသည့် အနေအထား ဖြစ်နေသည်။

    အမေရိကန်က မာဂျူရိုနှင့် ဇနီးအား ဖမ်းဆီးသွားပြီးနောက် အတွင်းသူလျှို ရှိသဖြင့် တည်နေရာသိပြီး အဖမ်းခံရခြင်း ဖြစ်သည်ဟု ဆိုနေကြရာ ၎င်း၏ သားဖြစ်သူက ဖခင်အား ထောက်ခံသည့် လူများအားလုံး လမ်းပေါ်ထွက်ကာ မိမိတို့ သမ္မတအပေါ် အပြည့်အ၀ ထောက်ခံကြောင်း ပြသမည်ဟု ကြုံးဝါးသလို ဇန်နဝါ ရီ ၅ ရက်က မာဂျူရိုထောက်ခံ အစိုးရအဖွဲ့ ဆက်လက် အုပ်စိုးနေသည့် ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီးက အမေရိကန်နှင့် ထရမ့် ထောက်ခံသူမှန်သမျှ ဖမ်းဆီးရမည်ဟု အစိုးရအမိန့် ထုတ်ပြန်ခဲ့သည်။

    ထို့ကြောင့် ဂိတ်ချ စစ်ဆေးမှုများတွင် လူများ၏ ဖုန်းများကို စစ်ဆေးပြီး အမေရိကန် ထောက်ခံသူဆိုပါက ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေသလို ဆိုင်ကယ်ဂိုဏ်း Colectivos ဆိုသော ပြည်သူ့စစ်များကလည်း လမ်းများပေါ် သေနတ်များဖြင့် ရမ်းကားကာ လိုက်လံစစ်ဆေး ဖမ်းဆီးနေသဖြင့် ပြည်သူများ လမ်းပေါ် မထွက်ရဲသည့် အနေအထားဖြစ်လာရသည်။

    ထိုနေ့မှာပင် သတင်းထောက် ၁၄ ယောက် အား ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ပြန်လွှတ်ပေးခဲ့ရာ နိုင်ငံခြား သတင်းထောက် တစ်ယောက်ပါဝင်ခဲ့သဖြင့် ၎င်းကိုလည်း ပြည်တော် ပြန်ပို့ခဲ့ကြောင်း သိရသည်။

    လက်ရှိ ပြည်ပသို့ တိမ်းရှောင်ထွက်ပြေးနေရသည့် ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင်လည်းဖြစ် မနှစ်က ငြိမ်းချမ်းရေး နိုဗယ်ဆုလည်း ရခဲ့သော မာရီယာကော်ရီနာ မာချာဒိုက လက်ရှိ ယာယီ ဝန်ကြီးချုပ်လုပ်သူ ဒဲလ်စီရိုဒရီဂွက်ဇ်သည် မာဂျူရိုလူသာ ဖြစ်သောကြောင့် မယုံကြည်ရကြောင်း ပြောကြားခဲ့သော်လည်း မကြာမီ ဗင်နီဇွဲလားအိမ်သို့ ပြန်မည်ဟု ပြောဆိုခဲ့ရာ ယခုလို ဖမ်းဆီး ရမ်းကားနေသဖြင့် အစီအစဉ် ပြောင်းဖွယ်ရှိသည်။

    Ref: Thesun

  • ပျဉ်းမနား ပေါင်းလောင်းတကြောသတိထား ရမယ့် အရာ

    ပျဉ်းမနား ပေါင်းလောင်းတကြောသတိထား ရမယ့် အရာ

    ပျဥ်းမနား ပေါင်းလောင်းတကြောသတိထားရမယ့် အရာ

    အခုနက ငလျင်ဟာ M 2.2 ပါ။

    ဒီလောက် Minor လေးကို ပျဥ်းမနားတကြောက အတော်သိသာခံစားမိကြတာကတော့ မြေအမျိုးအစားကြောင့် နဲ့ ငလျင်ကြီးဒဏ်ကြောင့်လို့ သုံးသပ်ရပါတယ်။

    ဒီနေရာမှာ အသင့်တင့်ပြင်းတဲ့ Moderate အဆင့်များလာခဲ့ရင် ဒီလိုသိသာတုန်ခါခံစားရမူနဲ့သာဆိုအတော်လေး သတိထားရမယ့် သဘောပါပဲ။

    နေပြည်တော်နဲ့ ပျဉ်းမနားတကြောဟာ စစ်တောင်း မြစ်ဝှမ်းနဲ့ နီးစပ်ပြီး နုန်းမြေ (Alluvial soil) အနည်ကျမှုများတဲ့အတွက် ငလျင်လှိုင်းတွေကို ပိုမိုပွားများစေကာ (Amplification)တုန်ခါမှုကို ပိုသိသာစေတာဖြစ်ပါတယ်။

    ဒီနေရာဟာ စစ်ကိုင်းပြတ်ရွေ့ (Sagaing Fault) ရဲ့ အဓိကအက်ကြောင်းကြီးနဲ့ အနီးကပ်ဆုံးမှာရှိနေသလို ပေါင်းလောင်းပြတ်ရွေ့စုနဲ့လည်း ကပ်လျက်ဖြစ်ပါတယ်။

    ဇန်နဝါရီ ၁ ရက်နေ့က (မန္တလေး-စဉ့်ကူး) မှာ လှုပ်ခဲ့တဲ့ M 5.8 ရဲ့ ဖိအားတွေဟာ တောင်ဘက်ကို စီးဆင်းလာပြီး နေပြည်တော်တကြောက ပြတ်ရွေ့ကြောတွေကို လာရောက်ဆွပေးသလို ဖြစ်နေတာပါ။

    🚨 သတိထားရမည့်အချက်

    အင်အား ၂.၂ လောက်ကို သိသိသာသာ ခံစားနေရတယ်ဆိုတာဟာ ဒီဒေသရဲ့ မြေသားက ငလျင်လှိုင်းကို တုံ့ပြန်မှုအားကောင်းနေတဲ့ သဘောပါပဲ။

    ​တကယ်လို့ အင်အား Moderate (M 4.5 to 5.0 ဝန်းကျင်) သာ လှုပ်လာခဲ့ရင် မြေသားတုန်ခါမှု (Ground Shaking)က အဆမတန် ပြင်းထန်သွားနိုင်တဲ့အတွက် အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကို အမြဲဂရုစိုက်ဖို့ လိုအပ်တယ်ဗျ။

    ဘေးကင်းကြပါစေဗျ 🙏

  • အထူးဒေသ ၁ တွင်  ကိုးကန့်ဒေသနှင့်မုံးကိုးခရိုင်ကို MNDAA က အပြည့်အ၀ ပြန်လည် ထိန်းချုပ်

    အထူးဒေသ ၁ တွင် ကိုးကန့်ဒေသနှင့်မုံးကိုးခရိုင်ကို MNDAA က အပြည့်အ၀ ပြန်လည် ထိန်းချုပ်

    အထူးဒေသ ၁ တွင် ကိုးကန့်ဒေသနှင့်မုံးကိုးခရိုင်ကို MNDAA က အပြည့်အ၀ ပြန်လည် ထိန်းချုပ်နိုင်သည့် အပြင် သိန္နီနှင့်ကွတ်ခိုင်ဒေသများတွင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးမှ မရှိတော့ဘဲ လွတ်မြောက်လာခဲ့ပြီဟု ကြေညာ

    မြန်မာနိုင်ငံ၏ အထူးဒေသ ၁ တွင် ကိုးကန့်ဒေသနှင့်မုံးကိုးခရိုင်ကို MNDAA က အပြည့်အ၀ ပြန်လည် ထိန်းချုပ်နိုင်သည့် အပြင် သိန္နီနှင့်ကွတ်ခိုင်ဒေသများတွင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးမှမရှိတော့ဘဲ လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း MNDAA က ထုတ်ပြန်ကြေညာသည်။

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ MNDAA ၏ နန်ထင်မိန် (Nantingmen) တောင်ကုန်းကို အောင်မြင်စွာ ချီတက်သိမ်းပိုက်နိုင်ခဲ့သည့် နေ့ထူးနေ့မြတ်တွင် MNDAA က အထက်ပါအတိုင်း ကြေညာခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၅ ရက်နေ့ကိုလည်း “ပြန်လည်ထူထောင်ရေးနေ့” အဖြစ်ပါ MNDAA က တရားဝင်သတ်မှတ်ခဲ့သည်။

    လက်ရှိအချိန်တွင် အထူးဒေသနယ်မြေအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ မရှိတော့ဘဲ ကိုးကန့်ဒေသနှင့် မုံးကိုးခရိုင်၏ သမိုင်းဝင်နယ်မြေများကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ သိန္နီနှင့် ကွတ်ခိုင်စသည့် ဒေသများပါ ဆက်တိုက်လွတ်မြောက်လာခဲ့ပြီ ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ ၁ တွင် “ခရိုင် ၄ ခု၊ မြို့တော် ၁ ခု” ပါဝင်သော ဖွဲ့စည်းပုံဖြင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍသစ်သို့ ခြေလှမ်းစတင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ၊ ၁၄ နှစ်ကြာ ဆင်နွှဲခဲ့ရသည့် လက်နက်ကိုင်တော်လှန်ရေးကာလအလွန်တွင် အထူးဒေသ၏ မူလပိုင်နက်နယ်မြေအားလုံးကို အပြည့်အဝ ပြန်လည်ရယူနိုင်ခဲ့ကြောင်း MNDAA က ဆက်လက် ကြေညာသည်။

    MNDAA က အထူးဒေသပြန်လည်ထူထောင်ပြီးနောက်ပိုင်း လုပ်ငန်းစဉ်များ၏ အဓိကအချက်အချာသည် “အထူးဒေသကို တည်ဆောက်ခြင်း (Establishing)” မှ “အထူးဒေသကို အုပ်ချုပ်ခြင်း (Governing)” ဟူသော သမိုင်းဝင်ပြောင်းလဲမှု လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း MNDAA က ဆိုသည်။

    MNDAA က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ရက်နေ့ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်တပ်၏ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်နှင့် လားရှိုးမြို့၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ မူဆယ် ၁၀၅ မိုင်၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့များကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

    တရုတ်အစိုးရ၏ ဖိအားကြောင့် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲကာ သိမ်းပိုက်ထားသော လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလတွင် အကြမ်းဖက်စစ်တပ်ထံသို့ ပြန်လည် ပေးအပ်ခဲ့သည်။

  • နတ်တလင်း၊ ဇီးကုန်းနှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်

    နတ်တလင်း၊ ဇီးကုန်းနှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်

    နတ်တလင်း၊ ဇီးကုန်းနှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄၀ ဦး သေဆုံး

    ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄၀ ဦး သေဆုံးခဲ့ကြောင်း အမှတ် ၃၈၀၁ တပ်ရင်း ၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ (YOMA GBK PDF) နှင့် သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောဆိုသည်။

    ဇန်နဝါရီလ ၇ ရက်နေ့ နံနက် အစောပိုင်းတွင် နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် မင်းလှမြို့နယ် အတွင်းရှိ အကြမ်းဖက် အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တို့က တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    နတ်တလင်းမြို့နယ်၊ တောင်ညို မြို့သစ်ရဲစခန်းတွင် အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက် စစ်သားများကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ ဗျူဟာရုံးတပ်ဖွဲ့၊ အမှတ် ၃၈၀၁ တပ်ရင်း၊ တပ်ရင်းရုံးအဖွဲ့၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ ၊ တပ်ခွဲ ၆ ၊ ဒရုန်းတပ်ဖွဲ့၊ အမှတ် ၃၇၀၁ တပ်ရင်း၊ တပ်ခွဲ ၂ နှင့် ရန်ကုန်ပကဖ တပ်ဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက် ၂၀ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများကြောင်း သိရှိရသည်။

    အလားတူ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ဆည်၊ မီးကောက်ပင်ရွာရှိ ပျူစောထီးစခန်းကိုလည်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၅ ၊ အမှတ် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၁ (BTZM GBK တပ်ဖွဲ့) ၊ သာယာဝတီခရိုင် ပကဖ ၊ ဇီးကုန်း ပကဖ တို့ကလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၉ ဦး သေဆုံးခဲ့ပြီး ပျူစောထီး စခန်းကို သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

    “မီးကောက်ပင်ကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ကြာချိန်က ၁ နာရီလောက်ပဲကြာတယ်။ ကျနော်တို့ တိုက်ခိုက်မှုအတွင်း စစ်ခွေးနဲ့ပျူခွေး ၉ ကောင်သေပြီး ၅ ကောင်ကတော့ ထိခိုက်ဒဏ်ရာရတယ်။ စစ်ခွေးတွေ အထိနာပြီး ထွက်ပြေးသွားတော့ ကျနော်တို့ သိမ်းဆည်းရရှိတဲ့ ပစ္စည်းတွေကို မီးရှို့ရှင်းလင်းပြီး ပြန်လည် ဆုတ်ခွာခဲ့တယ်” ဟု သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၁ (YOMA GBK PDF) မှ တပ်ခွဲမှူး ကိုကရင်လေးက ပြောဆိုသည်။

    ထို့ပြင် မင်းလှမြို့နယ်၊ ရန်ကုန် – ပြည် အမြန်လမ်းရှိ စစ်ကွင်းတာဆုံ ရဲကင်းစခန်း နှင့် တာဆုံဘုရား အနီးတပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းများကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ အမှတ် ၃၈၀၃ တပ်ရင်း၊ Alpha စစ်ကြောင်း၊ Bravo စစ်ကြောင်း၊ အမှတ် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ၊ သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ် (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ သာယာဝတီခရိုင် (ပကဖ) ရွှေတန်းမြေတပ်ဖွဲ့ (၁ ၊၂) ၊ ရန်ကုန်တိုင်း ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၃ ၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ရင်း (၃) ၊ Spring Bees UAV Force၊ MDF UAV Force တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦးခန့် သေ‌ဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

    “မင်းလှမြို့နယ် တိုက်ပွဲက စစ်ကွင်းတာဆုံ ရဲကင်းစခန်းနဲ့ တာဆုံဘုရားနား တပ်စွဲထားတဲ့ စစ်ခွေးတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တာက စစ်ခွေး ၁၀ ဦးထက်မနည်းသေဆုံးပါတယ်။ အဲထက်လည်း အရေအတွက် ပိုများနိုင်တယ်။ ထိခိုက်ဒဏ်ရာရတာလည်း များပါတယ်” ဟု သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုများ အတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များနှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း၍ ဟန်ချက်ညီ စစ်ဆင်ရေးများဆောင်ရွက်ခဲ့ကြောင်း၊ ပဲခူးတိုင်း စစ်ဌာန နယ်မြေအတွင်း စစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်‌‌တပ်စခန်းများ အနီးဝန်းကျင်သို့ မလိုအပ်ဘဲ သွားရောက်ခြင်း မပြုကြရန်နှင့် စစ်ရေးသတိဖြင့် နေထိုင်သွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးပြောဆိုထားသည်။