နတ်တလင်း၊ ဇီးကုန်းနှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄၀ ဦး သေဆုံး
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် မင်းလှမြို့နယ်ရှိ စစ်တပ် စခန်းများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄၀ ဦး သေဆုံးခဲ့ကြောင်း အမှတ် ၃၈၀၁ တပ်ရင်း ၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ (YOMA GBK PDF) နှင့် သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့ နံနက် အစောပိုင်းတွင် နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် မင်းလှမြို့နယ် အတွင်းရှိ အကြမ်းဖက် အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တို့က တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၊ တောင်ညို မြို့သစ်ရဲစခန်းတွင် အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက် စစ်သားများကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ ဗျူဟာရုံးတပ်ဖွဲ့၊ အမှတ် ၃၈၀၁ တပ်ရင်း၊ တပ်ရင်းရုံးအဖွဲ့၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ ၊ တပ်ခွဲ ၆ ၊ ဒရုန်းတပ်ဖွဲ့၊ အမှတ် ၃၇၀၁ တပ်ရင်း၊ တပ်ခွဲ ၂ နှင့် ရန်ကုန်ပကဖ တပ်ဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက် ၂၀ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများကြောင်း သိရှိရသည်။
အလားတူ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ဆည်၊ မီးကောက်ပင်ရွာရှိ ပျူစောထီးစခန်းကိုလည်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၅ ၊ အမှတ် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၁ (BTZM GBK တပ်ဖွဲ့) ၊ သာယာဝတီခရိုင် ပကဖ ၊ ဇီးကုန်း ပကဖ တို့ကလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၉ ဦး သေဆုံးခဲ့ပြီး ပျူစောထီး စခန်းကို သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
“မီးကောက်ပင်ကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ကြာချိန်က ၁ နာရီလောက်ပဲကြာတယ်။ ကျနော်တို့ တိုက်ခိုက်မှုအတွင်း စစ်ခွေးနဲ့ပျူခွေး ၉ ကောင်သေပြီး ၅ ကောင်ကတော့ ထိခိုက်ဒဏ်ရာရတယ်။ စစ်ခွေးတွေ အထိနာပြီး ထွက်ပြေးသွားတော့ ကျနော်တို့ သိမ်းဆည်းရရှိတဲ့ ပစ္စည်းတွေကို မီးရှို့ရှင်းလင်းပြီး ပြန်လည် ဆုတ်ခွာခဲ့တယ်” ဟု သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၁ (YOMA GBK PDF) မှ တပ်ခွဲမှူး ကိုကရင်လေးက ပြောဆိုသည်။
ထို့ပြင် မင်းလှမြို့နယ်၊ ရန်ကုန် – ပြည် အမြန်လမ်းရှိ စစ်ကွင်းတာဆုံ ရဲကင်းစခန်း နှင့် တာဆုံဘုရား အနီးတပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းများကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ အမှတ် ၃၈၀၃ တပ်ရင်း၊ Alpha စစ်ကြောင်း၊ Bravo စစ်ကြောင်း၊ အမှတ် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ၊ သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ် (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ သာယာဝတီခရိုင် (ပကဖ) ရွှေတန်းမြေတပ်ဖွဲ့ (၁ ၊၂) ၊ ရန်ကုန်တိုင်း ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၃ ၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ရင်း (၃) ၊ Spring Bees UAV Force၊ MDF UAV Force တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“မင်းလှမြို့နယ် တိုက်ပွဲက စစ်ကွင်းတာဆုံ ရဲကင်းစခန်းနဲ့ တာဆုံဘုရားနား တပ်စွဲထားတဲ့ စစ်ခွေးတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တာက စစ်ခွေး ၁၀ ဦးထက်မနည်းသေဆုံးပါတယ်။ အဲထက်လည်း အရေအတွက် ပိုများနိုင်တယ်။ ထိခိုက်ဒဏ်ရာရတာလည်း များပါတယ်” ဟု သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများ အတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များနှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း၍ ဟန်ချက်ညီ စစ်ဆင်ရေးများဆောင်ရွက်ခဲ့ကြောင်း၊ ပဲခူးတိုင်း စစ်ဌာန နယ်မြေအတွင်း စစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်စခန်းများ အနီးဝန်းကျင်သို့ မလိုအပ်ဘဲ သွားရောက်ခြင်း မပြုကြရန်နှင့် စစ်ရေးသတိဖြင့် နေထိုင်သွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးပြောဆိုထားသည်။


Leave a Reply