Category: News

  • ရွေးကောက်ပွဲကော်မရှင်၏ တတိယအကြီးဆုံးအရာရှိ PDF များ၏ ချုံခို တိုက်ခိုက်မှုမှ လွတ်မြောက်သွား

    ရွေးကောက်ပွဲကော်မရှင်၏ တတိယအကြီးဆုံးအရာရှိ PDF များ၏ ချုံခို တိုက်ခိုက်မှုမှ လွတ်မြောက်သွား

    စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၏ တတိယအကြီးဆုံး ရွေးကောက်ပွဲအရာရှိ ဦးအောင်လွင်ဦးသည် ယမန်နေ့(ဇန်နဝါရီလ ၆ ရက်) မွန်းလွဲပိုင်းက မကွေးတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းခံခဲ့ရသော်လည်း ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။

    မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းရွာအနီး၌ဖြစ်ပွားခဲ့သည့် အဆိုပါကြားဖြတ်တိုက်ခိုက်မှုတွင် ဦးအောင်လွင်ဦး လွတ်မြောက်ခဲ့သော်လည်း သူ၏ကိုယ်ရေးအရာရှိနှင့် ရဲအရာရှိတစ်ဦးသေဆုံးသွားပြီး အခြားရဲလေးဦး ဒဏ်ရာရခဲ့သည်ဟု ရဲတပ်ဖွဲ့အတွင်းအကြောင်းကြားသည့် ကြေးနန်းစာကဆိုသည်။

    အဆိုပါတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြည်သူ့ကာကွယ်ရေး တပ်မတော် (နေပြည်တော်-PDF) အမှတ်(၉၀၃)တပ်ရင်းကဆိုပြီး သေဆုံးသွားသည့် ရဲအရေအတွက်သည် ခုနစ်ဦးအထိရှိနိုင်သည်ဟုဆိုသည်။

    တိုက်ခိုက်မှုအတွင်း လွတ်မြောက်သွားခဲ့သည့် ဦးအောင်လွင်ဦးသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက စစ်တပ်က ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲကော်မရှင်တွင်အဖွဲ့ဝင်ဖြစ်သည်။ ၎င်းသည် အဆိုပါအဖွဲ့တွင် ဥက္ကဋ္ဌဦးသန်းစိုးနှင့် အဖွဲ့ဝင်ဦးအောင်မိုးမြင့်တို့ပြီးနောက် တတိယအကြီးဆုံး ရွေးကောက်ပွဲအရာရှိဖြစ်သည်။

    စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၏ တတိယအကြီးဆုံး ရွေးကောက်ပွဲအရာရှိ ဦးအောင်လွင်ဦး (ဝတ်စုံအမဲ) (ဓာတ်ပုံ – စစ်ကော်မရှင်)

    စစ်တပ်သည် ဦးအောင်လွင်ဦးအား လာမည့်တနင်္ဂနွေနေ့တွင် ကျင်းပမည့် စစ်တပ်၏ရွေးကောက်ပွဲ အပိုင်း(၂)အတွက် မကွေးတိုင်းတစ်ခုလုံးကို ကြီးကြပ်ရန် တာဝန်ပေးထားသည်။

    ဦးအောင်လွင်ဦးသည် ၎င်းတို့လိုက်ပါလာသည့် ယာဉ်တန်းကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည့် မြို့သစ်မြို့နယ် အပါအဝင် မကွေးတိုင်းထဲမှ မြို့နယ် ၁၁ ခုတွင်လုပ်မည့် ရွေးကောက်ပွဲကို ကြီးကြပ်ရန် တာဝန်ရှိသည်။

    နေပြည်တော်မှလွှတ်လိုက်သည့် ဦးအောင်လွင်ဦးနှင့် စစ်တပ်ရွေးကောက်ပွဲအရာရှိများသည် ရဲများခြံရံလျက် ကားငါးစီးဖြင့် သွားလာခဲ့ကြောင်း၊ ၎င်းတို့လမ်းကြောင်းကို သတင်းကြိုတင်ရသဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းတိုက်ခိုက်မှုကို ဦးဆောင်သည့် နေပြည်တော်-PDF အမှတ်(၉၀၃)တပ်ရင်းမှူးက Myanmar Now ကိုပြောသည်။

    နာရီဝက်ခန့်ကြာ နှစ်ဖက်ပစ်ခတ်ခဲ့ပြီးနောက် စစ်တပ်ဘက်က စစ်ကူရောက်လာသဖြင့် ပြန်ဆုတ်ခဲ့ရသည်ဟု ၎င်းကိုယ်၎င်း ဗိုလ်အောင်ဒင်ဟု မိတ်ဆက်သည့် အသက် ၃၄ နှစ်အရွယ် အဆိုပါတပ်ရင်းမှူးကဆိုသည်။

    “ပစ်ခတ်ပြီးတဲ့အချိန်မှာ သူတို့က နည်းနည်းလေးခွာသွားတာပေါ့။ မီတာ ၃၀၀ လောက် ဆုတ်သွားပြီးမှ ကျွန်တော်တို့ကို ပြန်ပစ်တာ။ သူတို့ဆုတ်တဲ့အချိန်မှာ ကားထဲ ကျန်ခဲ့တဲ့ပစ္စည်းတွေကို ကျွန်တော်တို့က ဇွတ်ယူတာ။ ယူတော့ ကားကြီးက မှောက်နေတာ၊ ပက်လက်လန်နေတာဆိုတော့ သေနေတဲ့ကောင်တွေက ပိနေတာပေါ့လေ” ဟု ၎င်းကဆိုသည်။

    တိုက်ခိုက်ခံရသော နေရာအနီးမှ ကိုယ်ရေးအရာရှိဖြစ်သူ ဦးအောင်ကျော်သူအမည်ပါ ကတ်ပြားတစ်ခု။ (ဓာတ်ပုံ-ပေးပို့)

    တိုက်ပွဲအတွင်း ရဲများကိုင်လေ့ရှိသည့် G3 အမျိုးအစား သေနတ် နှစ်လက်၊ ကျည် ၁၆၁ တောင့်၊ ကျည်ဘောက် သုံးခုနှင့် ရွေးကောက်ပွဲ စာရွက်စာတမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းလည်း နေပြည်တော်-PDF ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

    တပ်ရင်းမှူး ဗိုလ်အောင်ဒင်၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်တွင်လည်း နှစ်မိနစ်နီးပါးကြာ တိုက်ပွဲရုပ်သံ ထုတ်ပြန်ထားပြီး၊ အပြန်အလှန်ပစ်ခတ်နေသည့် ထိုရုပ်သံဖိုင်ထဲတွင် တော်လှန်ရေးတပ်ဖွဲ့များက ကားလမ်း၏အပေါ်စီးမှ အကာအကွယ်ယူ ပစ်ခတ်နေကြပြီး ကားလမ်းမပေါ်တွင် ကားတစ်စီး ပက်လက်လန်နေသည်ကို တွေ့ရသည်။

    ယမန်နေ့ မွန်းလွဲ ၁နာရီခွဲစတင်ကာ နေပြည်တော်-မြို့သစ်လမ်းပိုင်း၊ ရွှေပန်းရွာအနီး နာရီဝက်ကျော်ကြာ ပစ်ခတ်သံများ ကြားရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    တိုက်ပွဲဖြစ်ပြီးနောက် ယမန်နေ့ညနေပိုင်းကတည်းက စစ်တပ်သည် ထိုလမ်းပိုင်းကို လုံခြုံရေး တင်းကျပ်ထားပြီး ယနေ့တွင် တိုက်ပွဲဖြစ်သည့်နေရာအနီး တောမီးရှို့နေသည်ဟုလည်း အထက်ပါ ဒေသခံက ဆိုသည်။

    တိုက်ခိုက်ခံရသော UEC ယာဉ်တန်းမှ ကားတစ်စီး လဲနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-Screengrab)

    ကော်မရှင်အဖွဲ့ဝင်ယာဉ်တန်းတိုက်ခိုက်ခံရမှုကြောင့် နေပြည်တော်ရှိ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးဝန်ထမ်းများကြား လုံခြုံရေးစိုးရိမ်မှု ပိုများလာသည်ဟု ထိုရုံးမှ အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

    “မနေ့က ညနေလောက် ရုံးမှာ အဲဒီသတင်းကြားပြီး ပျာယာတွေခတ်ကြတာ။ ဒီခရီးစဉ်လမ်းကြောင်း သတင်းနဲ့ လုံခြုံရေး ချိုးဖောက်တယ်ဆိုပြီး ဌာနတွင်းမှာတော့ မေးမြန်းနေတာရှိတယ်။ ဒီခရီးစဉ်ကိုသိတဲ့ ရုံးပိုင်းက ဝန်ထမ်းတွေကို မေးနေတာ” ဟု UEC ရုံးဝန်ထမ်းက ယနေ့( ဇန်နဝါရီလ ၇ ရက်) မွန်းလွဲပိုင်းတွင် ပြောသည်။

    စစ်တပ်လက်အောက်တွင် တာဝန်ထမ်းနေသော အဆင့်မြင့်အရာရှိများသည် နေပြည်တော်ပြင်ပသို့ ခရီးသွားရမည်ဆိုလျှင် စစ်ရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာနထံ ခွင့်ပြုချက်နှင့် လုံခြုံရေးအင်အား တောင်းခံရပြီး၊ ခရီးစဉ်လမ်းကြောင်းများကို အသေးစိတ် တင်ပြရသည်ဟု ဒုဝန်ကြီးအဆင့်ရှိသူ၏ ကိုယ်ရေးအရာရှိတစ်ဦးထံက သိရသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ယာဉ်တန်းတိုက်ခိုက်ခံရသည့် ဇန်နဝါရီလ ၆ ရက်နေ့တွင် နေပြည်တော်၏ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးတရပ် ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးကို ဦးဆောင်ခဲ့သည် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးနှင့် လုံခြုံရေးစီမံချက်များကို အင်အားဖြည့်တင်းရန် တိုက်တွန်းပြောဆိုခဲ့သည်။

    သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။

    ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုပြီး အာဏာသိမ်းခဲ့သည့် စစ်တပ်သည် ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲပြီး ကျင်းပနေသည်။ ဒီဇင်ဘာလ ၂၈ ရက်က ပထမပိုင်း ကျင်းပခဲ့ပြီး၊ အများစုကို စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကသာ အနိုင်ရခဲ့သည်။

    ထိုရလဒ်သည် အံ့ဩစရာမရှိဘဲ လူအများထင်ထားသည့်အတိုင်း ဖြစ်သည်။ ကျန်ရွေးကောက်ပွဲများကို ယခုလ ၁၁ ရက်နှင့် ၂၅ ရက်တို့တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။

    ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲအပိုင်း(၁)တွင် ပြည်သူအများစုက စစ်တပ်ရွေးကောက်ပွဲကို မဲထွက်မပေးခြင်းဖြင့် ၎င်းတို့ဆန္ဒအား ပြသခဲ့ကြသည်။

    “ကျွန်တော်တို့ လက်မခံဘူးပေါ့။ ပြည်သူလည်း လက်မခံဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲကို ဟန့်တားတဲ့ ပုံစံမျိုးပါပဲ” ဟု ယာဉ်တန်းတိုက်ခိုက်မှုကို ဦးဆောင်ခဲ့သည့် ဗိုလ်အောင်ဒင်က ပြောလိုက်သည်။

    မြန်မာနိုင်ငံတွင် အင်အားကြီးပါတီများဖြစ်ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) တို့ကို စစ်တပ်က ၎င်းတို့လက်အောက်တွင် မှတ်ပုံမတင်ခြင်းကြောင့် ဖျက်သိမ်းထားသည်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်တပ်က ဖမ်းဆီးအကျဉ်းချထားသည်။

    နေပြည်တော်မှ ထွက်လာသော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များနှင့် ရဲများ လိုက်ပါလာသော ယာဉ်တန်းကို တိုက်ခိုက်မှု မြို့သစ်မြို့နယ်ရဲမှူး ထွန်းလင်းအောင်နှင့် ကော်မရှင်အဖွဲ့ဝင် ကိုယ်ရေးအရာရှိ အောင်ကျော်သူ အပါအဝင် ရဲ ၈ ဦးသေဆုံး (ရုပ်/သံ)

    နေပြည်တော်မှ ထွက်လာသော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များနှင့် ရဲများ လိုက်ပါလာသော ယာဉ်တန်းကို တိုက်ခိုက်ရာ မြို့သစ်မြို့နယ်ရဲမှူး ထွန်းလင်းအောင်နှင့် ကော်မရှင်အဖွဲ့ဝင် ကိုယ်ရေးအရာရှိ အောင်ကျော်သူ အပါအဝင် ရဲ ၈ ဦးသေဆုံးခဲ့ကြောင်း နတ်မောက်ဂဠုန်PDFအဖွဲ့ မှ ဗိုလ်အောင်ဒင်က ပြောဆိုသည်။

    ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် နေပြည်တော်မှ ထွက်လာသော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များနှင့် ရဲများ လိုက်ပါလာသော ယာဉ်တန်းကို တော်လှန်ရေး ရဲဘော်များက မြို့သစ်မြို့နယ် ရွေပန်းကျေးရွာအနီးတွင် ကြားဖြတ်တိုက် ခိုက်ခဲ့ကြောင်းသိရှိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း မြို့သစ်မြို့နယ်ရဲမှူး ထွန်းလင်းအောင်နှင့် ကော်မရှင်အဖွဲ့ဝင် ကိုယ်ရေးအရာရှိ အောင်ကျော်သူ အပါအဝင် ရဲ ၈ ဦးသေဆုံးခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ကား ၃ စီး တိမ်းမှောက်ပျက်စီးသွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ထံမှလည်း G3 သေနတ် ၂ လက်၊ ကျည် ၁၆၁ တောင့်၊ ကျည်ဘောက် ၃ ခု သိမ်းဆည်းရမိကာ တော်လှန်ရေး ရဲဘောများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

    “ကျနော်တို့ အတည်ပြုနိုင်တာ မြို့နယ်ရဲမှူး ထွန်းလင်းအောင် ၊ ကော်မရှင်ကိုယ်ရေးအရာရှိ အောင်ကျော်သူ ၊ ရဲတပ်ကြပ် ၅ ဦးနဲ့ ဒုရဲအုပ် ၁ ဦးတို့ သေဆုံးတယ်လို့ သိရပါတယ်” ဟု နတ်မောက်ဂဠုန် PDF အဖွဲ့ မှ ဗိုလ်အောင်ဒင်က ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော်စစ်တိုင်း ၉၀၃ တပ်ရင်း ၊ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

  • အထူးတိုင်းစစ်ဌာန ချေမှုန်းရေးမွမ်းမံသင်တန်းဆင်းပွဲ

    အထူးတိုင်းစစ်ဌာန ချေမှုန်းရေးမွမ်းမံသင်တန်းဆင်းပွဲ

    ပူးပေါင်းစစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့ အထူးတိုင်းစစ်ဌာန ချေမှုန်းရေးမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

    ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)စစ်ဆင်ရေးနယ်မြေ အထူးတိုင်း စစ်ဌာနရဲ့ ချေမှုန်းရေး မွမ်းမံသင်တန်းကို ပဲခူးတိုင်းအတွင်းရှိ အထူးတိုင်း စစ်ဌာန လေ့ကျင့်ရေး သင်တန်းကွင်းမှာ ကျင်းပခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ အသိပေးထုတ်ပြန်ပါတယ်။

    အဲဒီ သင်တန်းဆင်းပွဲကို လွန်ခဲ့တဲ့ တပတ် ၂၀၂၅ ဒီဇင်ဘာ ၃၁ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    သင်တန်းရဲ့ ရည်ရွယ်ချက်ဟာ တိုင်းစစ်ဌာန ကွပ်ကဲမှု အောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေ၊ ဒေသ အခြေပြု ကာကွယ်ရေးတပ်ဖွဲ့တွေက ရဲဘော်တွေကို ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်နိုင်ဖို့ ဖြစ်ပြီး အဲဒီလို လုပ်ဆောင်နိုင်ဖို့ လေ့ကျင့်ပေးတာလို့ အသိပေးထားပါတယ်။

    အထူးတိုင်းစစ်ဌာနဟာ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာ အခြေပြု ဖွဲ့စည်းထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF နည်းဗျူဟာ တွေ၊ တပ်ရင်း/တပ်ဖွဲ့‌ တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့‌ တွေ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေနဲ့ စုဖွဲ့ထားတဲ့ တိုင်းစစ်ဌာနတခုဖြစ်ပါတယ်။ အထူးတိုင်းစစ်ဌာနမှာ နည်းဗျူဟာ (၅) ခု၊တရားဝင်ကွပ်ကဲမှုခံယူထားတဲ့တိုက်ခိုက်ရေးတပ်ရင်း(၁၂)ရင်း၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေဖြစ်တဲ့ရန်ကုန်၊ ပဲခူး၊ မွန် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း (၃)ကြောင်း၊ဒရုန်းလက်ရုံးတပ်ဖွဲ့ (၆) ဖွဲ့ရှိပါတယ်။

    အထူးတိုင်းစစ်ဌာနဟာ KNU/KNLAတပ်တွေနဲ့အတူ ကရင်၊မွန်၊ ရေး-ထားဝယ်ဒေသတို့မှာစစ်ရေးဖော်ဆောင်နေသလိုပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာနတို့နဲ့ ပူးပေါင်းပြီးပဲခူးတိုင်းနယ်မြေအချို့မှာလည်း စစ်ရေးဖော်ဆောင်နေပါတယ်။

    ဓာတ်ပုံ – အထူးတိုင်းစစ်ဌာန

  • ကျောက်ဖြူအခြေစိုက် ဓည၀တီရေတပ်နှင့် ရဲတပ်ရင်း ၃၂ ကို AA ဒရုန်း၊လက်နက်ကြီးများဖြင့်တစ်ပြိုင်နက်တည်း စတင်တိုက်ခိုက်

    ကျောက်ဖြူအခြေစိုက် ဓည၀တီရေတပ်နှင့် ရဲတပ်ရင်း ၃၂ ကို AA ဒရုန်း၊လက်နက်ကြီးများဖြင့်တစ်ပြိုင်နက်တည်း စတင်တိုက်ခိုက်

    အာရက္ခတပ်တော်(AA) သည် ရခိုင်ပြည်မှ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူမြို့အခြေစိုက်ဓည၀တီရေတပ်စခန်းနှင့် ကျောက်ဖြူမြို့၏ အဓိက ခံကတုတ်စစ်စခန်းကြီး တစ်ခုဖြစ်သည့် ရဲတပ်ရင်း (၃၂) ကို ဒရုန်းများအပါအဝင်လက်နက်ကြီးများဖြင့်ယခုရက်ပိုင်းကစပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်နေပြီဟု သတင်းရရှိသည်။

    AA က ပစ်ခတ်တိုက်ခိုက်သည့် လက်နက်ကြီးကျည်များသည်ကျောက်ဖြုမြို့နယ်သစ်ပုတ်တောင်အခြေစိုက်ဓညဝတီရေတပ်ဌာနချုပ်ထဲမှ လူနေအဆောင် ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀နှင့် ခန်းမတို့တွင်ကျရောက်ပေါက်ကွဲပြီး တပ်ဖွဲ့ဝင်တချို့သေဆုံးကာ ဒဏ်ရာရသွားကြသည်ဟု ဒေသအတွင်းစစ်ရေး ရင်းမြစ်တစ်ဦးက ပြောသည်။

    ” လူနေဆောင်ကို ၂လုံးကျတယ်။ အစည်းအဝေးလုပ်တဲ့ခန်းမကို ၁လုံးကျတယ်။ တနင်္လာနေ့ကဆို မီးခိုးတွေအလုံးလုံးအလိပ်လိပ်ထွက်နေတာတွေ့တယ်။ လူတွေထိတယ်။သေဆုံးဒဏ်ရာ ရတာတွေလည်း ရှိတယ်” ဟု ပြောသည်။

    ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၄ နာရီခန့်က သစ်ပုတ်တောင်ရေတပ်ဌာနချုပ်မှ ဒဏ်ရာရသူများကိုနေဗီတစ်စီးဖြင့်ကျောက်ဖြူမြို့သို့ယူဆောင်လာသည်ဟု သိရသည်။

    “ နေဗီတစ်စီးကျောက်ဖြူဆိပ်ကမ်းမှာဆိုက်ကပ်ပြီးလူနာတွေကို ဆေးရုံကို ပို့တာတွေရှိတယ်။ ဒဏ်ရာပြင်းထန်တဲ့သူတွေကို လေယာဉ်နဲ့ ရန်ကုန် မင်္ဂလာဒုံဆေးရုံကြီးထိ ယူဆောင်တယ်လို့ သိရပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

    အလားတူ AA မှ နောက်တန်း စခန်းကြီးတစ်ခုဖြစ်သည့် အမှတ်(၃၂)ရဲတပ်ရင်းထဲသို့လည်း လက်နက်ကြီးကျည်၊ဒရုန်းဗုံးများကျရောက်ကာအဆောင်တချို့ပျက်စီးသွားသည်ဟု စစ်တပ်နှင့် နီးစပ်သည့် ဒေသခံ မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

    ” အရင်ဆိုအကြမ်းဖက်စစ်တပ်ဖက်က ဒရုန်းတွေလက်နက်ကြီးတွေနဲ့ AA ကို စတိုက်တာ။အခုAAဖက်ကအဲ့သလိုပြန်တိုက်နေတာ။ အခုဆိုရင်ရဲတပ်ရင်းကိုပါ ပြန်တိုက်လာတာ။ တိုက်ပွဲ‌က နေ့စဉ်လိုလိုပြင်းနေတယ်။ နေ့ရောညရော လက်နက်ကြီးနဲ ပစ်ခတ်တာတွေရှိတယ်” ဟု ပြောသည်။

    ကျောက်ဖြူမြို့မြို့ပြင်တွင် တည်ရှိသည့် အမှတ်(၃၂)ရဲတပ်ရင်းနှင့်သစ်ပုတ်တောင်တိုက်နယ်အနီးတွင်ထောက်ပို့လုပ်ပြီး ကင်းလှည့်နေသော စစ်ကြောင်းများကို AAမှ ပြောက်ကျားစနစ်ကိုအခြေခံသည် နည်းဗျူဟာအသစ်တို့ဖြင့်တိုက်ခိုက်နေသဖြင့် စစ်တပ်ဘက်က အသေအပျောက်များနေသည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်များကပြောကြားသည်။

    စစ်ကော်မရှင်စစ်ကြောင်းများသည် AA ထံ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံလာရပြီးအကျအဆုံးများလာရသည့်အတွက် စစ်ကော်မရှင်ဘက်မှ လက်နက်ကြီး၊ ဒရုန်း၊ နေဗီများက AA ရှိနိုင်သည့်နေရာများကိုမှန်းဆကာနေ့စဉ် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

    လက်ရှိ ကျောက်ဖြူမြို့ အာရက္ခတပ်တော် လက်တွင်းမကျရောက်စေရေးအတွက်စစ်ကော်မရှင်က စစ်တွေက တပ်တစ်ချို့ ကိုကျောက်ဖြူသို့ စေလွှတ်ထားရသလိုလက်နက်တပ်ဆင်ပေးထားသည့်မွတ်ဆလင် လက်နက်ကိုင်များပါ ရောက်ရှိနေသည်ဟု CDM ဗိုလ်ကြီးဇင်ယော်က သူ၏ စစ်ရေး သုံးသပ်ချက်တွင် ရေးသားထားသည်။

    “မြို့ပြင်မှာတော့ ထိတွေ့တိုက်ပွဲတွေဟာအဆုတ်အတက်ကြမ်းနေဆဲသာဖြစ်ပါတယ်။လက်ရှိအနေ အထားအရ အာရက္ခတပ်ဘက်ကမြို့တွင်းကို ဝင်ရောက်လာမှာ စိုးတဲ့အတွက် စကစစစ်ကြောင်းတော်တော်များများဟာ မြို့ရဲ့ အနီးတစ်ဝိုက်အထိ ဆုတ်ခွာထားရတာကိုတွေ့ရပါတယ်။ တရုတ်စက်လတ်အသံတွေလို့ ယူဆရတဲ့အတွက် အာရက္ခတပ်တော်ဟာပစ်အားသုံးပြီး စစ်ရေးအသာစီး ရနေနိုင်တယ်လို့ သုံးသပ်ရပါတယ်” ဟုလည်း ရေးသားထားသည်။

    စစ်တွေ ဒကစအဝင် ကာကင်းစခန်း ၂ ခုကို AA တိုက်ခိုက်

    ရခိုင်ပြည်၊ စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ) အဝင်ကို ကာထားသည့် ကာကင်းစခန်း ၂ခုကို အာရက္ခတပ်တော် (AA) တိုက်ခိုက်ကြောင်း သတင်းရရှိသည်။

    စစ်တွေမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ ဒကစဌာနချုပ်ကို ဝင်ပေါက်ဖြစ်သည့်တောကန်၊ကြံတောအနီးရှိကာကင်းစခန်းနှင့်ဂန့်ဂေါ်ကျွန်းနှင့်ရှေ့ဆိုင်ရှိကာကင်းစခန်း စခန်းနှစ်ခုကို ယခုဇန်နဝါရီ လ အစမှစ၍စတင်တိုက်ခိုက်နေပြီဟု မြေပြင်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    “ဒီ ကာကင်းစခန်းနှစ်ခု ဒကစရဲ့ အဓိကကာကင်းစခန်းတွေဖြစ်တယ်။အင်အားကတော့အများကြီးရှိတယ်။ သူတို့ကာကင်းစခန်းပတ်ပတ်လည်မှာတောင် ကတုတ်ကျင်းတွေ ဆက်သွယ်ရေးမြောင်းတွေအများဖောက်ထားတယ်။ AA ကညဖက်ဆိုပိုတိုက်တယ်။ ဒရုန်းနဲ့ပါလက်နက်ကြီးနဲ့ပါ ပြောက်ကျားစနစ်နဲ့” ဟု ပြောသည်။

    အာရက္ခတပ်တော်(AA)၏ ဒရုန်း၊လက်နက်ကြီးကျည်များကြောင့် အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်များအပြား သေဆုံးလျက်ရှိပြီး (ဒကစ)ဌာနချုပ်မှာလည်း (AA)၏ လက်နက်ကြီးကျည်ပစ်ခတ်ခြင်းကိုခံနေရ၍ သေဆုံးမှုရှိနေသည်ဟု စစ်တပ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

    “ဒရုန်းနဲ့ရောလက်နက်နဲ့ပါတိုက်ခိုက်ခံနေရတာ။ ကာကင်းစခန်းက စစ်သားတွေရော။ကင်းလှည့်စစ်သားတွေရော ဒကစဌာနချုပ်ထဲက စစ်သားတွေရော အပြုံလိုက်ကျနေတယ်” ဟု ပြောသည်။

    AA၏ တိုက်ခိုက်ခံရပြီးနောက်အကြမ်းဖက်စစ်တပ်၏ စစ်တွေအခြေစိုက်တပ်ရင်းမျိုးစုံမှရသေ့တောင်၊ပုဏ္ဏားကျွန်းဖက်သို့ ဒရုန်း၊လက်နက်ကြီးကျည်များဖြင့်ပစ်ခတ်လျက်ရှိကြောင်း ‌သိရသည်။

    ပြီးခဲ့သည့်ဇန်နဝါရီ ၄ ရက်နေ့ကလည်း စစ်တွေမြို့နယ်တွင် ကင်းလှည့်နေသည့်စစ်ကော်မရှင်တပ်၏ စစ်ကားသုံးစီးအနက် တစ်စီးသည် အာရက္ခတပ်တော်(AA)ကဒရုန်းဖြင့်ပစ်ခတ်မှု‌ကြောင့် ထိမှန်၍ ရဲသုံးဦး ပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း သတင်းရရှိသည်။

    စစ်တွေမြို့ပြင်ကျေးရွာအနှံ့အပြားတွင်စစ်ကော်မရှင်တပ်၏ စစ်ကားများသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကသိန်းတန်ကျေးရွာဘက်ကို ကင်းလှည့်နေစဉ် AA က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာတစ်စီးထိမှန်သွားခဲ့ခြင်းဖြစ်သည်။

    စစ်ကော်မရှင်တပ်သည် စစ်တွေမြို့နယ်တွင် ရေချမ်းပြင်၊ ကျားမသောက်၊ သိန်းတန်၊ ရာတန်၊ ရွှေမင်းဂံရေတပ်စခန်း၊ အမြင့်ကျွန်း စသည့် မြို့ပြင်နေရာအနှံ့အပြားတွင်စစ်အင်အားများကို တိုးချဲ့ချထားသည်ဟု သိရသည်။

  • ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်

    ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်

    ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပြီး ယာဉ်အသွားအလာ ယာယီရပ်ဆိုင်းကာ ကားရာချီ ပိတ်မိနေ

    ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်သဖြင့် တိုက်ပွဲများဖြစ်ပွားနေပြီး ယာဉ်အသွားအလာ ယာယီရပ်ဆိုင်းကာ ကားများ ပိတ်မိနေကြောင်း မင်းလှမြို့နယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်မှစတင်၍ ပဲခူးတိုင်း အနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းဘေးရှိ တာလေးကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း၊ တိုက်ပွဲမှာ ပြင်းထန်နေပြီး မင်းလှမြို့နယ်၊ အညှာတန်းကြီးကျေးရွာဘုန်းကြီး ကျောင်းတွင် တပ်စွဲထားသော စစ်တပ်က လက်နက်ကြီးပစ်ကူများ မရပ်မနား ပစ်ခတ်နေကြောင်း၊ တိုက်ပွဲ ပြင်းထန်နေသဖြင့် ရန်ကုန်-ပြည်လမ်းတွင် ယာဉ်အသွားအလာ ရပ်ဆိုင်းပြီး ကားရာချီ၍ ပိတ်မိနေကြောင်း သိရှိရသည်။

    “မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်းမပေါ်မှာ တိုက်ပွဲဖြစ်နေလို့ ခရီးသည်တင်ကားတွေလည်း ပိတ်မိနေတယ်။ ကားတွေလည်း ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေတယ်။ လက်နက်ကြီးတွေ ပစ်နေတာရော တိုက်ပွဲဖြစ်နေတာရော ကားလမ်းပေါ်ကနေ အကုန်ကြားနေရတယ်” ဟု မင်းလှမြို့နယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

    ယင်းအပြင် ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ကားလမ်းဝဲယာ ကျေးရွားများမှ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိ သတင်းရေးသားနေချိန်အထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။

  • ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံး

    ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံး

    စစ်မှုထမ်းတပ်သားအရောင်းအဝယ်လုပ်ခြင်း၊ ပြည်သူများကို မူးယစ်ဆေးဝါးဖြင့် အမှုဆင်ဖမ်းဆီးခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ် လုပ်ခဲ့သူ ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံး

    ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် စစ်မှုထမ်းတပ်သားအရောင်းအဝယ်လုပ်ခြင်း၊ ပြည်သူများကို အမှုဆင်ဖမ်းဆီးငွေညှစ်ခြင်းနှင့် လာဘ်ပေးလာဘ်ယူ အကြီးအကျယ် လုပ်ခဲ့သူ ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံးသွားကြောင်း ရဲအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ဇန်နဝါရီလ ၂ ရက်နေ့တွင် ရဲမှူးဝင်းလှိုင်သည် ကျန်းမာရေးမကောင်းရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး မသေဆုံးမီအချိန် အထိ ဖျာပုံမြို့နယ်အတွင်း စစ်မှုထမ်းလူစားထိုးအရောင်းအဝယ်လုပ်ခြင်း၊ လူငယ်များကို မူးယစ်ဆေးဝါးဖြင့် အမှုဆင်ဖမ်းဆီး၍ စစ်မှုထမ်းတပ်သားအဖြစ် အတင်းအကျပ် စုဆောင်းခြင်း၊ ရောင်းဝယ်ခြင်း ၊ မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်သူများထံမှ ဆက်ကြေးကောက် လာဘ်ပေးလာဘ်ယူလုပ်ခြင်းများကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

    “ရဲမှူး ဝင်းလှိုင်က သေတာကတော့ ကျန်းမာရေးမကောင်းလို့ ဆေးကုသမှု ခံယူရင်း သေတာ။ သာမန် ကျန်း မာရေး မကောင်းတာပဲ ထင်နေတာ။ နေမကောင်းလို့ ဆေးကုသမှုခံယူရင်း ဆုံးသွားတာ။ သူက ဖျာပုံမှာ မူးယစ်အမှုတွေမှာ လာဘ်ယူတာမှာ နာမည်ကြီးတယ်။ အထူးသဖြင့်တော ငါးဖမ်းသင်္ဘောတွေနဲ့ မူးယစ်ဆေးဝါး သယ်တာတွေ၊ စစ်မှုထမ်း လူငယ်တွေရဖို့ မူးယစ်ဆေးဝါးနဲ့ အမှုဆင်ဖမ်းတာတွေ အဲဒါတွေ သူလုပ်ခဲ့တာ” ဟု ဖျာပုံမြို့နယ်မှ ရဲအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ရဲမှူးဝင်းလှိုင်သည် သေဆုံးချိန်တွင် အသက် ၅၅ နှစ်ရှိနေပြီဖြစ်ပြီး ဇန်နဝါရီလ ၈ ရက်နေ့ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အရာရှိလိုင်းခန်းတွင် နာရေးရက်လည် တရားနာပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

    မှူးမှူး ရယ် အဲ့လောက်ထိ ဘာလို့စောစောစီးစီး ထွက်သွားရတာလဲ 😭

    29 ရက်နေ့က ဒို့တွေ အုပ်စုလိုက်ကြီး ကန်သာယာမှာ သွားပြီး မုန့်တွေ စားကြခဲ့သေးတယ်လေ အဲ့နေ့ကတောင် ပြောခဲ့သေးတယ်လေ

    သကြ်န်ကျရင် လျှောက်သွားကြမယ်ဆိုပြီး အဲ့နေ့က မေမေကိုဖုန်းဆက်ပြီး kkကို အိမ်ပြန်ရောက်ရင် ဒုတ်နဲ့လိုက်ရိုက်ပါလို့ လှမ်းတိုင်ပြီး ရယ်မောနေခဲ့တာလေးတွေ အခုထိ မျက်လုံးထဲမှာ မြင်ယောင်နေဆဲပဲ မှူးမှူးရယ် 😭

    အမြဲတမ်းဖုန်းတွေခေါ် ပြီး တစ်ယောက်တစ်ခွန်းစကားများ ရန်ဖြစ်ပြီး အနိုင်နဲ့ပိုင်းခဲ့တာတွေ tiktok ဆော့ပြီးတင်တဲ့ အချိန်ကြရင် kk နင် cele မဖြစ်သေးဘူးလား ငါအသဲပေးရတာ လက်တွေညောင်းနေပြီ ပြောခဲ့တာလေးတွေ အရမ်းလွမ်းတာပဲ မှူးမှူးရယ် 😭

    မှူးမှူးကို အရမ်းပြန်လိုချင်တာပဲ မှူးမှူးရယ် အမြဲတမ်းစိတ်ထားကောင်းပြီး ရိုးသားတဲ့ ဒို့မှူးမှူးကြီး ကောင်းရာဘုံဘဝကို အ​မြန်ဆုံးရောက်ရှိပါစေ မှူးမှူးရေ😭

    ဒို့မှူးမှူးကို ထာဝရ ချစ်နေဆဲပါ မှူးမှူးရယ်😭