ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပြီး ယာဉ်အသွားအလာ ယာယီရပ်ဆိုင်းကာ ကားရာချီ ပိတ်မိနေ
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်သဖြင့် တိုက်ပွဲများဖြစ်ပွားနေပြီး ယာဉ်အသွားအလာ ယာယီရပ်ဆိုင်းကာ ကားများ ပိတ်မိနေကြောင်း မင်းလှမြို့နယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်မှစတင်၍ ပဲခူးတိုင်း အနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းဘေးရှိ တာလေးကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း၊ တိုက်ပွဲမှာ ပြင်းထန်နေပြီး မင်းလှမြို့နယ်၊ အညှာတန်းကြီးကျေးရွာဘုန်းကြီး ကျောင်းတွင် တပ်စွဲထားသော စစ်တပ်က လက်နက်ကြီးပစ်ကူများ မရပ်မနား ပစ်ခတ်နေကြောင်း၊ တိုက်ပွဲ ပြင်းထန်နေသဖြင့် ရန်ကုန်-ပြည်လမ်းတွင် ယာဉ်အသွားအလာ ရပ်ဆိုင်းပြီး ကားရာချီ၍ ပိတ်မိနေကြောင်း သိရှိရသည်။
“မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်းမပေါ်မှာ တိုက်ပွဲဖြစ်နေလို့ ခရီးသည်တင်ကားတွေလည်း ပိတ်မိနေတယ်။ ကားတွေလည်း ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေတယ်။ လက်နက်ကြီးတွေ ပစ်နေတာရော တိုက်ပွဲဖြစ်နေတာရော ကားလမ်းပေါ်ကနေ အကုန်ကြားနေရတယ်” ဟု မင်းလှမြို့နယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ယင်းအပြင် ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ကားလမ်းဝဲယာ ကျေးရွားများမှ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိ သတင်းရေးသားနေချိန်အထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။


Leave a Reply