Category: News

  • ထရမ့်ပ်ကို လက်နက်စွဲကိုင် တိုက်ခိုက်ရန်အသင့်ရှိဟု ကိုလံဘီယာသမ္မတ ကြွေးကြော်

    ထရမ့်ပ်ကို လက်နက်စွဲကိုင် တိုက်ခိုက်ရန်အသင့်ရှိဟု ကိုလံဘီယာသမ္မတ ကြွေးကြော်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ လက်နက်စွဲကိုင် တိုက်ခိုက်ဖို့ အသင့်ရှိနေတယ်လို့ ကိုလံဘီယာသမ္မတ ဂူစတာဗို ပေထရိုက ဇန်နဝါရီ ၅ ရက်မှာ ကြွေးကြော်လိုက်ပါတယ်။

    ပြောက်ကျားရဲဘော်ဟောင်းဖြစ်တဲ့ ပေထရိုက “ကျုပ် လက်နက်မကိုင်တော့ပါဘူးလို့ ကျိန်ဆိုခဲ့တာ။ ဒါပေမဲ့ အမိမြေကို ကာကွယ်ဖို့ လက်နက်ပြန်လည်စွဲကိုင်ရတော့မှာပေါ့” လို့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

    ပေထရိုဟာ ၁၉၈၉ ခုနှစ် ငြိမ်းချမ်းရေးစာချုပ်အရ လက်နက်စွန့်ခဲ့တဲ့ M-19 မြို့ပြပြောက်ကျားအဖွဲ့ဝင်ဟောင်း တယောက် ဖြစ်ပါတယ်။

    ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုကို ဝင်ဖမ်းပြီးတဲ့နောက် ကိုလံဘီယာကိုပါ စစ်ရေးအရ အရေးယူဖို့ သဘောတူတယ်လို့ ထရမ့်ပ်က ပြောကြားထားတာပါ။

    ဒါ့အပြင် ပေထရိုဟာ ကိုကင်းထုတ်ပြီး အမေရိကန်ကို ရောင်းစားနေတဲ့ “စိတ်ပျက်စရာလူ” ဖြစ်တယ်လို့လည်း ထရမ့်ပ်က စွပ်စွဲထားပါတယ်။

    အမေရိကန်ဟာ ပေထရိုနဲ့ သူ့မိသားစုကို ပိတ်ဆို့မှုတွေလုပ်ထားသလို၊ မူးယစ်တိုက်ဖျက်ရေး မဟာမိတ်စာရင်းကနေလည်း ကိုလံဘီယာကို ဖယ်ရှားခဲ့ပါတယ်။

    ပေထရိုက “လုံလောက်တဲ့ ထောက်လှမ်းရေးအချက်အလက်မရှိဘဲ ဒီအဖွဲ့တွေကို ဗုံးကြဲမယ်ဆိုရင် ကလေးငယ်တွေ အများကြီး သေကျေနိုင်သလို၊ တောင်သူလယ်သမားတွေကို ဗုံးကြဲမယ် ဆိုရင်လည်း တောင်တန်းတွေပေါ်မှာ ပြောက်ကျားတွေ ထောင်ချီပေါ်ပေါက်လာလိမ့်မယ်။ ပြည်သူအများစု ချစ်ခင်လေးစားတဲ့ သမ္မတကို ဖမ်းဆီးမယ်ဆိုရင်တော့ ပြည်သူတွေရဲ့ ဒေါသအဟုန်ကို ဖွင့်လွှတ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်”လို့ ရေးသားထားပါတယ်။

    ထရမ့်ပ်အစိုးရအဖွဲ့ဟာ ကိုလံဘီယာကလက်ယာယိမ်း အတိုက်အခံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး၊ အဲဒီအတိုက်အခံတွေကတော့ ဒီနှစ်ထဲမှာ ကျင်းပမဲ့ ဥပဒေပြုလွှတ်တော်နဲ့ သမ္မတရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့ မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိနေကြပါတယ်။

    Source: Reuters

  • UEC ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်သန်းစိုးက ကြံ့ခိုင်ရေးကို အထိမခံဖြစ်နေ

    UEC ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်သန်းစိုးက ကြံ့ခိုင်ရေးကို အထိမခံဖြစ်နေ

    ပြိုင်ဘက်ပါတီတွေကို စော်ကားပုတ်ခတ်ပြောဆိုရင် ဥပဒေအရ အရေးယူမယ်လို့ စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ် သန်းစိုးက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ နေပြည်တော်တွေ့ဆုံပွဲမှာ နိုင်ငံရေးပါတီတွေကို ခြိမ်းခြောက်ပြောဆို လိုက်ပါတယ်။

    ဒီပြောဆိုချက်ဟာ အပေါ်ယံမှာတော့ စည်းကမ်းထိန်းသိမ်းတဲ့ သဘောလို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ စစ်တပ်လက်အောက်ခံ ကြံ့ခိုင်ရေးပါတီကို ဘယ်သူမှ ဝေဖန်ခြင်းမပြုနိုင်အောင် သွယ်ဝိုက်ပြီး ပါးစပ်ပိတ်ခိုင်းလိုက်တာလို့ နိုင်ငံရေးလောကမှာ ဝေဖန်သံတွေ ဆူညံသွားခဲ့တာပါ။

    UEC ဥက္ကဋ္ဌကိုယ်တိုင်က စစ်တပ်က လာသူဖြစ်တဲ့အတွက် စစ်တပ်ကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ရေးပါတီကို အထိမခံဖို့ သတိပေးတာဖြစ်ပြီး ပုတ်ခတ်မဲဆွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ဖို့အထိ ရည်ရွယ်နေတာလို့ နိုင်ငံရေးလေ့လာသူတွေက မှတ်ချက်ပြုနေပါတယ်။

    UEC အနေနဲ့ တခြားပါတီတွေကို ပုတ်ခတ်ခြင်းမပြုဖို့ တားမြစ်နေပေမဲ့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကတော့ NLD ပါတီကို ပုတ်ခတ်ပြောဆိုပြီး မဲဆွယ်နေတာတွေကို ကော်မရှင်က နှုတ်ပိတ်နေတာပဲ ဖြစ်ပါတယ်။

    “NLD ကျတော့ အတိတ်မှာ ကျန်ခဲ့ပြီတို့ ဘာတို့နဲ့ ပုတ်ခတ်နေတာတွေကျတော့ အရေးမယူဘူးပေါ့။ ဒီလိုပြောလို့ အခုရွေးကောက်ပွဲမှာ NLD မှ မပါတာလို့ ပြောဦးမယ်။ အမျိုးမျိုး သူတို့လှည့်ကွက်တွေချည်းပဲ”လို့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက NLD ပါတီကို မဲပေးခဲ့တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

    ကြံ့ခိုင်ရေးပါတီဟာ ရွေးကောက်ပွဲ ပထမပိုင်းရလဒ်မှာ မဲရုံမဲမှာ ရှုံးနေရင်တောင် ကြိုတင်မဲနဲ့ ပြောင်းပြန်လှန်နိုင်အောင် လုပ်ဆောင်ပြီး အနိုင်ရရှိနေတာတွေ ရှိနေလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

    အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်ကလည်း ဒီရွေးကောက်ပွဲရလဒ်တွေကို အလွယ်တကူ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောထားပါတယ်။

    နိုင်ငံရေးလေ့လာသူတွေကတော့ အရင်အစိုးရကို မဲမသမာမှုနဲ့ စွပ်စွဲပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ အခုသူတို့ကိုယ်တိုင် မယုံကြည်နိုင်စရာ ကြိုတင်မဲတွေနဲ့ ဇာတ်တိုက်ကာ စစ်တပ်ပါတီကို အာဏာအပ်ဖို့ အတင်းအကျပ် ကြိုးပမ်းနေတာဖြစ်တယ်လို့ ဝေဖန်ထားကြပါတယ်။

  • ကျောက်ဖြူတွင် စစ်ကော်မရှင်စစ်ကြောင်းများ AA ထံချေမှုန်းခံရ၍ အသေအပျောက်များနေ

    ကျောက်ဖြူတွင် စစ်ကော်မရှင်စစ်ကြောင်းများ AA ထံချေမှုန်းခံရ၍ အသေအပျောက်များနေ

    တပ်ဖွဲ့ဝင်အချို့ကို AA အရှင်ဖမ်းမိထားပြီး နေရာအနှံ့အပြားတိုက်ပွဲပြင်းထန်လာ

    ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်၏ ရိက္ခာလာပို့သည့်စစ်ကြောင်းနှင့် ကင်းလှည့်စစ်ကြောင်းများသည် အာရက္ခတပ်တော်(AA)ထံ ချေမှုန်းခံရ၍ အသေအပျောက်များပြီး တပ်ဖွဲ့ဝင်အချို့ကို AA က အရှင်ဖမ်းမိထားကြောင်း သတင်းရရှိသည်။

    ကျောက်ဖြူမြို့နယ်ရှိ အမှတ်(၃၂)ရဲတပ်ရင်း၊ သစ်ပုတ်တောင်တိုက်နယ်ဖက် မြို့ပြင်အနှံ့အပြားတွင် ရိက္ခာပို့ပြီး ကင်းလှည့်နေသော စစ်ကြောင်းများသည် AA ၏ ပြောက်ကျားစနစ်နှင့် နည်းဗျူဟာအသစ်တို့ဖြင့် ကြားဖြတ်တိုက်ခိုက်ခံနေရပြီး အသေအပျောက်များနေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “အဓိက စစ်ကြောင်းတွေထွက်တာတွေကို AA ဖက်က ပြောက်ကျားစနစ်နဲ့ အလစ်သုတ်ဝင်တိုက်တာ။ AA ဖက်က ဒရုန်းတွေ၊ လက်နက်တွေပစ်ပြီးတိုက်တာ။ သူတို့က မကြာခဏချေမှုန်းခံနေရတယ်အခုနောက်ပိုင်း။ သေတဲ့အလောင်းတောင် မကောက်နိုင်ဘူး။ ရဲတပ်ရင်း (၃၂)ဖက်၊ လိပ်ခ‌မော်၊ ဒိုးတန်းတောင်ဖက်၊ သစ်ပုတ်တောင်တိုက်နယ်ဖက်မှာ စစ်ကြောင်းထိုးတယ်။ ကင်းလှည့်တယ်” ဟု ပြောသည်။

    ယခုကဲ့သို့ AA ထံတိုက်ခိုက်ခံရသည့်အတွက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့သည် ကြောက်လန့်ပြီး ချုံကြားများတွင် ပုန်းကျန်ခဲ့ရာမှ အချို့ကို AA က အရှင်ဖမ်းဆီးရမိထားသည်ဟု မြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “တချို့တပ်ဖွဲ့ဝင်တွေဆို ကြောင်သွားပြီး ပြန်လည်းမတိုက်၊ ပြေးလည်းမပြေး။ ပုန်းပြီးကျန်ခဲ့တာရှိတယ်။ AA ရဲ့တိုက်ခိုက်မှုကို တအားလန့်ပြီးဖြစ်သွားကြတာတွေရှိတယ်” ဟု ပြောသည်။

    စစ်ကော်မရှင်စစ်ကြောင်းများသည် AA ထံ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံလာရသည့်အတွက် စစ်ကော်မရှင်ဘက်မှ လက်နက်ကြီး၊ ဒရုန်း၊ နေဗီများက AA ရှိနိုင်သည့်နေရာများကိုမှန်းဆကာ ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

    ယနေ့ ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ် ၂ နာရီအထိ သစ်ပုတ်တောင်ဖက်မှ ပေါက်ကွဲသံများကိုလည်း ကျယ်လောင်စွာကြားရသည်ဟု မြို့ခံများက ပြောသည်။

    လက်ရှိကျောက်ဖြူတိုက်ပွဲမှာ မြို့ပေါ်မှလွဲပြီး မြို့နယ်အနှံ့အပြားတွင် တိုက်ပွဲပိုမိုပြင်းထန်လာသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

    “ဒီဇင်ဘာလကတည်းက ပြင်းလာတာ။ အခု ဇန်နဝါရီအစပိုင်းကနေ ဒီနေ့အထိ ဗုံးချသံတွေ၊ လက်နက်ပစ်ခတ်သံတွေ ပိုကြားလာရတယ်။ ကျမသိတာက ဒိုးတန်းတောင်ဖက်၊ သစ်ပုတ်တောင်ဖက်။ နေရာကွက်ကျားပါပဲ တိုက်ပွဲဖြစ်နေတာ”ဟု ပြောသည်။

    လက်ရှိ AA နှင့် စစ်ကော်မရှင်တပ်တို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲများမှာ ကျောက်ဖြူမြို့နားအထိကပ်လာသဖြင့် မြို့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် ပြန်လည်စစ်ရှောင်သွားကြသည်ဟု သိရသည်။

  • ခါမီနီ မော်စကိုသို့ ပြေးရန်ပြင်

    ခါမီနီ မော်စကိုသို့ ပြေးရန်ပြင်

    ဆန္ဒပြ ပြည်သူများကို တစ်ယောက် ၅ ပေါင်ခွဲပေး၍ ချွေးသိပ်ပြီး ခါမီနီ မော်စကိုသို့ ပြေးရန်ပြင်

    ဒီဇင်ဘာ ၂၈ ရက်မှ စတင်ပြီး ကုန်စျေးနှုန်း ကြီးမြင့်လာခြင်းနှင့် ငွေကြေးတန်ဖိုး လျော့ကျလာခြင်းကြောင့် တီဟီရန်မြို့တော်ရှိ စျေးသည်များ စတင်ဆန္ဒပြရာမှ နိုင်ငံအတွင်း မြို့ပေါင်း ၂၀ ကျော် တွင် လူထုအုံကြွမှုကြီး ဖြစ်ပွားနေကာ ထိန်းမရသည့် အခြေအနေကြောင့် အီရန် ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ မင်းမူ အုပ်ချုပ်နေသော ၈၆ နှစ်အရွယ် အလီခါမီနီသည် အနီးဆုံးမိသားစု အပေါင်းအပါ ၂၀ ဝန်းကျင်ဖြင့် မော်စကိုသို့ ထွက်ပြေးတော့မည် ဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်အရ သိရသည်။

    စားသောက်ကုန် စျေးနှုန်းများ ၇၂ ရာခိုင်နှုန်း မြင့်တက်နေပြီး ငွေကြေး ဖောင်းပွမှုနှုန်းမှာ တစ်နှစ် အတွင်း ၄၂ ဒသမ၂ ရာခိုင်နှုန်း ရှိလာပြီ ဖြစ်သောကြောင့် အမျိုးသမီး၊ လူငယ်များမကျန် အီရန် ပြည်သူများက ခါမီနီ ဇာတ်သိမ်းပါစေ၊ အစိုးရကျဆုံးပါစေ ဆိုသော ကြွေးကြော်သံများဖြင့် ဆန္ဒပြသည့် အပြင် အစိုးရရုံးများ၊ ကားများကို မီးရှို့ ဖျက်ဆီးခြင်းနှင့် ခါမီနီပုံများ၊ အီရန်အလံများ မီးရှို့ ဆန္ဒပြမှုများ ပြင်းထန်လာနေသည်။

    ယင်းဖြစ်ရပ်များအတွင်း အီရန် လုံခြုံရေးတပ်များက ဆန္ဒပြသူများကို ပစ်ခတ်ရာ အနည်းဆုံး ၁၂ ဦး သေဆုံးပြီး ကလေး ၃ ဦးပါဝင်ကာ ၅၀‌ ကျော် ဒဏ်ရာရခဲ့သည်။

    အီရန်အနေဖြင့် ကိုယ့်ပြည်သူများကို ပြန်သတ်နေမည် ဆိုလျှင် စစ်ရေးအရ ဝင်ရောက် စွက်ဖက်ရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရာဇသံ ပေးထားသေးရာ နောက်ဆုံးသော ထိန်းသိမ်း ဖျောင်းဖျမှုအဖြစ် အလွန် ကပ်စေးနှဲသော ခါမီနီသည် ပြည်သူများအား ထောက်ပံ့ငွေ ဘောက်ချာ ရီယယ် ၁၀ သန်းစီ ပေးမည်ဖြစ်ကာ ဆန္ဒပြမှုများ ရပ်ကြရန် ကမ်းလှမ်းခဲ့သည်။

    သို့သော် အီရန်ငွေ ရီယယ် ၁၀ သန်းသည် စတာလင်ပေါင် ၅ ပေါင်ခွဲသာရှိကာ အီရန်လူဦးရေ သန်း ၈၀ က မည်သို့မျှ လက်မခံဘဲ အစွမ်းကုန် တိုက်ပွဲဝင်ရန် လမ်းပေါ် ထွက်လာနေကြပြီဖြစ်သည်။

    စစ်တပ်နှင့် လုံခြုံရေးတပ်များသည် ပြည်သူ့အုံကြွမှုအား မထိန်းချုပ်နိုင်လျှင် သို့မဟုတ် မထိန်းချုပ်ပေးတော့လျှင် ခါမီနီအနေဖြင့် မည်သို့မျှ မနေသာတော့ဘဲ မဟာမိတ်ပူတင် အကူအညီဖြင့် မော်စကိုသို့ မိသားစု အပေါင်းအပါ ၂၀ ဝန်းကျင်ဖြင့် အတူထွက်ပြေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း အီရန်တွင် အစ္စရေး ထောက်လှမ်းရေး အဖြစ် ၈ နှစ်ကြာ တာဝန်ထမ်းခဲ့သော အစ္စရေး ဝါရင့် ထောက်လှမ်းရေးဟောင်း ဘီနီဆက်ဘ်တီက ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

    Ref: Thesun

  • မိုးကုတ်တွင် ကျောက်ရှာသူ ၁၀၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးငွေတောင်း

    မိုးကုတ်တွင် ကျောက်ရှာသူ ၁၀၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးငွေတောင်း

    မိုးကုတ်အကျဉ်းထောင်အနောက်ဘက်မှာရှိတဲ့ ချောင်းအတွင်း ကျောက်ရှာသူ (ဒေသအခေါ် ခနဲဆေးသူ) ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီး ငွေတောင်းခဲ့တယ်လို့ မြို့ခံ မျက်မြင်သက်သေတယောက်က ပြောပါတယ်။

    ဒီဇင်ဘာ ၅ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ကျောက်ရှာနေသူတွေဆီ ကားအကြီး ၅ စီး လောက်နဲ့ ရောက်ရှိလာပြီး ဖမ်းဆီးငွေတောင်းကာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

    “ခနဲဆေးဆယ် ဆိုတာက ရေစီးနဲ့ပါလာတဲ့ ကျောက်တွေ မျောလာတာကို ဆန်ခါနဲ့ စစ်ပြီး စုတာဗျ။ ကျောက်တွင်းတွေကနေ စီးဆင်းလာတဲ့ရေတွေ ဆိုတော့ဗျ။ စက်တွေ၊ ပစ္စည်းတွေ သိမ်းသွားတယ်ဗျ။ လူပဲ လွှတ်ပေးလိုက်တာဗျ။ မြင်တာတော့ ၁၀၀ ကျော်လောက် ရှိမယ်။ တယောက်ကို သိန်းဂဏန်း ပိုက်ဆံတောင်းပြီးတော့ ပြန်လွှတ်တာတဲ့၊ ရိုက်တာ၊ နှက်တာတော့ မတွေ့ရဘူး။ မြို့ထဲမှာလည်း ဒီနေ့စစ်နေတယ်။ ဖုန်းပါ ယူစစ်တယ်လို့ ပြောတယ်” မျက်မြင်သက်သေက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း အဲဒီကျောက်ရှာနေသူ (ခနဲဆေးသူ) တွေကို စစ်တပ်က ဆက်မလုပ်ဖို့ ပြောခဲ့ပြီး အခုတခါမှာတော့ ဖမ်းဆီးငွေတောင်းကာ ထပ်တွေ့ရရင် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ကာ ပြန်လွှတ်ခဲ့တာလို့ ဆိုပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၅ ရက်နေ့မနက်ပိုင်း၊ မိုးကုတ်အရှေ့ပိုင်းက လမ်းဆုံနေရာတွေမှာ လမ်းသွား၊ လမ်းလာတွေကို စစ်ဆေးငွေတောင်းတာတွေ လုပ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒေသခံတယောက်က “ဆိုင်ကယ်ဘောက်တွေ ဖွင့်စစ် ဘယ်သွားမှာလဲတွေ မေးတယ်ဗျ။ ဖုန်းထဲက ဓာတ်ပုံတွေ အစစ်ခံရသူလည်း ရှိတယ်” လို့ ပြောပါတယ်။

    မိုးကုတ်မြို့ထဲ ဌာနဆိုင်ရာဝန်ထမ်းတွေ မရောက်လာသေးပေမဲ့ အခုလိုမျိုး စစ်ကောင်စီတပ်က စစ်ဆေး၊ ဖမ်းဆီး၊ ငွေတောင်းတာတွေ စလုပ်လာတာကြောင့် မြို့ခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

    ဇန်နဝါရီ ၄ ရက် မနက်ပိုင်းကလည်း လယ်ဦး ရတနာသီရိကျောင်းဝင်းထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ သံဃာတစ်ပါးနဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။