တပ်ဖွဲ့ဝင်အချို့ကို AA အရှင်ဖမ်းမိထားပြီး နေရာအနှံ့အပြားတိုက်ပွဲပြင်းထန်လာ
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်၏ ရိက္ခာလာပို့သည့်စစ်ကြောင်းနှင့် ကင်းလှည့်စစ်ကြောင်းများသည် အာရက္ခတပ်တော်(AA)ထံ ချေမှုန်းခံရ၍ အသေအပျောက်များပြီး တပ်ဖွဲ့ဝင်အချို့ကို AA က အရှင်ဖမ်းမိထားကြောင်း သတင်းရရှိသည်။
ကျောက်ဖြူမြို့နယ်ရှိ အမှတ်(၃၂)ရဲတပ်ရင်း၊ သစ်ပုတ်တောင်တိုက်နယ်ဖက် မြို့ပြင်အနှံ့အပြားတွင် ရိက္ခာပို့ပြီး ကင်းလှည့်နေသော စစ်ကြောင်းများသည် AA ၏ ပြောက်ကျားစနစ်နှင့် နည်းဗျူဟာအသစ်တို့ဖြင့် ကြားဖြတ်တိုက်ခိုက်ခံနေရပြီး အသေအပျောက်များနေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အဓိက စစ်ကြောင်းတွေထွက်တာတွေကို AA ဖက်က ပြောက်ကျားစနစ်နဲ့ အလစ်သုတ်ဝင်တိုက်တာ။ AA ဖက်က ဒရုန်းတွေ၊ လက်နက်တွေပစ်ပြီးတိုက်တာ။ သူတို့က မကြာခဏချေမှုန်းခံနေရတယ်အခုနောက်ပိုင်း။ သေတဲ့အလောင်းတောင် မကောက်နိုင်ဘူး။ ရဲတပ်ရင်း (၃၂)ဖက်၊ လိပ်ခမော်၊ ဒိုးတန်းတောင်ဖက်၊ သစ်ပုတ်တောင်တိုက်နယ်ဖက်မှာ စစ်ကြောင်းထိုးတယ်။ ကင်းလှည့်တယ်” ဟု ပြောသည်။
ယခုကဲ့သို့ AA ထံတိုက်ခိုက်ခံရသည့်အတွက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့သည် ကြောက်လန့်ပြီး ချုံကြားများတွင် ပုန်းကျန်ခဲ့ရာမှ အချို့ကို AA က အရှင်ဖမ်းဆီးရမိထားသည်ဟု မြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“တချို့တပ်ဖွဲ့ဝင်တွေဆို ကြောင်သွားပြီး ပြန်လည်းမတိုက်၊ ပြေးလည်းမပြေး။ ပုန်းပြီးကျန်ခဲ့တာရှိတယ်။ AA ရဲ့တိုက်ခိုက်မှုကို တအားလန့်ပြီးဖြစ်သွားကြတာတွေရှိတယ်” ဟု ပြောသည်။
စစ်ကော်မရှင်စစ်ကြောင်းများသည် AA ထံ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံလာရသည့်အတွက် စစ်ကော်မရှင်ဘက်မှ လက်နက်ကြီး၊ ဒရုန်း၊ နေဗီများက AA ရှိနိုင်သည့်နေရာများကိုမှန်းဆကာ ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ် ၂ နာရီအထိ သစ်ပုတ်တောင်ဖက်မှ ပေါက်ကွဲသံများကိုလည်း ကျယ်လောင်စွာကြားရသည်ဟု မြို့ခံများက ပြောသည်။
လက်ရှိကျောက်ဖြူတိုက်ပွဲမှာ မြို့ပေါ်မှလွဲပြီး မြို့နယ်အနှံ့အပြားတွင် တိုက်ပွဲပိုမိုပြင်းထန်လာသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ဒီဇင်ဘာလကတည်းက ပြင်းလာတာ။ အခု ဇန်နဝါရီအစပိုင်းကနေ ဒီနေ့အထိ ဗုံးချသံတွေ၊ လက်နက်ပစ်ခတ်သံတွေ ပိုကြားလာရတယ်။ ကျမသိတာက ဒိုးတန်းတောင်ဖက်၊ သစ်ပုတ်တောင်ဖက်။ နေရာကွက်ကျားပါပဲ တိုက်ပွဲဖြစ်နေတာ”ဟု ပြောသည်။
လက်ရှိ AA နှင့် စစ်ကော်မရှင်တပ်တို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲများမှာ ကျောက်ဖြူမြို့နားအထိကပ်လာသဖြင့် မြို့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် ပြန်လည်စစ်ရှောင်သွားကြသည်ဟု သိရသည်။


Leave a Reply