ပြိုင်ဘက်ပါတီတွေကို စော်ကားပုတ်ခတ်ပြောဆိုရင် ဥပဒေအရ အရေးယူမယ်လို့ စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ် သန်းစိုးက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ နေပြည်တော်တွေ့ဆုံပွဲမှာ နိုင်ငံရေးပါတီတွေကို ခြိမ်းခြောက်ပြောဆို လိုက်ပါတယ်။

ဒီပြောဆိုချက်ဟာ အပေါ်ယံမှာတော့ စည်းကမ်းထိန်းသိမ်းတဲ့ သဘောလို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ စစ်တပ်လက်အောက်ခံ ကြံ့ခိုင်ရေးပါတီကို ဘယ်သူမှ ဝေဖန်ခြင်းမပြုနိုင်အောင် သွယ်ဝိုက်ပြီး ပါးစပ်ပိတ်ခိုင်းလိုက်တာလို့ နိုင်ငံရေးလောကမှာ ဝေဖန်သံတွေ ဆူညံသွားခဲ့တာပါ။
UEC ဥက္ကဋ္ဌကိုယ်တိုင်က စစ်တပ်က လာသူဖြစ်တဲ့အတွက် စစ်တပ်ကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ရေးပါတီကို အထိမခံဖို့ သတိပေးတာဖြစ်ပြီး ပုတ်ခတ်မဲဆွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ဖို့အထိ ရည်ရွယ်နေတာလို့ နိုင်ငံရေးလေ့လာသူတွေက မှတ်ချက်ပြုနေပါတယ်။

UEC အနေနဲ့ တခြားပါတီတွေကို ပုတ်ခတ်ခြင်းမပြုဖို့ တားမြစ်နေပေမဲ့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကတော့ NLD ပါတီကို ပုတ်ခတ်ပြောဆိုပြီး မဲဆွယ်နေတာတွေကို ကော်မရှင်က နှုတ်ပိတ်နေတာပဲ ဖြစ်ပါတယ်။
“NLD ကျတော့ အတိတ်မှာ ကျန်ခဲ့ပြီတို့ ဘာတို့နဲ့ ပုတ်ခတ်နေတာတွေကျတော့ အရေးမယူဘူးပေါ့။ ဒီလိုပြောလို့ အခုရွေးကောက်ပွဲမှာ NLD မှ မပါတာလို့ ပြောဦးမယ်။ အမျိုးမျိုး သူတို့လှည့်ကွက်တွေချည်းပဲ”လို့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက NLD ပါတီကို မဲပေးခဲ့တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီဟာ ရွေးကောက်ပွဲ ပထမပိုင်းရလဒ်မှာ မဲရုံမဲမှာ ရှုံးနေရင်တောင် ကြိုတင်မဲနဲ့ ပြောင်းပြန်လှန်နိုင်အောင် လုပ်ဆောင်ပြီး အနိုင်ရရှိနေတာတွေ ရှိနေလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်ကလည်း ဒီရွေးကောက်ပွဲရလဒ်တွေကို အလွယ်တကူ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောထားပါတယ်။
နိုင်ငံရေးလေ့လာသူတွေကတော့ အရင်အစိုးရကို မဲမသမာမှုနဲ့ စွပ်စွဲပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ အခုသူတို့ကိုယ်တိုင် မယုံကြည်နိုင်စရာ ကြိုတင်မဲတွေနဲ့ ဇာတ်တိုက်ကာ စစ်တပ်ပါတီကို အာဏာအပ်ဖို့ အတင်းအကျပ် ကြိုးပမ်းနေတာဖြစ်တယ်လို့ ဝေဖန်ထားကြပါတယ်။


Leave a Reply