Category: News

  • စစ်တပ် လက်လွှတ်ထားရသည့် ချင်းနှင့်ရခိုင်တွင် ရွေးကောက်ပွဲများပြီးဆုံး

    စစ်တပ် လက်လွှတ်ထားရသည့် ချင်းနှင့်ရခိုင်တွင် ရွေးကောက်ပွဲများပြီးဆုံး

    စစ်တပ်က လက်လွှတ်လိုက်ရသည့် နေရာအများစုရှိသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၎င်းတို့ဦးဆောင်လုပ်သော ရွေးကောက်ပွဲများသည် အပိုင်း (၁) မှာပင် အပြီးသတ်သွားပြီဖြစ်သည်။

    စစ်ကော်မရှင်က နယ်မြေအများအပြားလက်လွှတ်ထားရသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ကျင်းပခဲ့သော ရွေးကောက်ပွဲသည် အပိုင်း (၁) မှာပင် အပြီးသတ်သွားပြီး စစ်တပ်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နေရာအများစု အနိုင်ရခဲ့သည်။

    ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိဟု ဆိုကာ ရခိုင်ပြည်နယ်မှ လေးမြို့နယ်၊ ချင်းပြည်နယ် သုံးမြို့နယ်နှင့် စစ်ကိုင်းတိုင်းမှ မြို့နယ် နှစ်ခုတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း ရွေးကောက်ပွဲ အပိုင်း (၁) မကျင်းပမီ တစ်ရက်အလို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

    ထို့ကြောင့် ချင်းပြည်နယ်တွင် ကိုးမြို့နယ်အနက် မြို့တော် ဟားခါး၊ တီးတိန်၊ ထန်တလန်၊ ဖလမ်း၊ တွန်းဇံ စသော မြို့နယ်တို့တွင် ရွေးကောက်ပွဲ လုပ်နိုင်မည်ဟု စစ်ကော်မရှင်က ကနဦး မျှော်မှန်းခဲ့သော်လည်း ဟားခါးနှင့်တီးတိန် နှစ်မြို့နယ်ရှိ မြို့ပေါ်တွင်သာ ရွေးကောက်ပွဲ လုပ်နိုင်ခဲ့သည်။

    ၎င်းတို့ လက်လွှတ်ထားရသည့် ထန်တလန်၊ ဖလမ်း၊ တွန်းဇံမြို့နယ်တို့တွင် ရွေးကောက်ပွဲများ ဆက်မလုပ်နိုင်တော့ခြင်းဖြစ်သည်။

    “တခြား နောက်ထပ်ကြေညာချက်တွေမရှိဘူးဆိုရင်တော့ ချင်းပြည်နယ်က လောလောဆယ်တော့ ပြီးသွားပြီဆို တဲ့အခြေအနေပေါ့”ဟု ဇိုမီးအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူးက ပြောသည်။

    ဒီဇင်ဘာလ ၂၈ ရက်နေ့က ရွေးကောက်ပွဲ အပိုင်း (၁) ကို စစ်တပ်နှင့်ဌာနဆိုင်ရာရုံးများ အခြေစိုက်ရာ ပြည်နယ်မြို့တော် ဟားခါးနှင့် တီးတိန်မြို့နယ်တွင် ပြုလုပ်ခဲ့ရာ မဲရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၄ နေရာ၊ ဇိုမီးအမျိုးသားပါတီက ၂ နေရာအနိုင်ရရှိခဲ့ကြောင်း သိရသည်။

    ပြည်ခိုင်ဖြိုးပါတီက ဟားခါးမြို့နယ်တွင် ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် တို့တွင် ၃ နေရာ အနိုင်ရခဲ့ပြီး တီးတိန်မြို့နယ်တွင် ပြည်သူ့လွှတ်တော် ၁ နေရာ အနိုင်ရရှိခဲ့ သည်။ ချင်းပါတီသစ် တစ်ခုဖြစ်သည့် ဇိုမီးအမျိုးသားပါတီက တီးတိန်မြို့နယ် ပြည်နယ်လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် အနိုင်ရရှိခဲ့ကြောင်းသိရသည်။

    “ကြိုတင်မဲတွေကြောင့်အပြတ်အသတ် မနိုင်တာ။ ကြိုတင်မဲတွေသာ မရှိဘူးဆိုရင်အပြတ်အသတ်နိုင်မှာ။ ကြိုတင်မဲကြောင့် (ဇိုမီးအမျိုးသားပါတီက) ပွတ်ကာသီကာ နိုင်သွားတယ်။ နိုင်တာတော့ နိုင်တယ်”ဟု ဇိုမီးအမျိုးသား ပါတီမှ အထွေထွေ အတွင်းရေးမှူးက ပြောသည်။

    တီးတိန်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင်လည်း ကြိုတင်မဲရလဒ်ကြောင့် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့သွားပြီး မဲရလဒ်ကွာဟချက် ၃၀၀ နီးပါးခန့်သာရှိသည်ဟု ၎င်းကဆိုသည်။

    စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီလ ၂ ရက်နေ့က စတင်၍ ထုတ်ပြန်နေသည့် အနိုင်ရ ကိုယ်စားလှယ်စာရင်းအရ ပြည်သူ့လွှတ်တော်နေရာအတွက် ဟားခါးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဗန်နီ၊ တီးတိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆလိုင်းအောင်ပြည့်တို့ ဖြစ်သည်။

    သုံးမြို့နယ်သာ ကျင်းပသည့် ရခိုင် ရွေးကောက်ပွဲ

    စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း(၁)တွင် ပြည်နယ်မြို့တော် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် သုံးမြို့နယ်တွင်သာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး နေရာအများစုတွင် ကြံ့ခိုင်ရေးပါတီက မဲအသာဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

    ရခိုင် ၁၇ မြို့နယ်ရှိသည့်အနက် ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားရာ ရွေးကောက်ပွဲလုပ်ခွင့် မပြုကြောင်း ကြေညာထားပြီး စစ်ကော်မရှင်ကလည်း ၎င်းတို့ထိန်းချုပ်သည့် အထက်ပါသုံးမြို့နယ်တွင်သာ ရွေးကောက်ပွဲ အပိုင်း(၁) အား ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

    ထိုသုံးမြို့နယ်အနက် မာန်အောင်တွင်သာ မြို့နယ်တစ်ခုလုံး ကျင်းပနိုင်ခဲ့ပြီး စစ်တွေမြို့ပေါ် ကစ္ဆပရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၁၇ ခု၊ ကျောက်ဖြူမြို့နယ်တွင် စနဲမြို့ပေါ် ၅ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၄၈ အုပ်စုတို့တွင် ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း ဒီဇင်ဘာလ ပထမပတ်ကတည်းက ကြေညာထားသည်။

    ရွေးကောက်ပွဲ ကျင်းပမည့်ရက် မတိုင်မီ တစ်ရက်အလို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အပြီးသတ်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် မပြုလုပ်နိုင်မည့် နယ်မြေများကိုကြေညာခဲ့ရာတွင် ရခိုင်ဒေသ ပါဝင်ခဲ့သည်။

    အဆိုပါကြေညာချက်အရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အမ်း၊ ဂွ၊ သံတွဲ၊ တောင်ကုတ် စသော ဒေသများတွင် တစ်မြို့နယ်လုံး ကျင်းပနိုင်ခြင်းမရှိသလို 
အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) တွင် မဲဆန္ဒနယ် အမှတ် (၆) အမ်းခရိုင် တစ်ခုလုံး ရွေးကောက်ပွဲ မလုပ်နိုင်သည့် နယ်မြေများအဖြစ် ဖော်ပြထားသည်။

    အလားတူ တိုင်းနှင့်ပြည်နယ် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) ရခိုင်လွှတ်တော်၌ အမ်း၊ သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့နယ်တို့သည် ကျင်းပနိုင်ခြင်း မရှိသောနယ်မြေများတွင် ပါဝင်နေသည်။

    ရွေးကောက်ပွဲကျင်းပမည့် သုံးမြို့နယ်တွင် ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ဦးဘရှိန် ဦးဆောင်သော ရခိုင်တိုင်းရင်းသားများပါတီ (RNP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် ပါတီငယ်များဝင်ရောက်ယှဥ်ပြိုင်ကြခြင်းဖြစ်သည်။

    ဒီဇင်ဘာလ ၂၈ ရက်နေ့ က ကျင်းပပြီးစီးသွားသော ရွေးကောက်ပွဲတွင် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ဖြင့် စစ်တွေမြို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာယှဥ်ပြိုင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ကြံ့ခိုင်ရေးပါတီကို ရှုံးနိမ့်ခဲ့သည်။

    ရခိုင်တိုင်းရင်းသားများပါတီ (RNP) ဥက္ကဋ္ဌ ဦးဘရှိန်သည်လည်း ကျောက်ဖြူမြို့နယ်တွင် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP)ဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်ဟု သိရသည်။ ပြည်သူ့လွှတ်တော် တစ်နေရာတွင် မာန်အောင်မြို့နယ်၌ RNP ပါတီက တစ်နေရာ အနိုင်ရခဲ့ကြောင်း UEC က ထုတ်ပြန်ထားသည်။

    လက်ရှိတွင် စစ်တွေနှင့်ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာအများအပြား၌ အာရက္ခတပ်တော်(AA) နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်။

    ချင်းပြည်နယ် စစ်ရေးအခြေအနေ

    ချင်းပြည်နယ် မြို့နယ် ကိုးခုအနက် စစ်တပ်လက်လွှတ်ထားရသည့် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ပလက်ဝ တို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဘဲ တစ်စိတ်တစ်ပိုင်းထိန်းချုပ်ထားနိုင်သည့် ထန်တလန်၊ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဖလမ်းနှင့်တွန်းဇံမြို့တို့တွင် ရွေးကောက်ပွဲကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း နယ်မြေစိုးမိုးမှုပြန်မရသည့် အခြေအနေဖြစ်သည်။

    ဟားခါးနှင့် မိုင် ၄၀ သာဝေးပြီး ယမန်နှစ် ဧပြီလကတည်းက ချင်းညီနောင်အဖွဲ့သိမ်းထားသည့် ဖလမ်းမြို့ကို ပြန်ရရှိရေး ပြီးခဲ့သည့်နှစ် အောက်တိုဘာလကစ၍ အင်အားရာနှင့်ချီပါဝင်သည့် စစ်ကြောင်းနှစ်ခု ညှပ်ကာ ထိုးစစ်ဆင်နေပြီး သုံးလနီးပါးအကြာ ဇန်နဝါရီလဆန်းအထိ မြို့နှင့် ၁၅ မိုင်ဝန်းကျင်အတွင်းရှိ ကျေးရွာများသို့ ရောက်ရှိနေကြောင်း သိရသည်။

    စစ်ကိုင်းတိုင်း ကလေးမြို့အနောက်မြောက်ဘက်မှ တဆင့် သိုင်းငင်းနယ်ထဲဝင်ရောက်လာပြီး ဖလမ်းမြို့ဘက်သို့ ဦးတည်လာသော စစ်ကြောင်းသည် ခွန်လိုင်ရွာအနီးရောက်နေသလို၊ ကလေးမြို့ တောင်ဘက်မှ တက်လာသည့် စစ်တပ်စစ်ကြောင်းသည်လည်း ဆွမ်ဟရန်ရွာအနီး ရောက်ရှိနေကာ နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်နေသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ဆလိုင်းတင်မီထွဋ်က ဆိုသည်။

    “ဒီနေ့ထိ တိုက်ပွဲက နေ့တိုင်းလိုလို ထိတွေ့မှုတွေ ရှိတယ်။ တစ်ခါတလေကျရင်တော့ ပိုပြင်းထန်တဲ့တိုက်ပွဲတွေ ရှိတယ်။ သူတို့ဘက်က စစ်ကြောင်းထိုးဖို့ကြိုးစားတာမျိုးဆိုရင်တော့ ပိုပြင်းထန်တယ်။ ဒီနေ့ထိတော့ ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံးကာကွယ်နိုင်တဲ့အခြေအနေမှာ ရှိတယ်”ဟု ၎င်းက ပြောသည်။

    မြေပြင်စစ်ကြောင်းများသာမက Y 12 နှင့် တိုက်လေယာဉ်တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု အများအပြားသုံးပြီး ဖိအားပေးတိုက်ခိုက်နေသည်ဟု ဆလိုင်းတင်မီထွဋ်က ဆက်ပြောသည်။

    “စစ်ကြောင်းစထိုးတဲ့နေ့ကစပြီး Y 12 ပစ်တာနဲ့ လေကြောင်း ပစ်တာတွေက ထောင်ဂဏန်းရှိနေပြီ။ အဲ့ဒီလောက် ထိ လေကြောင်းကိုသုံးတယ်။ Y 12 နဲ့ရော ဂျက်ဖိုက်တာနဲ့ရော ဖလမ်းမြို့နယ်ထဲမှာ လေကြောင်းအသုံးပြုမှုက တစ်ထောင်နီးပါးရှိနေပြီ။ အဲ့ဒီလောက်ထိ စစ်ဆင်ရေးတွေ ပြင်းပြင်းထန်ထန်နဲ့ဖလမ်း မြို့ကိုလက်ထဲပြန်ရအောင် ကြိုးစားနေတဲ့အခြေအနေရှိပါတယ်”

    ဟားခါးမြို့နယ်နှင့် မိုင် ၂၀ ခန့်သာဝေးသည့် ထန်တလန်မြို့သည် မြို့လုံးကျွတ်စစ်ဘေးရှောင်နေရသည်မှာ လေးနှစ်ကျော် ရှိနေပြီဖြစ်ပြီး မြို့ပေါ်တွင် နှစ်ဖက်တပ်များကသာ နေရာယူထားသည်။

    ထို့အပြင် ပြည်နယ်မြောက်ဘက်အစွန်ဆုံးရှိ တွန်းဇံမြို့ကို ချင်းပြည်ကောင်စီနှင့်ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ် မေလကတည်းက သိမ်းပိုက်ထိန်းချုပ်ထားသည်။

  • အကြမ်းဖက်စစ်တပ်၏ အဓမ္မစုဆောင်းထားသည့် စစ်သားသစ် ၄၀ ဦး ထွက်ပြေး

    အကြမ်းဖက်စစ်တပ်၏ အဓမ္မစုဆောင်းထားသည့် စစ်သားသစ် ၄၀ ဦး ထွက်ပြေး

    မိုးမိတ်တွင် အကြမ်းဖက်စစ်တပ်၏ အဓမ္မစုဆောင်းထားသည့် စစ်သားသစ် ၄၀ ဦး ထွက်ပြေး

    “ထွက်ပြေးတာစစ်မှုထမ်းသင်တန်းဆင်းတွေချည်းပဲ။ပြန်မိတာမကြားဘူး။ ဒေသခံတွေ ပြန်မနေသေးတဲ့ အိမ်တွေကိုလည်းသူတို့ဝင်ရှာပြီးဒေသခံတွေကိုတောင် စစ်လားဆေးလားလုပ်တယ်”

    မိုးမိတ်မြို့ကိုရောက်နေတဲ့ စစ်သား​တွေထဲက ပြည်သူ့စစ်သင်တန်းဆင်း ၄၀ ဦး ထွက်ပြေးလို့ လိုက်လံဖမ်းဆီးနေပြီး တပ်အပြောင်းအလဲလည်း လုပ်နေပါတယ်။

    သင်တန်းဆင်းပြီးမိုးမိတ်ပို့ခံရတဲ့စစ်သားသစ် ၄၀ ဦးဟာ ဇန်နဝါရီလဆန်းမှာ ထွက်ပြေးတာဖြစ်ပြီး စစ်အုပ်စုက လက်သိပ်ထိုးပြီး လိုက်ရှာနေတာဖြစ်ပါတယ်။

    ရပ်ကွက်တွေ၊ ရွာတွေထဲအထိ လိုက်ရှာစဉ်မှာ ဒေသခံတွေဆီ သတင်းပေါက်ကြားလာတာဖြစ်ပါတယ်။

    “ထွက်ပြေးတာ စစ်မှုထမ်း သင်တန်းဆင်းတွေချည်းပဲ။ ပြန်မိတာမကြားဘူး။ ဒေသခံတွေ ပြန်မနေသေးတဲ့ အိမ်တွေကိုလည်း သူတို့ဝင်ရှာပြီး ဒေသခံတွေကိုတောင် စစ်လားဆေးလားလုပ်တယ်”လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

    မိုးမိတ်မြို့ကို စစ်တပ်ပြန်ဝင်လာချိန်က တပ်မ(၅၅) လက်အောက်ခံတပ်ရင်းတွေ ဖြစ်ပြီး ယခုရက်ပိုင်းမှာ တပ်မ(၉၉)နဲ့ တပ်မ(၁၁) လက်အောက်ခံတပ်တွေကို ပို့နေပါတယ်။

    “အချိန်အကြာကြီး မထားတဲ့သဘော။ နယ်မြေကျွမ်းကျင်လာရင် ထွက်ပြေးမှာစိုးလို့ ချိန်းတာ။ အခုလည်း ထွက်ပြေးသူတွေက ကျတော်တို့ သိတာထက် များနိုင်တယ်” လို့ မိုးမိတ်မြို့ခံတဦးက ပြောပါတယ်။

    ဇန်နဝါရီလဆန်းမှာ စစ်တပ်ကားအစီး ၂၀ ကျော်က မိုးကုတ်-မိုးမိတ်လမ်းအတိုင်း ဝင်လာတယ်လို့ သိရပါတယ်။

    မိုးမိတ်မြို့ဟာ တအာင်းတပ် TNLA က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူထားတဲ့မြို့ဖြစ်ပါတယ်။

    သိမ်းယူထားတဲ့ မြို့တွေအနက် မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီထံပြန်အပ်ဖို့ တရုတ်နိုင်ငံကူမင်းမြို့မှာ စစ်ကောင်စီနဲ့ဆွေးနွေး သဘောတူခဲ့ပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာလ ၂၅ ရက် နေ့လယ်ပိုင်းကစပြီး မိုးမိတ်မြို့ထဲကို ကားတွေနဲ့ဝင်ရောက်လာတာဖြစ်ပါတယ်။

    မြို့ပေါ်ကဌာနဆိုင်ရာအဆောက်အအုံတွေအပြင် ဒေသခံတွေရဲ့နေအိမ်တွေမှာလည်းတပ်စွဲထားပါတယ်။

    မိုးမိိတ်မြို့ဘောလုံးကွင်းထဲမှာ အများဆုံးတပ်စွဲထားပြီး မြို့ထဲကို မကြာခဏ ကင်းလှည့်နေတာပါ။

    စစ်ကောင်စီစစ်ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်းတွေအများဆုံးပါနေတယ်လို့လည်း သိရပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို နိုဝင်ဘာလ (၃၀) ရက် ညနေ ၆ နာရီကစပြီး တိုက်ခိုက်ခဲ့ပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ MOD က အသိပေးထားပါတယ်။

    ယခုရက်ပိုင်းမှာ မိုးမိတ်နဲ့ သပိတ်ကျင်းလမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေပြီး လက်နက်ကြီး ပစ်ခတ်သံတွေကို မိုးမိတ်မြို့ပေါ်ကနေ ကြားနေရပါတယ်။

  • KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အုံများ ဆက်လက်ဖြိုဖျက်နေ

    KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အုံများ ဆက်လက်ဖြိုဖျက်နေ

    “အမေရိကန်က မာဒူရိုကို ဖမ်းဆီးပြပြီးနောက် KK Park အတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အုံများ စစ်တပ်က အသည်းအသန် ဖြိုဖျက်ပြပြန်”

    ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများကို စစ်တပ်က ယမန်နေ့ ဇန်နဝါရီ (၄) ရက်က တရားမဝင်အဆောက်အအုံ (၂၁) လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

    KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် အဆောက်အုံများ ဆက်လက်ဖြိုဖျက်နေ

    ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများကို အာဏာသိမ်းစစ်ကောင်စီမှ ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိ‌ ကြောင်း သိရသည်။

    ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ဇန်နဝါရီ (၄) ရက်ကပင် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ (၂၁) လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

    ထို့ကြောင့် လက်ရှိ၌ KK park နယ်မြေအတွင်း တရားမဝင်အဆောက်အအုံ စုစုပေါင်း (၆၃၅) လုံးအနက် (၅၈၄) လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

    အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်။

  • US ထူးခြားထုတ်ပြန်ချက် ၂ ရပ်

    US ထူးခြားထုတ်ပြန်ချက် ၂ ရပ်

    💢 ယူအက်စ် US ထူးခြားထုတ်ပြန်ချက် ၂ ရပ်❓

    ထရန့်လက်မှတ်ထိုး

    မြန်မာပြည်ဟာ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသေးတဲ့ နိုင်ငံဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဆက်လက်သတ်မှတ်လိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ဒီမိုကရေစီနည်းကျပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်သလို အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချခဲ့တဲ့ အတွက် ဒီလုပ်ရပ်တွေဟာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့ကို ထိခိုက်ပြီး၊
    ပြည်သူတွေရဲ့စိတ်ဆန္ဒကိုပယ်ချလိုက်တာဖြစ်တယ်။

    ဒါကြောင့် ပုံမှန်မဟုတ်တဲ့အခြေအနေ၊ ထူးခြားတဲ့ အခြေအနေအရ မြန်မာပြည်ဟာ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် အရေးပေါ်ကြေညာထားတဲ့သက်တမ်းကို ဆက်တိုးမယ်လို့ သမ္မတဒေါ်နယ်ထရမ့်ရဲ့လွှတ်တော်ကိုပေးပို့စာထဲမှာ ဖော်ပြထားပါတယ်။

    💢 အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယို ထုတ်ပြန်ချက်

    မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေ ဖြင့် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း၊

    အမေရိကန်အနေဖြင့် စစ်အုပ်စုအား အကြမ်းဖက်မှုများ ရပ်တန့်ရန်၊

    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဟန့်အတားမရှိ ရရှိစေရန်၊

    မတရားဖမ်းဆီးထိန်း သိမ်းထားသူများကို ပြန်လည်လွှတ်ပေးရန်နှင့် အကျပ်အတည်းများကို ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းစွာ အဖြေ ရှာနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းကြောင်း ၊

    ဤသည်မှာ လုံခြုံစိတ်ချရပြီး သာယာဝပြောသော အင်ဒို-ပစိဖိတ် ဒေသကြီး ဖြစ်ထွန်းလာစေရန်အတွက် မရှိမဖြစ် လိုအပ်ချက်ပင် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

    မြန်မာပြည်သူများ၏ ငြိမ်းချမ်း၍ တရားမျှတကာ သာယာဝပြောသော အနာဂတ်ဆီသို့ သွားလိုသည့် စိတ်ပိုင်းဖြတ်မှုအပေါ် ဆက်လက်ကတိ ကဝတ် ပြု ရပ်တည်လျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

    PM News Summarized

  • ဝန်းသိုမြို့ရှိ စစ်အုပ်စုကို တိုက်ခိုက်မှာမို့ ပြည်သူတွေ ဇန်နဝါရီ ၉ရက် နောက်ဆုံးထားကာ မြို့က ထွက်ခွာဖို့ PDF သတိပေး

    ဝန်းသိုမြို့ရှိ စစ်အုပ်စုကို တိုက်ခိုက်မှာမို့ ပြည်သူတွေ ဇန်နဝါရီ ၉ရက် နောက်ဆုံးထားကာ မြို့က ထွက်ခွာဖို့ PDF သတိပေး

    စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့အား ထိုးစစ်ဆင် တိုက်ခိုက်တော့မှာမို့ ပြည်သူတွေ အနေနဲ့ ဇန်နဝါရီ ၉ရက် နောက်ဆုံးထားကာ မြို့ကနေ ထွက်ခွာကြဖို့ အမှတ်(၁)စစ်ဒေသ၊ ကောလင်းခရိုင် PDF အမှတ်(၄)တပ်ရင်း – Wuntho People Defense Force – WPDF က သတင်း ထုတ်ပြန်ပါတယ်။

    “ဝန်းသိုမြို့အတွင်း နေထိုင်လျှက်ရှိသော မိဘပြည်သူများအား အမှတ်(၁)စစ်ဒေသ ကောလင်းရိုင် အမှတ်(၄)တပ်ရင်းမှ ဇန်နဝါရီ ၉ရက် နောက်ဆုံးထား၍ မြို့အတွင်းမှ ထွက်ခွာပေးနိုင်ပါရန် အသိပေး ပြန်ကြားအပ်ပါသည်။ မိဘပြည်သူများ အနေဖြင့် အခြား‌သော မြို့များနည်းတူ စစ်ကော်မရှင်၏ လူသားဒိုင်းအဖြစ် အသုံးပြု မခံရစေရန် ရည်ရွယ် ထုတ်ပြန်အပ်ပါသည်”

    တိုက်ပွဲဖြစ်ပွားချိန်တိုင်း စစ်အုပ်စုက ပြည်သူကို လူသားဒိုင်းကာအဖြစ် အသုံးချလေ့ရှိတာကြောင့် ဝန်းသိုမြို့က ပြည်သူတွေ လူသားဒိုင်းမဖြစ်စေရေး အခုလို သတိပေးတာလို့ ကောလင်းခရိုင် အမှတ်(၄) တပ်ရင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    “ကျွန်တော်တို့ကတော့ အခြားမြို့တွေလို ပြည်သူကို အဖြစ်မခံနိုင်ပါဘူး။ ပြီးတော့ (ဝန်းသိုမှာ စစ်အုပ်စု) တပ်ရင်း နှစ်ရင်း၊ ခမရ ၁၂၀ နဲ့ ခမရ ၁၁၁ ရှိနေတဲ့အတွက် ကျွန်တော်တို့ တော်တော် ကြိုးစားကြရမှာ ဖြစ်လို့ ပြည်သူကို ငဲ့ကွက်တဲ့အနေနဲ့ ထုတ်ပြန်ပေးရတာပါခင်ဗျ”

    ဝန်းသိုမြို့မှာ စစ်အုပ်စုရဲ့ တပ်ရင်တွေ ဖြစ်တဲ့ ခြေမြန်တပ်ရင်း (ခမရ) ၁၂၀ နဲ့ ခမရ ၁၁၁ တို့ ရှိပြီး အဲ့ဒီ တပ်ရင်းတွေဟာ စစ်ကိုင်းမြို့အခြေစိုက် စစ်အုပ်စုရဲ့ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ် ခေါ် တပ်မ ၃၃ လက်အောက်ခံတွေ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ရက်ကလည်း အဲ့ဒီ ဝန်းသိုမြို့ ခမရ ၁၂၀ ထဲက ထွက်လာပြီး ဝန်းသိုနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ မီးရှို့နေတဲ့ စစ်အုပ်စုကို ကောလင်းခရိုင် အမှတ် ၄တပ်ရင်းနဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၂၀ နီးပါး သုတ်သင်နိုင်ပြီး ခုနှစ်ယောက် ဖမ်းမိကာ အလောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ ကောလင်းခရိုင် အမှတ်(၄) တပ်ရင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    ဖမ်းမိထားသူတွေကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ဒဏ်ရာတွေကို ကုသပေးနေကာ အထက်က ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    လက်ရှိမှာတော့ စစ်အုပ်စုက ဝန်းသိုနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတာ၊ ဝန်းသိုနဲ့ ကောလင်းနယ်ထဲ လက်နက်ကြီး ရမ်းကား ပစ်ခတ်တာတွေ ကျူးလွန်နေပြီး မကြာခင် ရက်ပိုင်း ဝန်းသိုနယ်မှာ အယောင်ပြ ရွေးကောက်ပွဲ လုပ်ဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းက ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားစဉ်အတွင်း ဝန်းသိုမြို့ရှိ စစ်အုပ်စုရဲ့ ခမရ ၁၂၀ နဲ့ ခမရ ၁၁၁ တွေက ကောလင်းမြို့က ပြည်သူကို ပစ်မှတ်ထားကာ နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ကောလင်းမြို့ကို စစ်အုပ်စု ပြန်ရပြီးနောက်မှာလည်း ပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ အိမ်မီးရှို့တာ၊ တန်ဘိုးရှိ ပစ္စည်းတွေ ဖောက်ထွင်း ခိုးယူပြီး ဝန်းသိုမြို့ဘက် သယ်ထုတ်တာတွေ ကျူးလွန်ခဲ့ပါတယ်။

    ဝန်းသိုမြို့နဲ့ စစ်အုပ်စု တပ်ရင်းတွေ/Photo – CJ၊ MN