Category: News

  • မလှိုင်၌ ဗိုလ်မှူးဝေဖြိုး၏ အငယ်အနှောင်း ဖမ်းခံရမှုကြောင့် All Right စားသောက်ဆိုင်ပိုင်ရှင် ငွေညှစ်ခံရ

    မလှိုင်၌ ဗိုလ်မှူးဝေဖြိုး၏ အငယ်အနှောင်း ဖမ်းခံရမှုကြောင့် All Right စားသောက်ဆိုင်ပိုင်ရှင် ငွေညှစ်ခံရ

    မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ပေါ်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူးဝေဖြိုး၏ မယားငယ်ကို PDF များက ဖမ်းဆီးခဲ့ပြီးနောက်၊ နှစ်ရက်အကြာအတွင် အဆိုပါဗိုလ်မှူးက စားသောက်ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးကာ ငွေညှစ်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်၌ မလှိုင် – မိတ္ထီလာကားလမ်းမကြီး၊ ဇီးပင်ကန်ကျေးရွာအနီးရှိ All Right စားသောက်ဆိုင်တွင် နေ့လယ်စာ စားနေသည့် ဗိုလ်မှူးဝေဖြိုး၏ မယားငယ် မခိုင်ဇင်ဝေနှင့် ဦးကိုကိုအောင် တို့၏ စားပွဲဝိုင်းသို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် မခိုင်ဇင်ဝေ တစ်ဦးတည်းကိုသာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

    “ခိုင်ဇင်ဝေက စစ်တပ်ရဲ့ သတင်းပေး၊ ဒလန်လုပ်နေတာ၊ ဗိုလ်မှူးဝေဖြိုးရဲ့ အငယ်အနှောင်းလို့လည်း သိကြတယ်။ ဦးကိုကိုအောင်နဲ့ အတူထိုင်စားတယ်ဆိုတာကလည်း အဲ့ဒီ့အမျိုးသမီးက သတင်းနိုက်တာမျိုးတွေလည်း ရှိချင်ရှိမှာပါ၊ သူတို့ ပတ်သက်မှုကိုတော့ မသိဘူး။ PDF တွေက အမျိုးသမီးကိုဘဲ ဝင်ဖမ်းသွားတာ။ ဆိုင်က ဇီးပင်ကန်ရွာမှာဆိုပေမယ့် မြို့ပေါ်မှာ ရှိနေတာပါပဲ။ မိန်းလမ်းမကြီးဆိုတော့ လူသွားလူလာလည်း မပြတ်ဘူးလေ” ဟု အသက် ၂၅ နှစ်အရွယ် မလှိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    မလှိုင်မြို့၊ အမှတ် ၇ ရပ်ကွက်တွင် နေထိုင်သူ ဦးကိုကိုအောင်အနေဖြင့် လက်ရှိတွင် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်နေသူတစ်ဦး ဖြစ်ကာ၊ ၄င်း၏ ညီဖြစ်သူ ဦးညီညီအောင်မှာ တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည် ဟူသော စွပ်စွဲချက်ဖြင့် စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်းကို ခံထားရသူဖြစ်သည်။

    ဗိုလ်မှူးဝေဖြိုး၏ အငယ်အနှောင်းဖြစ်သူ မခိုင်ဇင်ဝေအနေဖြင့် ဦးကိုကိုအောင်နှင့် တွေ့ဆုံစကားပြောသည်မှာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်ခြင်းရှိ၊ မရှိကို စုံစမ်းခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က သုံးသပ်သည်။

    “ညီညီအောင်က အဖမ်းခံထားရတာ ကြာပြီ။ ဦးကိုကိုအောင်ကတော့ ပရဟိတတွေ လုပ်နေတာ။ ခိုင်ဇင်ဝေကလည်း စစ်တပ် သတင်းပေးဆိုတော့ ဦးကိုကိုအောင့်ဆီကနေ သတင်းလာရှာတာ ဖြစ်နိုင်တယ်” ဟု အမှတ် ၇ ရပ်ကွက်မှ အမျိုးသားတစ်ဦးက ဆိုသည်။

    အဆိုပါ ဖြစ်စဥ်ဖြစ်ပွားပြီးနောက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်၌ မလှိုင်မြို့နယ်တစ်ခုလုံးကို အုပ်ချုပ်ခွင့်ရရှိထားသည့် ဗိုလ်မှူးဝေဖြိုးက ဦးကိုကိုအောင်၊ All Right စားသောက်ဆိုင်ပိုင်ရှင်လင်မယားနှင့် ဝန်ထမ်းများအားလုံးကို အထွေထွေအုပ်ချုပ်ရေးရုံးသို့ ခေါ်ယူကာ တွေ့ဆုံခဲ့ကြောင်း သိရသည်။

    “ဆိုင်ပိုင်ရှင်လင်မယားရယ်၊ ဆိုင်ဝန်ထမ်းတွေအကုန်လုံးရယ်၊ ဦးကိုကိုအောင်ရယ်ကို ဗိုလ်မှူးဝေဖြိုးက ထွေအုပ်ရုံးမှာ ခေါ်စစ်တာ၊ ကျန်တဲ့သူ အကုန်လုံးကို ပြန်လွှတ်ပြီး ဆိုင်ရှင်လင်မယားကို ငွေညှစ်နေတာ၊ ခုထိ ညှိနှိုင်းနေတုန်းပဲ။ ဘယ်လောက်လဲဆိုတာက မသိသေးဘူး” ဟု မလှိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

    လက်ရှိတွင် မလှိုင်မြို့ပေါ်အထိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ကာ ဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်းကြောင့် စစ်ကော်မရှင်ဘက်က ရဲနှင့် ပျူစောထီးများကိုလည်း အင်အားဖြည့်တင်းထားကြောင်း သိရသည်။

    “ထွေအုပ်ရုံးထဲမှာလည်း ပျူတွေ လူစုနေတာတွေ့တယ်။ မနေ့ညကလည်း(ဒီဇင်ဘာ ၉) ရဲစခန်းထဲကနေ ပတ်ပတ်လည်ကို ပစ်နေတာ ညအထိပဲ။ ပေါ်တာဆွဲတာလည်း ဒီရက်ပိုင်း ပြန်စိပ်နေတယ်” ဟု အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

    မလှိုင်မြို့သည် စစ်ကော်မရှင်တပ်၏ တပ်မ ၉၉၊ ရှမ်းတဲလေတပ်ဌာနချုပ်၊ အမြောက်တပ်ရင်းများ၊ သံချပ်ကာတပ်ရင်းများ၊ လေကြောင်းနှင့် မြေပြင် အတက်သင်လေတပ်စခန်း (လမသ)၊ အမြောက်တပ်ရင်းများ၊ ကုတင် ၅၀၀ ဆန့် စစ်ဆေးရုံနှင့် ရဲသင်တန်းကျောင်းများတည်ရှိသည့် မိတ္ထီလာမြို့နှင့် ၂၂ မိုင်ခန့်သာကွာဝေးပြီး စစ်တပ်အားကောင်းသည့် မြို့တစ်ခုလည်းဖြစ်သည်။

  • စစ်ဗိုလ်ချုပ်ဟောင်းမျိုးသိန်းရဲ့တူ ဗိုလ်ကြီး မိုင်းဆွဲခံပြီး​​သေဆုံး

    စစ်ဗိုလ်ချုပ်ဟောင်းမျိုးသိန်းရဲ့တူ ဗိုလ်ကြီး မိုင်းဆွဲခံပြီး​​သေဆုံး

    စစ်ဗိုလ်ချုပ်ဟောင်းမျိုးသိန်းက သူ့ရဲ့တူဖြစ်သူ မိုင်းဆွဲခံရပြီး ​သေဆုံးခဲ့တယ်လို့လူမှုကွန်ရက်မှာမနေ့က(ဒီဇင်ဘာ ၁၀ ရက်)အသိပေးပါတယ်။

    စစ်တက္ကသိုလ်အပတ်စဥ် ၂၂ ဆင်း ဗိုလ်ချုပ်မျိုးသိန်းကလက်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး နဲ့ အရပ်သား အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ နဲ့ တပါတ်စဥ်တည်းဆင်းဖြစ်တယ်လို့ စစ်ဗိုလ်ချုပ်ဟောင်းက​ဆိုပါတယ်။

    ဗိုလ်ချုပ်ဟောင်းမျိုးသိန်းက “ပြီးခဲ့တဲ့အပတ်က တူတယောက် ဆွဲမိုင်းမိပြီး ကျသွားတယ်။ သူဗိုလ်လောင်းတက်ကတည်းက ကြိုးစားဖို့ မှာခဲ့တယ်။ ခွင့်ပြန်လာတော့ သူ့ကို စာမေးတယ်။ တပ်စုမှာပါတဲ့ လက်နက်တွေရဲ့ စွမ်းပကားတွေ မသိတာ တွေ့တော့ စစ်တိုက်မဲ့သူဟာ ဒါတွေကို အလွတ်ရ နေရမယ် လို့ ပြောခဲ့တယ်။ အရာရှိဖြစ်လို့ တခါတွေ့တော့ မင်း ငါ့စာတွေဖတ်ရဲ့လား ဆိုတော့ ဖတ်ပါတယ်လို့ ဖြေတယ်။ ဒါဆိုရင် ကြက်မတကောင် ဥ မဥ ဘယ်လိုကြည့်မလဲဆိုတော့ မဖြေနိုင်ဘူး။ ဒါနဲ့ သူ့ကို ပြောလိုက်တယ် မင်း ငါ့လို ဖြစ်ချင်ရင် ငါ့စာတွေ ဖတ်ပါလို့” ရေးသားထားတာပါ။

    ဒါ့အပြင် “လမ်းအတိုင်းသွားလို့ ဗျူဟာမှူးအပါ ၄ ဦး ကျသွားတဲ့အကြောင်း၊ လုံခြုံရေးချအပြီး လမ်းအတိုင်းသွားခိုင်းတဲ့အခါ ကျဲကျဲသွားလို့ ဆွဲမိုင်းမိပေမဲ့ လွတ်ခဲ့တဲ့အကြောင်း၊ ဆွဲမိုင်းနဲ့စောင့်နေတယ် တောတိုးပါ လမ်းကြောင်းပြောင်းပါလို့ ပြောနေတဲ့ကြားက မလိုက်နာလို့ ကျဆုံး ဒါဏ်ရာရတွေ များပြီး မရွှေ့နိုင်တော့လို့ နောက်က တပ်ကူလိုက်ပြီး ဆွဲထုတ်ရတဲ့အကြောင်း၊ ဗျူဟာမှူးက တို့တပ်နဲ့ လိုက်တဲ့အခါ မိုင်းမထိအောင် ချီတက်ပုံကို သဘောကျလို့ ချီးကျူးတဲ့အကြောင်း စသဖြင့် စုံနေအောင်ပါပဲ”သူက ဆိုပါတယ်။

    လက်ရှိအခြေအနေက ရှည်ကြာနေဦးမှာဖြစ်တဲ့အကြောင်းနဲ့ ဂရုစိုက်ကြဖို့ အပင်ပန်းခံကြဖို့နဲ ဗိုလ်ချုပ်ဟောင်းက ဆိုပါတယ်။

    မိုင်းထိပြီးသေဆုံးသွားသူက စစ်ဗိုလ်မိုးဝင်းထွဋ် ဖြစ်ပြီး ၂၀၂၃ ခုနှစ်က ပြင်ဦးလွင်စစ်တက္ကသိုလ်ကနေ ကျောင်းဆင်းခဲ့တာလို့ စုံစမ်းသိရပါတယ်။

    စစ်ဗိုလ်မိုးဝင်းထွဋ်​သေခဲ့တဲ့နေရာနဲ့ပတ်သက်လို့ ဗိုလ်ချုပ်​ဟောင်းမိုးမြင့်က အရ (မတ)လို့ အတိုကောက်သာ​ရေးထားပါတယ်။

    လတ်တလော ထိုင်း-မြန်မာနယ်စပ်က KNU/KNLA နဲ့ပူး​ပေါင်းတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ တနသ်ာရီတိုင်း(မောတောင်)မြို့ကို စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေပါတယ်။မောတောင်မြို့ကို နိုဝင်ဘာ ၁၄ ရက်က တော်လှန်ရေး အင်အားစုတွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

    ဗိုလ်ချုပ်ဟောင်း မျိုးသိန်းက စစ်တက္ကသိုလ် ကျောင်းသားဟောင်းတွေ တည်ထောင်ထားတဲ့ ချယ်ရီရိပ် ဖောင်ဒေးရှင်းမှာ ဥက္ကဌ အဖြစ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

    (​သေဆုံးသွားတဲ့ စစ်ဗိုလ် မိုးဝင်းထွဋ် ကိုမိသားစုနဲ့အတူ​တွေ့ရစဥ်/ စစ်သင်တန်းဆင်းပွဲတစ်ခုမှာဗိုလ်ချုပ်​ဟောင်းမျိုးသိန်းကို​တွေ့ရစဥ် ။ ဓါတ်ပုံ-မျိုးသိန်း​ဖေစ်ဘွခ်)

  • မြောက်ဦးမြို့ ပြည်သူ့ဆေးရုံးကို စစ်ကောင်စီ ဗုံးကြဲမှု  အရပ်သား ၃၀ ကျော် သေဆုံး၊ ၁၀၀ နီးပါး ဒဏ်ရာရ

    မြောက်ဦးမြို့ ပြည်သူ့ဆေးရုံးကို စစ်ကောင်စီ ဗုံးကြဲမှု အရပ်သား ၃၀ ကျော် သေဆုံး၊ ၁၀၀ နီးပါး ဒဏ်ရာရ

    မြောက်ဦးမြို့ ပြည်သူ့ဆေးရုံးကို စစ်ကောင်စီ ဗုံးကြဲမှု အရပ်သား ၃၀ ကျော် သေဆုံး၊ ၁၀၀ နီးပါး ဒဏ်ရာရ

    ရခိုင်ပြည်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံကို စစ်ကောင်စီ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနှစ်လုံးနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပစ်မဲ့ အရပ်သား ၃၀ ကျော် ထက်မနည်း သေဆုံးသွားကြောင်း မြောက်ဦးမြို့ခံများက ပြောသည်။

    ဒီဇင်ဘာလ ၁၀ ရက်၊ ည ၉ နာရီ ၁၃ မိနစ်ခန့်အချိန်တွင် စစ်ကောင်စီ လေကြောင်းကနေ မြောက်ဦးဆေးရုံကို အကြောင်းမဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၀ ဦးနှင့် ဒဏ်ရာ ရရှိသူ ၁၀၀ နီးပါးအထိ ရှိနေကြောင်း သိရသည်။

    လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက “၃၀ ကျော်လောက် သေဆုံးပါတယ်။ အဲ့ဒီဆေးရုံအတွင်း ဆေးကုသမှုခံယူနေတဲ့ လူနာတွေ၊ ကလေးတွေ အသက်ကြီးပိုင်းတွေ၊ နာတာရှည်ရောဂါ ခံစားနေရတဲ့သူတွေ တော်တော်များများ ပါပါတယ်။ အရေးတွက်ကတော့ ဒဏ်ရာရတဲ့သူ ၁၀၀ နီးပါရှိပါတယ်။ ဒဏ်ရာရတဲ့သူထဲမှာ ပြင်းထန်သူတွေ ပါသေးတယ် “ဟုပြောသည်

    သေဆုံးသူများထဲတွင် ကျန်းမာရေးဝန်ထမ်းများလည်းပါဝင်ပြီး လက်ရှိအချိန်အထိ သေဆုံးသူများထဲတွင် ကလေးအရေတွက်များနှင့် အမျိုးသမီးအရေအတွက် ပိုများနေကြောင်း စုံစမ်း သိရှိရသည်။

    အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်အတွင်းက အာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံများကို နေ့စဉ်ရက်ဆက် ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲမှုများ ရှိနေပြီး ယခုတစ်ကြိမ် ဗုံးကြဲမှုတွင် သေဆုံးသူ အရပ်သား အများဆုံံးလည်း ဖြစ်သည်။

    မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု သေဆုံးသူများထဲတွင် ဆေးကုသနေသည့် မွတ်ဆလင် အနည်းဆုံး ၃ ဦးထက်မနည်း ပါဝင်

    အာဏာသိမ်း စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက် ည ၉ နာရီကျော်အချိန်တွင် ရှေးဟောင်းမြောက်မြို့တော်မှ ပြည်သူ့ဆေးရုံကြီးကို လေကြောင်းဗုံးကြဲတိုက််ခိုက်ခဲ့သည်။

    စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောက်ဦးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေသော လူနာစောင့်များ၊ လူနာများနှင့် ဆေးရုံဝန်ထမ်း အများအပြား အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြရသည်။

    လတ်တလော မြေပြင်စာရင်းအရ သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရရှိသူ ၇၆ ဦးအထိ ရှိလာနေပြီး နောက်ထပ် ရှာဖွေမှုများ ပြုလုပ်နေကြောင်း စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသော စာရေးဆရာလည်းဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ် ကိုဝေဟင်အောင်က ပြောသည်။

    “သေဆုံးသူ ၃၃ ဦး ရုပ်အလောင်းတွေကို ရှာတွေ့ထားတယ်ဗျာ။ ဒဏ်ရာရတာက ၇၆ ဦးရှိတယ်ဗျာ။ သေဆုံးသွားတဲ့ သူတွေထဲမှာ အသက် ၂ နှစ်အရွယ် ကလေး ၁ ယောက်ပါပါတယ်။ အမျိုးသမီးတွေလည်း ပါတယ်။ ဆေးကုနေတဲ့ မွတ်ဆလင်တွေလည်း သေဆုံးသွားပါတယ်။ ခန္ဓာကိုယ်တွေ ရုပ်ပျက်ဆင်းပျက်နဲ့ သေဆုံးသွားကြတာဆိုတော့ လောလောဆယ်တွေ့တာက မွတ်ဆလင် အမျိုးသား ၂ ဦးတွေ့ရတယ်။ အမျိုးသမီး ၁ ဦးလည်း တွေ့ရတယ်။ မျက်နှာတွေ၊ ဦးခေါင်းတွေ ရစရာမရှိအောင် ပွင့်ထွက်သွားတော့ မွတ်ဆလင် ဘယ်နှစ်ဦးပါတယ်ဆိုတာ တိတိကျကျ ပြောဖို့ အခက်အခဲရှိပါတယ်” ဟု ပြောသည်။

    တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အပြင် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများ ဆေးကုသရာ ပြည်သူ့ဆေးရုံကြီးကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းသည် အဆိုးရွားဆုံးသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်သော လုပ်ရပ်သာ ဖြစ်သည်ဟု ကိုဝေဟင်အောင်က ဆက်လက်ပြောသည်။

    “အကြမ်းဖက် စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံကြီးကို ဗုံးကြဲတိုက်ခိုက်တာက ရည်ရွယ်ချက်ရှိရှိ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဖြစ်ပါတယ်။ မနေ့ကဆို လူ့အခွင့်အရေးနေ့ဖြစ်တယ်။ လူ့အခွင့်အရေးကို ပေါ်တင် ချိုးဖောက်တာဖြစ်တယ်။ စစ်ရာဇဝတ်မှုကို ကျူးလွန်တာပဲဖြစ်ပါတယ်။ ဒါက ဆေးရုံဖြစ်တယ်။ နိုင်ငံတကာအနေနဲ့လည်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို တားဆီးပေးဖို့ လိုအပ်ပါတယ်” ဟု တောင်းဆိုထားသည်။

    အာဏာသိမ်း စစ်ကောင်စီသည် ယခင်ကလည်း ရခိုင်ပြည်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူများကိုသာ ဦးတည်ပစ်မှတ်ထား သတ်ဖြတ်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

    ပုံစာ- ဒီဇင်ဘာလ ၁၀ ရက်၊ ည ၉ နာရီ ၁၃ မိနစ်ခန့်အချိန်တွင် စစ်ကောင်စီ လေကြောင်းကနေ မြောက်ဦးဆေးရုံကို အကြောင်းမဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူများ တွေ့ရစဉ်၊ ဓါတ်ပုံ Western News – APM

  • ချဲဂဏန်းကို ပေါက်မဲသတ်မှတ်ပြီး  ကားမဲရောင်းတဲ့ အမျိုးသား ဖမ်းဆီးခံရ

    ချဲဂဏန်းကို ပေါက်မဲသတ်မှတ်ပြီး ကားမဲရောင်းတဲ့ အမျိုးသား ဖမ်းဆီးခံရ

    မန္တလေးမှာ ချဲဂဏန်းကို ပေါက်မဲသတ်မှတ်ပြီး ကားမဲရောင်းတဲ့ အမျိုးသား ဖမ်းဆီးခံရ

    မန္တလေးမှာ တရားမဝင် သုံးလုံးထီ ( ချဲဂဏန်း) ကို ပေါက်မဲအဖြစ် သတ်မှတ်ပြီး ကံစမ်းမဲ လက်မှတ်ရောင်းကာ ကားကို မဲဖောက် ရောင်းချနေသူ အမျိုးသားကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်တယ် လို့သိရပါတယ် ။

    လူမှုကွန်ရက်စာမျက်နှာမှာ ” ရွှေဘုန်း Automobile Channel 1 ” နာမည်နဲ့ ကားမဲလက်မှတ်တွေကို ရောင်းချပြီး ပေါက်မဲကို ဒီလ ၁၆ ရက်နေ့ ချဲဂဏန်း အဖြစ် သတ်မှတ်ကာ ကားနှစ်စီး ကိုမဲဖောက်ဖို့ ကြေငြာထား တဲ့အတွက် မှုခင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။

    Automobile Channel ပိုင်ရှင်ဖြစ်သူ ကိုနေမျိုးထက် ဆိုသူကို မန္တလေးတိုင်း ၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ သီရိမင်္ဂလာအိမ်ရာ၊ တိုက်(E)၊ အခန်း(၈) မှာ MDY-2/1S-XXXX FORD RANGER အနက်ရောင် ကား ၊SHN-38/5I-XXXX TOYOTA WISH အဖြူရောင် ကား နဲ့အတူ လက်ပ်တော့ တလုံး ၊ ချဲဂဏန်းတွေ ရေးမှတ်ထားတဲ့ စာအုပ် ငါးအုပ်ကိုပါ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ် ။

    ကံစမ်းမဲ လက်မှတ်နူန်းထားတွေအနေနဲ့ ကားအမျိုးအစားအလိုက် မဲတမဲကို သုံးသိန်းခုနှစ်သောင်းငါးထောင်ကျပ် နဲ့ နှစ်သိန်းတသောင်း ငါးထောင်ကျပ် ရောင်းချနေတာ ဖြစ်တယ်လို့ သိရပါတယ်။

    အဲဒီအတွက် ချမ်း​အေးသာစံ အမှတ် (၃) နယ်မြေရဲစခန်းက Automobile Channel page ပိုင်ရှင်ကို လောင်းကစားဥပဒေပုဒ်မ ၁၈(က) နဲ့ အမှုဖွင့်အရေးယူထား တယ်လို့ သိရပါတယ် ။

    တရားမဝင် ချဲဂဏန်းကို ပေါက်မဲ အဖြစ်သတ်မှတ်ပြီး တန်ဖိုးကြီးကားတွေကို ကံစမ်းမဲ အဖြစ် လက်မှတ်တွေ ရောင်းချကာ ငွေကြေး လိမ်လည်ရရယူ မှုတွေ ရှိလာသလို နေအိမ် နဲ့ ရွှေထည် ပစ္စည်း ၊ မြေကွက် တွေကိုပါ မဲဖောက်ပြီး ရောင်းချ လိမ်လည် မှုတွေ ရှိလာတာ ကြောင့် ခုလို ဖမ်းဆီးတာ ဖြစ်နိုင် တယ်လို့ သိရပါတယ်။

    “မန္တလေးမှာ ကားမဲဖောက် ရောင်းနေသူတွေ အများကြီးပဲ ရှိတယ် ။ ဒီတယောက်ပဲ ဖမ်းတာ လား ။ နောက်ထပ် လာအုံးမလား စောင့်ကြည့်ရမယ် ။ ရန်ကုန်ဆိုလည်း အများကြီးပဲရှိတယ် ။ လိမ်နေသူ တွေအကုန်ဖမ်း စေချင်တယ်။ ဖမ်းလဲ ဖမ်းသင့်တယ် ။ပြီးတော့ လိမ်ခံရတဲ့ အများစုကလည်း လောဘ ရှိလို့ လိမ်ခံရတာ ။ ငွေနည်းနည်းနဲ့ ကားရမယ် ၊ အိမ်ရမယ် ထင်ပြီး လုပ်ကြတာ ။ လိမ်တဲ့သူတွေကလည်း အဲဒီလို လူတွေကိုပဲ ပစ်မှတ်ထားတာပဲလေ ။ အလိမ်ခံရသူကို အပြစ်တင်နေတာ မဟုတ်ဘူး ။ တခုခုဆို စဥ်းစားကြစေချင်တာပါ ။ ဘယ်အရာမှ အလွယ်တကူ ရတယ်ဆိုတာ မရှိပါဘူး ။ တန်ဖိုးကြီး ပစ္စည်းကို အလွယ်တကူ ရမယ် ပြောနေရင် သတိသာထားပါ ။ အဲဒါ လိမ်တော့မယ် ဆိုတာပါပဲ ။တကယ် ကားဝယ်ရောင်း လုပ်သူ တွေက မဲတွေဘာတွေ မလုပ်ဘူး ။” လို့ ကားဝယ်ရောင်း လုပ်သူ တယောက်က မှတ်ချက်ပြု ပြောပါတယ်။

    ကားကို မဲ ဖောက်ပြီး ရောင်းချသူအများစုက ချဲဂဏန်းကို ပေါက်မဲသတ်မှတ် ရောင်းချပြီး ဂဏန်းတွေအနေနဲ့ 000 မှ ၉၉၉ အထိ တစောင်ကို ကျပ် သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ရောင်းချနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

    ရွှေထည်ပစ္စည်း နဲ့ အိမ်ကို မဲဖောက်ပြီး ရောင်းချနေသူတွေကတော့ ငွေကျပ် ၁၀၀၀ ကနေ ၁၀၀၀၀ ဝန်းကျင် အထိ လက်မှတ် ရောင်းချ နေကြတာ တွေ့ရပါတယ်။

    “လက်မှတ်တစောင် ၂၀၀၀ ဆိုလို့ အိမ်မဲ ကံစမ်းဘူးတယ်။ မပေါက်ပါဘူး ။ ကျွန်တော်ကံစမ်းတဲ့ အပတ်က ပေါက်တဲ့သူ မရှိဘူးတဲ့လေ သူပြောတာပဲ ။ တစောင် ၂၀၀၀ ဆိုတော့ တသောင်းဖိုး ကံစမ်းလိုက်တာ ပလုံသွားတယ် ဗျာ ။ အဲဒီနောက် မလုပ်ဖြစ်ပါဘူး ။ လိမ်တာလို့ ထင်ပါတယ် ။ တချို့လည်း တွေ့တယ်။ မဲပေါက်တော့ အကောင့်ကို ဘလော့သွားတယ် ဆိုပြီးလေ ။” လို့ အိမ်မဲ ဝယ်ဖူးသူ တယောက်က ပြောပါတယ် ။

    ကား ၊ အိမ် ၊ ခြံမြေ ၊ ရွှေ ၊ ဆိုင်ကယ် တွေကို မံဖောက် ရောင်းချနေသူ အများစုက ငွေကြေးကို Kpay နဲ့ Wave money စတဲ့ mobile banking စနစ်ကိုသုံးပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

    ဒီဇင်ဘာ ၁၀ ရက် မ​နေ့က ပြည်​ထောင်စုအဆင့်က​နေ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်း​လောင်းကစားမှုတိုက်ဖျက်​ရေး ဗဟို​ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။

  • တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေချိန် တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေ ဂျပန်နားမှာ ကင်းလှည့်ပျံသန်း

    တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေချိန် တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေ ဂျပန်နားမှာ ကင်းလှည့်ပျံသန်း

    တရုတ်နဲ့ ဂျပန် ဆက်ဆံရေး တင်းမာနေချိန် ဂျပန်နိုင်ငံနားမှာ တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေ ပူးပေါင်းပြီး ကင်းလှည့် ပျံသန်းခဲ့ပါတယ်။

    နျူကလီးယား စစ်လက်နက်တွေ တပ်ဆင် ပစ်ခတ်နိုင်တဲ့ ရုရှား Tu-95 ဗုံးကြဲလေယာဉ်ကြီး နှစ်စီးဟာ သတ်မှတ် နေရာတစ်ခုမှာ တရုတ် H-6 ဗုံးကြဲလေယာဉ် နှစ်စီးနဲ့ အချိတ်အဆက်အလုပ်ပြီး ဂျပန်ပင်လယ်ကနေ အရှေ့တရုတ်ပင်လယ်ထိ ပူးပေါင်း ပျံသန်းခဲ့ကြကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၉ ရက် ညပိုင်းမှာ ကြေညာခဲ့ပါတယ်။

    အဲဒီ ဗုံးကြဲလေယာဉ်အုပ်ရဲ့ တာဝေးကင်းလှည့်မှု အသွားအပြန် ခရီးစဉ်အတွင်း ဂျပန်ရဲ့ အိုကီနာဝါနဲ့ မီယာကို ကျွန်းစုတွေကြားက ဖြတ်သန်းချိန်မှာ ဂျပန် ပြည်စောင့်တပ်ကလည်း တိုက်လေယာဉ်တွေ ပျံတက်ပြီး စောင့်ကြည့်စေခဲ့ပါတယ်။

    အဲဒီ လေယာဉ်အုပ်နဲ့ သီးခြားစီ ပျံသန်းနေတဲ့ ရုရှားရဲ့ လေကြောင်း ကာကွယ်ရေး အချက်ပေး လေယာဉ် A-50 တစ်စီးနဲ့ Su-30 တိုက်လေယာဉ် နှစ်စီးကိုလည်း ဂျပန်ပင်လယ်ပြင်မှာ ထောက်လှမ်း တွေ့ရှိခဲ့တယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

    ဂျပန်တင် မကဘဲ တောင်ကိုရီးယားဟာလည်း နိုင်ငံပိုင်နက်အလွန် ရေပြင်မှာ အုပ်လိုက်ကြီး ပျံသန်းခဲ့တဲ့ တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေကြောင့် တိုက်လေယာဉ်တွေကို စေလွှတ်ပြီး စောင့်ကြည့်စေခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြချက်မှာတော့ စုစုပေါင်း ရုရှား တိုက်လေယာဉ် ၇ စီးနဲ့ တရုတ်လေယာဉ် ၂ စီးတို့ဟာ နိုင်ငံ လေပိုင်နက်အလွန် လေကြောင်းကာကွယ်ရေးဇုန် သတ်မှတ်ထားရာ နေရာကနေ ဖြတ်ပျံခဲ့ကြောင်း ဖော်ပြထားပါတယ်။

    ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီကတော့ တရုတ်နဲ့ဂျပန် စစ်လေယာဉ်တွေ ပူးပေါင်းပြီး ကင်းလှည့်ပျံသန်းတဲ့ လုပ်ရပ်ဟာ ဂျပန်ကို တိုက်ရိုက်ရည်ရွယ်တဲ့ အင်အားပြမှုဆိုတာ ထင်ရှားကြောင်း၊ ဒါဟာ ဂျပန်ရဲ့ အမျိုးသား လုံခြုံရေး ကဏ္ဍအတွက် စိုးရိမ်စရာ တစ်ခုဖြစ်ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

    ရုရှားမီဒီယာတွေက အဲဒီ နှစ်နိုင်ငံ ပူးပေါင်း ကင်းလှည့်ပျံသန်းမှု မစ်ရှင်ဟာ ၈ နာရီ ကြာမြင့်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြသွားပါတယ်။

    နိုဝင်ဘာ လဆန်းတုန်းက ဂျပန်ဝန်ကြီးချုပ် စာနအဲ တကအိချိရဲ့ မှတ်ချက်စကား တစ်ခွန်းကို အကြောင်းပြုပြီး တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေချိန်မှာ တရုတ်နဲ့ ရုရှား ပူးပေါင်းပြီး အခုလို တာဝေး ကင်းလှည့်ပျံသန်းမှု ခရီးစဉ်ကို ဂျပန်နိုင်ငံ ကမ်းလွန်မှာ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း တရုတ်ရဲ့ လေယာဉ်တင်သင်္ဘော အခြေစိုက် တိုက်လေယာဉ်တွေက ဂျပန် တိုက်လေယာဉ်တွေကို ပစ်မှတ်ရှာ ရေဒါနဲ့ ချိန်ရွယ်ခဲ့တဲ့အပေါ် ဂျပန်က ကန့်ကွက်ခဲ့ပါသေးတယ်။

    တကအိချိက တကယ်လို့ တရုတ်သာ ထိုင်ဝမ်ကို တိုက်ခိုက်မယ်ဆိုရင် ဂျပန်ကလည်း ထိုင်ဝမ်ကိုကူဖို့ တပ်တွေ စေလွှတ်ဖွယ်ရှိကြောင်း ပြောဆိုခဲ့တဲ့နောက် တရုတ်က ဒေါသတကြီး တုံ့ပြန်ရင်း နှစ်ဖက် ဆက်ဆံရေး အေးခဲ တင်းမာနေတာ ဖြစ်ပါတယ်။

    ကိုးကား: Reuters