မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ပေါ်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူးဝေဖြိုး၏ မယားငယ်ကို PDF များက ဖမ်းဆီးခဲ့ပြီးနောက်၊ နှစ်ရက်အကြာအတွင် အဆိုပါဗိုလ်မှူးက စားသောက်ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးကာ ငွေညှစ်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်၌ မလှိုင် – မိတ္ထီလာကားလမ်းမကြီး၊ ဇီးပင်ကန်ကျေးရွာအနီးရှိ All Right စားသောက်ဆိုင်တွင် နေ့လယ်စာ စားနေသည့် ဗိုလ်မှူးဝေဖြိုး၏ မယားငယ် မခိုင်ဇင်ဝေနှင့် ဦးကိုကိုအောင် တို့၏ စားပွဲဝိုင်းသို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် မခိုင်ဇင်ဝေ တစ်ဦးတည်းကိုသာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ခိုင်ဇင်ဝေက စစ်တပ်ရဲ့ သတင်းပေး၊ ဒလန်လုပ်နေတာ၊ ဗိုလ်မှူးဝေဖြိုးရဲ့ အငယ်အနှောင်းလို့လည်း သိကြတယ်။ ဦးကိုကိုအောင်နဲ့ အတူထိုင်စားတယ်ဆိုတာကလည်း အဲ့ဒီ့အမျိုးသမီးက သတင်းနိုက်တာမျိုးတွေလည်း ရှိချင်ရှိမှာပါ၊ သူတို့ ပတ်သက်မှုကိုတော့ မသိဘူး။ PDF တွေက အမျိုးသမီးကိုဘဲ ဝင်ဖမ်းသွားတာ။ ဆိုင်က ဇီးပင်ကန်ရွာမှာဆိုပေမယ့် မြို့ပေါ်မှာ ရှိနေတာပါပဲ။ မိန်းလမ်းမကြီးဆိုတော့ လူသွားလူလာလည်း မပြတ်ဘူးလေ” ဟု အသက် ၂၅ နှစ်အရွယ် မလှိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မလှိုင်မြို့၊ အမှတ် ၇ ရပ်ကွက်တွင် နေထိုင်သူ ဦးကိုကိုအောင်အနေဖြင့် လက်ရှိတွင် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်နေသူတစ်ဦး ဖြစ်ကာ၊ ၄င်း၏ ညီဖြစ်သူ ဦးညီညီအောင်မှာ တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည် ဟူသော စွပ်စွဲချက်ဖြင့် စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်းကို ခံထားရသူဖြစ်သည်။

ဗိုလ်မှူးဝေဖြိုး၏ အငယ်အနှောင်းဖြစ်သူ မခိုင်ဇင်ဝေအနေဖြင့် ဦးကိုကိုအောင်နှင့် တွေ့ဆုံစကားပြောသည်မှာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်ခြင်းရှိ၊ မရှိကို စုံစမ်းခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က သုံးသပ်သည်။

“ညီညီအောင်က အဖမ်းခံထားရတာ ကြာပြီ။ ဦးကိုကိုအောင်ကတော့ ပရဟိတတွေ လုပ်နေတာ။ ခိုင်ဇင်ဝေကလည်း စစ်တပ် သတင်းပေးဆိုတော့ ဦးကိုကိုအောင့်ဆီကနေ သတင်းလာရှာတာ ဖြစ်နိုင်တယ်” ဟု အမှတ် ၇ ရပ်ကွက်မှ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ ဖြစ်စဥ်ဖြစ်ပွားပြီးနောက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်၌ မလှိုင်မြို့နယ်တစ်ခုလုံးကို အုပ်ချုပ်ခွင့်ရရှိထားသည့် ဗိုလ်မှူးဝေဖြိုးက ဦးကိုကိုအောင်၊ All Right စားသောက်ဆိုင်ပိုင်ရှင်လင်မယားနှင့် ဝန်ထမ်းများအားလုံးကို အထွေထွေအုပ်ချုပ်ရေးရုံးသို့ ခေါ်ယူကာ တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ဆိုင်ပိုင်ရှင်လင်မယားရယ်၊ ဆိုင်ဝန်ထမ်းတွေအကုန်လုံးရယ်၊ ဦးကိုကိုအောင်ရယ်ကို ဗိုလ်မှူးဝေဖြိုးက ထွေအုပ်ရုံးမှာ ခေါ်စစ်တာ၊ ကျန်တဲ့သူ အကုန်လုံးကို ပြန်လွှတ်ပြီး ဆိုင်ရှင်လင်မယားကို ငွေညှစ်နေတာ၊ ခုထိ ညှိနှိုင်းနေတုန်းပဲ။ ဘယ်လောက်လဲဆိုတာက မသိသေးဘူး” ဟု မလှိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

လက်ရှိတွင် မလှိုင်မြို့ပေါ်အထိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ကာ ဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်းကြောင့် စစ်ကော်မရှင်ဘက်က ရဲနှင့် ပျူစောထီးများကိုလည်း အင်အားဖြည့်တင်းထားကြောင်း သိရသည်။

“ထွေအုပ်ရုံးထဲမှာလည်း ပျူတွေ လူစုနေတာတွေ့တယ်။ မနေ့ညကလည်း(ဒီဇင်ဘာ ၉) ရဲစခန်းထဲကနေ ပတ်ပတ်လည်ကို ပစ်နေတာ ညအထိပဲ။ ပေါ်တာဆွဲတာလည်း ဒီရက်ပိုင်း ပြန်စိပ်နေတယ်” ဟု အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

မလှိုင်မြို့သည် စစ်ကော်မရှင်တပ်၏ တပ်မ ၉၉၊ ရှမ်းတဲလေတပ်ဌာနချုပ်၊ အမြောက်တပ်ရင်းများ၊ သံချပ်ကာတပ်ရင်းများ၊ လေကြောင်းနှင့် မြေပြင် အတက်သင်လေတပ်စခန်း (လမသ)၊ အမြောက်တပ်ရင်းများ၊ ကုတင် ၅၀၀ ဆန့် စစ်ဆေးရုံနှင့် ရဲသင်တန်းကျောင်းများတည်ရှိသည့် မိတ္ထီလာမြို့နှင့် ၂၂ မိုင်ခန့်သာကွာဝေးပြီး စစ်တပ်အားကောင်းသည့် မြို့တစ်ခုလည်းဖြစ်သည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *