စစ်ဗိုလ်ချုပ်ဟောင်းမျိုးသိန်းက သူ့ရဲ့တူဖြစ်သူ မိုင်းဆွဲခံရပြီး သေဆုံးခဲ့တယ်လို့လူမှုကွန်ရက်မှာမနေ့က(ဒီဇင်ဘာ ၁၀ ရက်)အသိပေးပါတယ်။
စစ်တက္ကသိုလ်အပတ်စဥ် ၂၂ ဆင်း ဗိုလ်ချုပ်မျိုးသိန်းကလက်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး နဲ့ အရပ်သား အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ နဲ့ တပါတ်စဥ်တည်းဆင်းဖြစ်တယ်လို့ စစ်ဗိုလ်ချုပ်ဟောင်းကဆိုပါတယ်။
ဗိုလ်ချုပ်ဟောင်းမျိုးသိန်းက “ပြီးခဲ့တဲ့အပတ်က တူတယောက် ဆွဲမိုင်းမိပြီး ကျသွားတယ်။ သူဗိုလ်လောင်းတက်ကတည်းက ကြိုးစားဖို့ မှာခဲ့တယ်။ ခွင့်ပြန်လာတော့ သူ့ကို စာမေးတယ်။ တပ်စုမှာပါတဲ့ လက်နက်တွေရဲ့ စွမ်းပကားတွေ မသိတာ တွေ့တော့ စစ်တိုက်မဲ့သူဟာ ဒါတွေကို အလွတ်ရ နေရမယ် လို့ ပြောခဲ့တယ်။ အရာရှိဖြစ်လို့ တခါတွေ့တော့ မင်း ငါ့စာတွေဖတ်ရဲ့လား ဆိုတော့ ဖတ်ပါတယ်လို့ ဖြေတယ်။ ဒါဆိုရင် ကြက်မတကောင် ဥ မဥ ဘယ်လိုကြည့်မလဲဆိုတော့ မဖြေနိုင်ဘူး။ ဒါနဲ့ သူ့ကို ပြောလိုက်တယ် မင်း ငါ့လို ဖြစ်ချင်ရင် ငါ့စာတွေ ဖတ်ပါလို့” ရေးသားထားတာပါ။

ဒါ့အပြင် “လမ်းအတိုင်းသွားလို့ ဗျူဟာမှူးအပါ ၄ ဦး ကျသွားတဲ့အကြောင်း၊ လုံခြုံရေးချအပြီး လမ်းအတိုင်းသွားခိုင်းတဲ့အခါ ကျဲကျဲသွားလို့ ဆွဲမိုင်းမိပေမဲ့ လွတ်ခဲ့တဲ့အကြောင်း၊ ဆွဲမိုင်းနဲ့စောင့်နေတယ် တောတိုးပါ လမ်းကြောင်းပြောင်းပါလို့ ပြောနေတဲ့ကြားက မလိုက်နာလို့ ကျဆုံး ဒါဏ်ရာရတွေ များပြီး မရွှေ့နိုင်တော့လို့ နောက်က တပ်ကူလိုက်ပြီး ဆွဲထုတ်ရတဲ့အကြောင်း၊ ဗျူဟာမှူးက တို့တပ်နဲ့ လိုက်တဲ့အခါ မိုင်းမထိအောင် ချီတက်ပုံကို သဘောကျလို့ ချီးကျူးတဲ့အကြောင်း စသဖြင့် စုံနေအောင်ပါပဲ”သူက ဆိုပါတယ်။
လက်ရှိအခြေအနေက ရှည်ကြာနေဦးမှာဖြစ်တဲ့အကြောင်းနဲ့ ဂရုစိုက်ကြဖို့ အပင်ပန်းခံကြဖို့နဲ ဗိုလ်ချုပ်ဟောင်းက ဆိုပါတယ်။
မိုင်းထိပြီးသေဆုံးသွားသူက စစ်ဗိုလ်မိုးဝင်းထွဋ် ဖြစ်ပြီး ၂၀၂၃ ခုနှစ်က ပြင်ဦးလွင်စစ်တက္ကသိုလ်ကနေ ကျောင်းဆင်းခဲ့တာလို့ စုံစမ်းသိရပါတယ်။
စစ်ဗိုလ်မိုးဝင်းထွဋ်သေခဲ့တဲ့နေရာနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဟောင်းမိုးမြင့်က အရ (မတ)လို့ အတိုကောက်သာရေးထားပါတယ်။

လတ်တလော ထိုင်း-မြန်မာနယ်စပ်က KNU/KNLA နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ တနသ်ာရီတိုင်း(မောတောင်)မြို့ကို စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေပါတယ်။မောတောင်မြို့ကို နိုဝင်ဘာ ၁၄ ရက်က တော်လှန်ရေး အင်အားစုတွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ဟောင်း မျိုးသိန်းက စစ်တက္ကသိုလ် ကျောင်းသားဟောင်းတွေ တည်ထောင်ထားတဲ့ ချယ်ရီရိပ် ဖောင်ဒေးရှင်းမှာ ဥက္ကဌ အဖြစ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
(သေဆုံးသွားတဲ့ စစ်ဗိုလ် မိုးဝင်းထွဋ် ကိုမိသားစုနဲ့အတူတွေ့ရစဥ်/ စစ်သင်တန်းဆင်းပွဲတစ်ခုမှာဗိုလ်ချုပ်ဟောင်းမျိုးသိန်းကိုတွေ့ရစဥ် ။ ဓါတ်ပုံ-မျိုးသိန်းဖေစ်ဘွခ်)


Leave a Reply