Category: News

  • ဟိုတယ် သက်သေတွေ အတိအကျရထားတာမို့ တလင်တမယားဥပဒေနဲ့ အမှု ပြန်ဖွင့်လိုက်တဲ့ မင်းညီ

    ဟိုတယ် သက်သေတွေ အတိအကျရထားတာမို့ တလင်တမယားဥပဒေနဲ့ အမှု ပြန်ဖွင့်လိုက်တဲ့ မင်းညီ

    ဇနီးဖြစ်သူ ဖောက်ပြန်ထားတဲ့ ဟိုတယ် သက်သေတွေ အတိအကျရထားတာမို့ တလင်တမယားဥပဒေနဲ့ အမှု ပြန်ဖွင့်လိုက်တဲ့ မင်းညီ

    ဇနီးဖြစ်သူနဲ့ အတူ လက်ရှိပေါင်းသင်းနေထိုင်နေသူတို့ နှစ်ဦး ဇန်နဝါရီလအတွင်းမှာ ပြင်ဦးလွင်ရှိ ဟိုတယ်တစ်ခုတွင် ၂ ရက်ကြာသွားအိပ်ခဲ့တဲ့ သက်သေအထောက်အထားကို မင်းညီက ရရှိထားတာပါ။

    အခြားသော ဟိုတယ်တွေမှာ သွားအိပ်ခဲ့တဲ့ သက်သေတွေလည်း အပြည့်ရှိတယ်လို့ မင်းညီကပြောပါတယ်။

    ထို့အပြင် ဇနီးဟောင်းဟာ အဆိုပါအမျိုးသားနှင့်အတူ မန္တလေး ပုသိမ်ကြီးမြို့နယ်ထဲမှာ ဆု နာမည်နဲ့ လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ခဲ့သေးတယ်လို့ဆိုပါတယ်။

    ထိုအချိန်က မီဒီယာတစ်ခုမှာ သူမအားပြန်လည်ပတ်သက်မှာစိုးရိမ်လို့ နောက်မိန်းမယူရင်လဲ ကိုယ့်ခေါင်းက ငရဲပန်း သူများကိုပေးလိုက်ရလို့ ဝမ်းသာတယ်လို့ ဖြေကြားခဲ့ပြီး နောက် ၂ လအကြာမှာမှ မင်းညီက မိသားစုနဲ့အဆင်ပြေမယ့်သူကို ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    သို့သော်လည်း ဇနီးသည်ဟာ သူကိုယ်တိုင် တိတ်တိတ်ပုန်း ဖောက်ပြန်နေပြီး သူ့အားအမှုဖွင့် အကြပ်ကိုင်ကာ လက်ရှိနေထိုင်နေသော နေအိမ်အား လွှဲပြောင်းပေးပါက အမှုပိတ်ပေးမည်ဟုပြောသောကြောင့် မင်းညီက သက်သေအထောက်အထား အပြည့်အစုံနဲ့ ပုသိမ်ကြီးရဲစခန်းမှာ တလင်တမယားဥပဒေဖြင့် အမှုဖွင့်လိုက်ပါတယ်။

  • လေးမျက်နှာကို စစ်ကော်မရှင်က အင်အားအပြည့် စစ်ယာဉ်တန်းအစီး ၂၀ ဖြင့် အင်အားဖြည့်နေ

    တိုက်ပွဲပြင်းထန်‎နေသည့် လေးမျက်နှာကို စစ်ကော်မရှင်က အင်အားအပြည့် စစ်ယာဉ်တန်းအစီး ၂၀ ဖြင့် အင်အားဖြည့်နေ

    အာရက္ခတပ်တော် (‎AA) နှင့် တိုက်ပွဲပြင်းထန်နေသည့် ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်ကို စစ်ကော်မရှင်က စစ်အင်အား အလုံးအရင်း ပို့ဆောင်နေကြောင်း သိရသည်။

    စစ်ကော်မရှင်၏ စစ်သုံးကားကြီး အစီး၂၀ ပါ ယာဉ်တန်းသည် ‎ယမန်နေ့ အောက်တိုဘာ ၁၁ရက် နံနက်အစောပိုင်းတွင် ဟင်္သာတဘက်မှနေ၍ လေးမျက်နှာမြို့ကို ထွက်ခွာသွားကြောင်း သိရသည်။

    ‎”အခုစစ်တပ်က အင်အားပို့တာမှာထောက်ပို့ လမ်းကြောင်းပြောင်းတဲ့အနေနဲ့ ဟင်္သာတဘက်နေ ကွင်းကောက်အထိတက်ပြီးမှ လေးမျက်နှာ၊ ရေကြည်ဘက်ကို စစ်ယာဉ်တန်းသွားတယ်။ လေးမျက်နှာဘက်ကို အမိုးအုပ်စစ်သုံးကားကြီးတွေပို့နေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

    ‎စစ်အင်အားအပြည့်ဖြင့် ထွက်ခွာသွားသည့် အဆိုပါ ယာဉ်တန်းသည် လေးမျက်နှာအစပ် စက်စက်ယို ကျေးရွာဘက်ကို ဦးတည်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    အာရက္ခတပ်တော် (AA) သည် စစ်ကော်မရှင်တပ်များနှင့် ‎ပဲခူး ညောင်ကျိုးဗျူဟာကုန်း၊ မကွေး နတ်ရေကန်ဗျူဟာကုန်း၊ ဧရာဝတီ လေးမျက်နှာမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း အောက်တိုဘာ ၁၀ရက်နေ့တွင် AA က ထုတ်ပြန်ထားသည်။

    ‎ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အပါအဝင် အမြောက်တပ် ၃၄၄ ရှိရာ ရေကြည်မြို့နယ်တွင် စစ်ကော်မရှင်က အင်အားဖြည့်တင်းလျက်ရှိသည်။ ထို့ပြင် အမတ-၃၄၄ ပတ်ဝန်းကျင်ရွာများရှိ ဒေသခံများကိုပါ စစ်ကော်မရှင်က မောင်းထုတ်ပြီး ကာကင်းစခန်းများပြုလုပ်ထားရာ ငသိုင်းချောင်း အထိ စစ်ဆေးရေးဂိတ်များ စခန်းငယ်များကို တိုးချဲ့ထားသည်။

    စစ်ကော်မရှင်သည် ‎မိုင်းပန်အခြေစိုက် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံတပ်ရင်းများကို AA နှင့် စစ်ဆိုင်ထားသည့် နယ်မြေများကို ဖြန့်ခွဲပို့ထားပြီး စစ်မှုထမ်း သင်တန်းဆင်းများကိုပါ အများဆုံး အသုံးပြုထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎စစ်‌ကော်မရှင်သည် ‌ရေကြည်၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်များကို စစ်အင်အားပို့ဆောင်ရာ၌လည်း ဟင်္သာတမှကွင်းကောက်အထိတက်ပြီး စာစီကုန်း၊ ဘဲ့ပြားကုန်းတို့ဖက်မှဝင်၍ လူအင်အားများ ပို့ဆောင် ထားကြောင်း သိရသည်။

    ပုံစာ-စစ်ကော်မရှင်၏စစ်ယာဉ်တန်းကိုတွေ့ရစဉ်(ပုံဟောင်း)

  • ဒဏ်ရာရလာသည့်  စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ မဆရ-၄ စစ်ဆေးရုံ တွင်မဆံ့တော့

    ဒဏ်ရာရလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ မဆရ-၄ စစ်ဆေးရုံ တွင်မဆံ့တော့

    ဧရာဝတီတိုင်း တိုက်ပွဲများကြောင့် ဒဏ်ရာရလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ မဆရ-၄ စစ်ဆေးရုံ တွင်မဆံ့တော့၍ ကစားကွင်းတွင် ခုတင်များချ၍ ကုသနေရ

    ဧရာဝတီတိုင်း၊ လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူ၊ သာပေါင်းမြို့နယ်များတွင် အာရက္ခတပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ပုသိမ်မြို့ကို ဆက်တိုက်ရောက်ရှိလာကြောင်း သိရသည်။

    အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ရှိ ပုသိမ် စစ်မြေပြင်ဆေးတပ်ရင်း မဆရ-၄ အတွင်းသို့ ပို့ဆောင်ထားသော ဒဏ်ရာရရှိသူများ များပြားလွန်းသဖြင့် ဆေးရုံနေရာ မလုံလောက်မှု အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

    ဒဏ်ရာရ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လူနာများကို ဆေးရုံအတွင်း ခုတင်မဆံ့တော့သည့်အတွက် ဆေးတပ်ရင်းအရှေ့ရှိ ကစားကွင်းနှင့် နားနေဆောင်များတွင်ပါ ပို့ထားရပြီး ကုသမှုပေးနေရကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။

    “စစ်မတိုက်တတ်တဲ့သူတွေနဲ့ စစ်မတိုက်ချင်တော့တဲ့သူတွေပဲ ရှိတော့တယ်ဆိုတော့ ရှေ့တန်းပို့လည်း ထွက်ပြေး၊ ဒဏ်ရာရ၊ သေနဲ့ လုံးချာလည်နေတယ်။ အခုရက်ပိုင်းကို စစ်ကော်မရှင်က လေးမျက်နှာ ဘက်ကို စစ်ကူ အလုံးအရင်း ထပ်ပို့ထားတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

    စစ်ကော်မရှင် သည် တိုက်ပွဲများပြင်းထန်နေသည့် လေးမျက်နှာမြို့နှင့် ရေကြည်မြို့နယ်ကို လူအင်အား အလုံးအရင်း ဖြည့်တင်းနေပြီး ဆက်သွယ်ရေးလမ်းကြောင်းများပါ ပြောင်းလဲထားကြောင်း သိရသည်။

    ‎ရက်တို စစ်သင်တန်းပေးထားသည့် စစ်မှုထမ်းသင်တန်းဆင်းများနှင့် မူးယစ်ဆေးစွဲနေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များမှာ ရှေ့တန်းတိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများကာ မဆရ ၄ ပုသိမ်ကို ပြန်လည် သယ်ယူနေရခြင်းဖြစ်သည်။ ‎သေဆုံးသွားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ရွှေမြင်တင် သုဿန်သို့ မပို့ခင် ရင်ခွဲရုံတွင်ပင် အစုလိုက်အပြုံလိုက် အမိန့်စာ ပြန်ပေးနေရကြောင်းလည်း သိရသည်။

    ဓာတ်ပုံ- လူမှုကွန်ရက် (ပုံဟောင်း)

  • ဒေါ်ကြူကြူလှ ပုံရိပ်ကျဆင်းစေသည်ဆိုကာ တိုင်ကြားခံရသည့် “သမီးဆိုး” ဖမ်းဆီးခံရ

    ဒေါ်ကြူကြူလှ ပုံရိပ်ကျဆင်းစေသည်ဆိုကာ တိုင်ကြားခံရသည့် “သမီးဆိုး” ဖမ်းဆီးခံရ

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှနှင့် စစ်အရာရှိများ၏ ပုံရိပ် ကျဆင်းစေသည်ဟုဆိုကာ တိုင်ကြားခံရသည့် “သမီးဆိုး” ခေါ် Shwe Thet အကောင့်ပိုင်ရှင်ကို ယနေ့ နံနက်ပိုင်းတွင် စင်ကာပူသို့ မထွက်ခွာမီ ရန်ကုန်လေဆိပ်၌ ဖမ်းဆီးလိုက်ကြောင်း စစ်ကော်မရှင်သတင်းများ ရေးသားဖော်ပြနေသည့် တယ်လီဂရမ်ချန်နယ်များက သိရသည်။

    အဆိုပါ အမျိုးသမီးသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့ ပြန်ရောက်လာခြင်းဖြစ်ကာ အွန်လိုင်း၌ လူသိများသည့်အမျိုးသမီးတဦးနှင့် လူမှုရေးပြဿနာတက်ခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ် ၎င်းတို့၂ ဦး၏ အပြန်အလှန် ပြောဆိုမှုများအား စိတ်ဝင်စားသူလည်း များပြားခဲ့သည်။

    ထို့နောက် သမီးဆိုး ကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ရဲစခန်းတွင် ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုထားကြောင်း သိရသည်။

    သမီးဆိုးအား အောက်တိုဘာ ၇ ရက် ရက်စွဲဖြင့် ဒေါ်အေသင်ကို ဆိုသည့် အမျိုးသမီးက အရေးယူပေးရန် တိုင်ကြားစာ တစောင်လည်း ယနေ့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့ပြီး ယင်းစာအကြောင်းအရာ၌ “တပ်မတော် အကြီးအကဲဖြစ်သည့် အမေ ကြူကြူလှ အပါအဝင် တပ်မတော်အရာရှိများ၏ ပုံရိပ်ကျဆင်းစေရန်နှင့် အကြမ်းဖက် အားပေးပိုစ့်များကို Thet Ko Ko ခေါ် Shwe Thet အမည်ရှိ ဖေ့ဘွတ်အကောင့်တွင် လွှင့်၍လည်း ကောင်း၊ စာများဖြင့် ရေးသားပြောဆိုခဲ့၍ ထိရောက်စွာ အရေးယူပေးရန်” ဟု ဆိုထားသလို တိုင်ကြားသူ နေရာတွင် ဒေါ်အေသင်ကို ဟု ဖော်ပြထားသည်။

    ထိုတိုင်စာတွင် သမီးဆိုး ရေးသားခဲ့သော “အခုခေတ်က စစ်တပ်မတော်က ခွေးပြေးဝက်ပြေး ပြေးနေရသည်”ဆိုသည့် စာသားများနှင့်အတူ ဒေါ်ကြူကြူလှ အခမ်းအနားတက် အဝတ်အစားနှင့် အိတ်များအပေါ် ဝေဖန်ရေးသားထားသည့် စာသားများလည်း ထည့်သွင်း ဖော်ပြထားသည်။

    လက်ရှိ သမီးဆိုး ဖမ်းဆီးခံရသည့် သတင်းအား စစ်ကော်မရှင်က ထုတ်ပြန်ထားခြင်း မရှိသေးသလို မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရသေးပေ။

    အွန်လိုင်းဆယ်လီ သမီးဆိုး ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံရ

    အွန်လိုင်းဆယ်လီ သမီးဆိုး (ခ) သက်ကိုကို ကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်၊ မနက်ပိုင်းက ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။

    ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ စင်္ကာပူနိုင်ငံကို ထွက်ခွာဖို့ ပြင်ဆင်နေချိန် ဒီကနေ့ မနက် ၇ နာရီခွဲမှာ ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတာ ဖြစ်တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။

    “သူက လေယာဉ်ပေါ်ရောက်မှ ဖမ်းခံရတာ မဟုတ်ပါဘူး။ ဘိုရင်းခေါ်နေတဲ့ အချိန်မှာပဲ မိတာပါ။ လေယာဉ်ပေါ်ကို မရောက်သေးပါဘူး။ ပြီးတော့ သူက ရုပ်လည်း မဖျက်ထားပါဘူး။ ကွာတားဘောင်းဘီနဲ့ ဦးထုပ်ပဲ ဆောင်းထားတာ။ လက်ရှိကတော့ မင်္ဂလာဒုံရဲစခန်းမှာ ထိန်းသိမ်းခံထားရပါတယ်။ အမှု အခြေအနေကိုတော့ မသိရသေးပါဘူး” လို့ သူက ပြောပါတယ်။

    သမီးဆိုး (ခ) သက်ကိုကိုဟာ နာမည်ကျော် အနုပညာရှင်တွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွင်းရေးတွေကို လူမှုကွန်ရက်မှာ ဝေဖန် ပြောဆိုခဲ့ရာက လူသိများလာသူ ဖြစ်ပါတယ်။

    လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ သမီးဆိုး (ခ) သက်ကိုကို ဆိုသူ အမျိုးသမီးကို တိုင်ကြားခဲ့သူမှာ ဒေါ်အေသင်ကို ဆိုသူ အမျိုးသမီး ဖြစ်တယ်လို့ သိရပြီး အောက်တိုဘာ ၆ ရက်နေ့က ပြင်ဦးလွင် မြို့မရဲစခန်းမှာ (ပ)၂၁၅/၂၀၂၅၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် တိုင်ကြားထားတာ ဖြစ်တယ်လို့ သိရပါတယ်။

    ဒါအပြင် ဒေါ်အေသင်ကိုရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း “၅-၁၀-၂၀၂၅ နေ့တွင် မြန်မာနိုင်ငံ တည်ဆဲ ဥပဒေနှင့်အညီ တရားဝင် အမှုတစ်ခု ဖွင့်ခဲ့ပြီး လုပ်ငန်းစဉ် အားလုံးကို ဥပဒေနှင့်အညီ တရားဝင်သာ အဆင့်ဆင့် လုပ်ဆောင်ထားသည့် အတွက် သက်ဆိုင်သည့် ဌာနများမှ ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးသည့် သက်ဆိုင်ရာဌာန အားလုံးအား ကျေးဇူးတင်ပါတယ်ရှင်” လို့ ရေးသားထားတာ တွေ့ရပါတယ်။

    ဒါနဲ့ ပတ်သက်လို့ ဒေါ်အေသင်ကိုက ရှေ့နေနဲ့တကွ အများသိစေရန် ကြေညာထားတဲ့ ကြေညာချက် တစောင်မှာပါရှိတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ကြည့်ရာမှာတော့ ဒေါ်အေသင်ကို ခရီးသွားနေပါတယ်လို့ သူမရဲ့ ဝန်ထမ်းအမျိုးသမီး တယောက်က ပြန်လည် ဖြေကြားခဲ့ပါတယ်။

    သမီးဆိုး (ခ) သက်ကိုကိုဟာ အမေရိကန်နိုင်ငံမှာ နေထိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံကို ရောက်ရှိနေရာမှ ဒေါ်အေသင်ကိုက လူမှုကွန်ရက်ပေါ်မှာ သမီးဆိုး (ခ) သက်ကိုကိုက သူမ မိသားစုအပေါ် ပြောဆိုခဲ့တာ တွေအတွက် တွေ့ဆုံ ဖြေရှင်းဖို့ ပြောကြားခဲ့တာ တွေ့ရပါတယ်။

    အဲဒီလို အမှုဖွင့်လိုက်ပြီး နောက်ပိုင်း ပြည်ပကို ပြန်လည် ထွက်ခွာဖို့ ရန်ကုန်လေဆိပ်ကို ရောက်လာချိန်မှာ ထိန်းသိမ်းလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

    ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လက်ရှိအချိန်အထိ တစုံတရာ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

    Photo – Shwe Thet (FB)

  • ပြည်သူအချို့နဲ့ အချင်းများခဲ့တဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်တွေကို သတိပေးအရေးယူသွားမယ်

    ပြည်သူအချို့နဲ့ အချင်းများခဲ့တဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်တွေကို သတိပေးအရေးယူသွားမယ်

    စဉ့်ကူးမှာ ပြည်သူအချို့နဲ့ အချင်းများခဲ့တဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်တွေကို သတိပေးအရေးယူသွားမယ်

    မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ ပြည်သူအချို့နဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်အချို့ အချေအတင် အချင်းများနေတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီး အဆိုပါတပ်ဖွဲ့ဝင်တွေကို သတိပေးအရေးယူမှုတွေ ဆောင်ရွက်သွားမယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ဖြစ်စဉ်က ယမန်နေ့ အောက်တိုဘာလ ၁၁ ရက် မွန်းလွဲ ၃ နာရီခန့်မှာ ဖြစ်ပွားခဲ့ပြီး စတားလင့်အင်တာနက်ကို အခကြေးငွေယူဆိုင်ဖွင့်လှစ်တာကြောင့် စတားလင့်စက်ပိုင်ရှင်တွေကို အရေးယူဖို့ လာရောက်တဲ့အချိန် အခုလို အချင်းများခဲ့ကြတာဖြစ်ပါတယ်။

    ရုပ်သံဖိုင် ပျံ့နှံ့လာပြီးနောက် လူမှုကွန်ရက်မှာ ဝေဖန်သံတွေ များစွာထွက်ရှိလာခဲ့ပြီး အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူကတော့ ဒီဝေဖန်သံတွေကို လက်ခံပြီး တပ်ဖွဲ့ဝင်တွေကို အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

    “ဝေဖန်သံတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့က လက်ခံပါတယ်။ လုပ်ထုံးလုပ်နည်းအရတော့ တာဝန်ထမ်းဆောင်ဖို့သွားတဲ့ ရဲဘော်တွေအပေါ်မှာ ကာကွယ်ပေးဖို့တော့ သဘောထားရှိပါတယ်။ သို့ပေမဲ့ အကာအကွယ်ပေးတယ်ဆိုတာက လုပ်ငန်းစဉ်မှန်ကန်မှုအပေါ်မှာပဲ ကာကွယ်ပေးတာဖြစ်ပြီးတော့မှ ရဲဘော်တွေရဲ့ ဖြစ်စဉ်အပေါ်မှာ စိတ်မထိန်းနိုင်လိုက်တဲ့ တချို့သောကိစ္စတွေအတွက် သတိပေးအရေးယူတာတွေ လုပ်ဖို့တော့ စီစဉ်ထားပါတယ်” လို့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

    စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းမြို့နယ်တွေက စစ်တပ်သတင်းပေးများတဲ့အတွက် စတားလင့်အင်တာနက်ကို အိမ်သုံးအနေနဲ့ ခွင့်ပြုထားပေမယ့် အခကြေးငွေယူပြီး ဆိုင်ဖွင့်လှစ်တာတွေကိုတော့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။

    လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်မှာတော့ စတားလင့်ကို တပ်ဖွဲ့တွေက သိမ်းယူသွားတာကို တွေ့ရပြီး အချေအတင် စကားများနေကြတာကို တွေ့ရပါတယ်။

    ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကနေ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး မကြာခင်မှာ အသေးစိတ်ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

    မြို့နယ်မှာ ထုတ်ပြန်ထားတဲ့ စတားလင့်စည်းမျဉ်းစည်းကမ်းအရ ပထမတစ်ကြိမ်ကျူးလွန်ရင် စက်ကို သိမ်းပြီး ပိုင်ရှင်က ပိုက်ဆံ ၁၀ သိန်းနဲ့ ခံဝန်ထိုး ရွေးယူလို့ရပြီး ဒုတိယတစ်ကြိမ် သိန်း ၂၀၊ တတိယအကြိမ်ကျူးလွန်ရင် စက်ကို ၄ လကြာသိမ်းယူတယ်လို့ သိရပါတယ်။

    စဉ့်ကူးမြို့နယ်ကို ၂၀၂၄ ဇူလိုင်လအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မန္တလေး PDF က သိမ်းယူနိုင်ခဲ့ကာ လက်ရှိမှာ ပကဖ၊ ပအဖ နဲ့ မန္တလေး PDF တို့က မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ပူးပေါင်းအုပ်ချုပ်နေတယ်လို့ သိရပါတယ်။

    စဉ့်ကူးတွင် ပြည်သူနှင့် ဆက်ဆံရာတွင် အပြုအမူပိုင်း အားနည်းလျော့ရဲသည့် PDF ရဲဘော်များအားလုံးကို အရေးယူမည်

    ရဲဘော်များနှင့် အချင်းများခဲ့သည့် လူပုဂ္ဂိုလ်နှင့် မိသားစုဝင်များကိုလည်း ဖမ်းဆီး အရေးယူမှု တစ်စုံတစ်ရာ လုပ်ရန်မရှိ

    မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ပြည်သူလူထုအပေါ် ဆက်ဆံရာ၌ အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းသွားခဲ့သည့် တာဝန်ရဲဘော်များကို သတိပေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးကာ်မတီ အတွင်းရေးမှူးက ပြောကြားသည်။

    ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်က စဉ့်ကူးမြို့နယ်ရှိ ပြည်သူ မိသားစုတစ်စုနေအိမ်တွင် စတားလင့် အင်တာနက် တပ်ဆင်အသုံးပြုမှုနှင့်ပတ်သက်၍ စဉ့်ကူးမြို့နယ်အရေးပေါ်အုပ် ချုပ်ရေးကော်မတီက ထုတ်ပြန်ထားသည့် စည်း မျဉ်း၊ စည်းကမ်းအချို့ကို ချိုးဖောက် သည်ဟုဆိုကာ အရေးယူရန် သွားရောက်သည့် ရဲဘော်များနှင့် ပြည်သူမိသားစုဝင်များအကြားအငြင်းအခုန်ဖြစ် စကား များခဲ့ခြင်းဖြစ်သည်။

    ထိုသို့ ပြည်သူလူထုနှင့် အချင်းများခဲ့သည့် တာဝန်ကျရဲဘော်များကို စဉ့်ကူးမြို့နယ်အရေးပေါ် အုပ် ချုပ်ရေးကော်မတီ အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

    “ကျနော်တို့ဘက်ကတော့ ဒီလက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တာဝန် ကျတဲ့ ရဲဘော်တွေအပေါ်မှာရော၊ ဒီမိသားစုအပေါ်မှာရော တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဖြေရှင်း သွားမှာပါဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ ရဲဘော်တွေဘက်က အပြုအမူပိုင်းဆိုင်ရာ လျော့ရဲသွားမှု ၊ အား နည်း သွား မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း တာဝန်ကျတဲ့ ရဲဘော်တွေအားလုံးကို သတိ ပေး အရေး ယူမှု တွေ လုပ်ဆောင်သွားမှာပါ၊ မကြာခင်မှာတော့ တရား ဝင်သတင်းထုတ်ပြန်ဖို့လည်း ရှိပါတယ်။” ဟု စဉ့်ကူးမြို့နယ် အရေးပေါ်အုပ် ချုပ်ရေးကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။

    ထို့အပြင် စတားလင့် အင်တာနက် စည်းကမ်းချိုးဖောက်ခဲ့သည်ဟုဆိုသော မိသားစုနှင့်လည်း တွေ့ဆုံ ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ် ကြောင်း၊ ယခုလော လောဆယ်တွင် မည်သူတစ်ဦးတစ်ယောက်မျှ အရေး ယူထားခြင်းမရှိဘဲ စတားလင့်အသုံးပြုမှုစည်းမျဉ်း၊ စည်း ကမ်းချိုးဖောက်မှုဖြင့် စတားလင့်စက်ကို ယာ ယီ ထိန်းသိမ်းထားကြောင်း သိရသည်။

    “လောလောဆယ်အရေးယူဆောင်ရွက်မှုက လူပုဂ္ဂိုလ်အပေါ်မှာ လုံးဝမရှိပါဘူး။ စည်းမျဉ်းစည်းကမ်း ချိုး ဖောက်တဲ့အတွက်ကြောင့်မို့လို့ စတားလင့်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းထဲမှာ ပါတဲ့အတိုင်း ပဲ စတားလင့်အင်တာနက်စက်ကို ယာယီထိန်း သိမ်းထားတာ တစ်ခုပဲ ရှိပါတယ်။ မိသားစုအပေါ်မှာ ရော၊ လူတွေအပေါ်မှာရော အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်ထားခြင်း လုံးဝမရှိပါဘူး။ အဲဒီမိသားစုနဲ့ မျက်နှာစုံညီတွေ့ဆုံဖြေရှင်းဖို့အတွက် ဒီနေ့ ညနေကို ချိန်းဆိုထားပါတယ်။ ပြီးရင်အဲဒီရဲ့ နောက်ဆက် တွဲ Statement တွေလည်း စဉ့်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တရားဝင်ထုတ် ပြန် သွားဖို့ရှိပါတယ်။” ဟု စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးက ရှင်းပြ သည်။

    စဉ့်ကူးမြို့နယ်အတွင်း၌ Star link Internet ကို အိမ်သုံးသီးသန့် (Private Use) အတွက်သာ ခွင့်ပြု မည်ဖြစ်ပြီး အများပြည်သူ လူထု ကို အခ ကြေးငွေဖြင့် မျှဝေသုံးစွဲခွင့် (Public Use) နှင့် Star link Internet လိုင်း ခွဲဝေသုံးစွဲခြင်း ကို လုံးဝခွင့်မပြုကြောင်း၊ အသုံးပြုမည့် Star link စက်ကို Password ဖြင့်သာ အသုံးပြုရမည်ဖြစ်ပြီး Public အား အသုံးပြုခွင့်ပေးလိုပါက သက်ဆိုင်ရာတာဝန်ရှိသူ များထံ သို့ တင်ပြလျှောက်ထားရမည် ဖြစ်ပြီး ခွင့်ပြုချက်ရမှသာ သုံးစွဲခွင့်ရှိမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေး ကော်မတီက ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

    ထို့အပြင် ခွင့်ပြုချက်အရ ငွေသွင်းငွေထုတ်နှင့် အရေးပေါ်ကျန်းမာရေးကိစ္စများအတွက် အသုံးပြုရန်ရှိ ပါက အသုံးပြု သူ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ် ပြားအမှတ်နှင့် နေရပ်လိပ်စာအပြည့်အစုံကို မှတ် တမ်းတင်ထားရမည် ဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးသည့်အချိန်တွင် ပြသရ မည်ဖြစ် ကြောင်း၊ Star link Internet အသုံးပြု၍ နယ်မြေအတွင်း လုံခြုံရေးကျိုး ပေါက်မှုများ ပေါ် ပေါက် လာပါက Star link စက် ပိုင်ရှင်က တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြ ထားသည်။

    အဆိုပါ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိပါက ပထမအကြိမ်တွင် ဒဏ်ကြေးငွေ ၁ဝ သိန်းကျပ်၊ ဒုတိယအကြိမ်တွင် သိန်း ၂ဝ ကျပ်နှင့် တတိယအကြိမ်တွင် Star link ကို သိမ်းဆည်းအရေးယူခြင်း ခံရမည်ကြောင်းနှင့် သိမ်းဆည်းခံရသည့် Star link များကို ၄ လအကြာ တွင် ပြန်လည်ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးထားသည်။

    “ပြဿနာက မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ စတားလင့်သုံးစွဲမှု ဆိုင်ရာ စည်းမျဉ်း စည်း ကမ်း တွေထုတ်ပြန်ထားတာရှိပါတယ်။ အဲဒီမှာ ကျနော်တို့ စည်းကမ်းအနေနဲ့က Public Use ပေါ့ ၊ Internet Café လိုမျိုး၊ စတားလင့်ကို အခကြေးငွေနဲ့ ရောင်း ချတာကို ကန့်သတ်ထားပါတယ်။ အဲဒီ ကန့် သတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တဲ့ စတားလင့်ပိုင်ရှင်ကို သွားပြီး အရေးယူ တာ ကနေမှ ဒီဖြစ်စဉ်ဖြစ်ခဲ့တာပါ၊ စတားလင့်စက်တပ်ထားတဲ့ ကိစ္စမဟုတ်ပါဘူး။ စတားလင့်စက် တပ် တာ ကို မြို့နယ်အတွင်းမှာ Register လုပ်ပြီးတော့ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းအတိုင်း အသုံး ပြုမယ်ဆိုရင် တရားဝင်အသုံးပြခွင့်ကို လူတိုင်းကို အကုန်လုံးကို ခွင့်ပြုထားပါတယ်။ အဓိက က ကန့် သတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတစ်ချို့ပဲရှိပါတယ်။ အဲဒီထဲမှာ အဓိကအကျဆုံးက စောစောက ပြောတဲ့ Public Use ပေါ့ ၊အဲဒီ Public Use စည်းမျဉ်းစည်းကမ်းတွေချိုးဖောက်တဲ့ အတွက် ကြောင့် သွားရောက်ထိန်းသိမ်းရာကနေမှ ဒီဖြစ်စဉ်ဖြစ်ခဲ့တာပါ။ ဒီစည်းမျဉ်းစည်းကမ်းချိုး ဖောက် တယ်ဆိုတဲ့ ကိစ္စက ကျနော်တို့ ဘက်ကယူဆချက်က ဒီစည်းမျဉ်းတွေကို သိသိလျက်နဲ့ချိုးဖောက် တယ်ပေါ့၊ ဒါကပထမတစ်ကြိမ် ဖြစ်သွားတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီစက်ကို သွားသိမ်းတာ တတိယ အကြိမ် မြောက်မှ ဖြစ်တဲ့ကိစ္စပါ။” ဟု စဉ့်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီ အတွင်း ရေးမှူးက ပြောကြားသည်။

    စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးကော်မတီတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) -MDY PDF ၊ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ၊ စဉ့်ကူးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ တို့ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

    ရုပ်သံ – လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ မန္တလေးPDF တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတချို့ အချင်းများနေတဲ့ အဖြစ်အပျက်ရဲ့ တစိတ်တပိုင်း ဗီဒီယိုဖိုင်