စဉ့်ကူးမှာ ပြည်သူအချို့နဲ့ အချင်းများခဲ့တဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်တွေကို သတိပေးအရေးယူသွားမယ်
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ ပြည်သူအချို့နဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်အချို့ အချေအတင် အချင်းများနေတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီး အဆိုပါတပ်ဖွဲ့ဝင်တွေကို သတိပေးအရေးယူမှုတွေ ဆောင်ရွက်သွားမယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်က ယမန်နေ့ အောက်တိုဘာလ ၁၁ ရက် မွန်းလွဲ ၃ နာရီခန့်မှာ ဖြစ်ပွားခဲ့ပြီး စတားလင့်အင်တာနက်ကို အခကြေးငွေယူဆိုင်ဖွင့်လှစ်တာကြောင့် စတားလင့်စက်ပိုင်ရှင်တွေကို အရေးယူဖို့ လာရောက်တဲ့အချိန် အခုလို အချင်းများခဲ့ကြတာဖြစ်ပါတယ်။
ရုပ်သံဖိုင် ပျံ့နှံ့လာပြီးနောက် လူမှုကွန်ရက်မှာ ဝေဖန်သံတွေ များစွာထွက်ရှိလာခဲ့ပြီး အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူကတော့ ဒီဝေဖန်သံတွေကို လက်ခံပြီး တပ်ဖွဲ့ဝင်တွေကို အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ဝေဖန်သံတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့က လက်ခံပါတယ်။ လုပ်ထုံးလုပ်နည်းအရတော့ တာဝန်ထမ်းဆောင်ဖို့သွားတဲ့ ရဲဘော်တွေအပေါ်မှာ ကာကွယ်ပေးဖို့တော့ သဘောထားရှိပါတယ်။ သို့ပေမဲ့ အကာအကွယ်ပေးတယ်ဆိုတာက လုပ်ငန်းစဉ်မှန်ကန်မှုအပေါ်မှာပဲ ကာကွယ်ပေးတာဖြစ်ပြီးတော့မှ ရဲဘော်တွေရဲ့ ဖြစ်စဉ်အပေါ်မှာ စိတ်မထိန်းနိုင်လိုက်တဲ့ တချို့သောကိစ္စတွေအတွက် သတိပေးအရေးယူတာတွေ လုပ်ဖို့တော့ စီစဉ်ထားပါတယ်” လို့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းမြို့နယ်တွေက စစ်တပ်သတင်းပေးများတဲ့အတွက် စတားလင့်အင်တာနက်ကို အိမ်သုံးအနေနဲ့ ခွင့်ပြုထားပေမယ့် အခကြေးငွေယူပြီး ဆိုင်ဖွင့်လှစ်တာတွေကိုတော့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်မှာတော့ စတားလင့်ကို တပ်ဖွဲ့တွေက သိမ်းယူသွားတာကို တွေ့ရပြီး အချေအတင် စကားများနေကြတာကို တွေ့ရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကနေ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး မကြာခင်မှာ အသေးစိတ်ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

မြို့နယ်မှာ ထုတ်ပြန်ထားတဲ့ စတားလင့်စည်းမျဉ်းစည်းကမ်းအရ ပထမတစ်ကြိမ်ကျူးလွန်ရင် စက်ကို သိမ်းပြီး ပိုင်ရှင်က ပိုက်ဆံ ၁၀ သိန်းနဲ့ ခံဝန်ထိုး ရွေးယူလို့ရပြီး ဒုတိယတစ်ကြိမ် သိန်း ၂၀၊ တတိယအကြိမ်ကျူးလွန်ရင် စက်ကို ၄ လကြာသိမ်းယူတယ်လို့ သိရပါတယ်။
စဉ့်ကူးမြို့နယ်ကို ၂၀၂၄ ဇူလိုင်လအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မန္တလေး PDF က သိမ်းယူနိုင်ခဲ့ကာ လက်ရှိမှာ ပကဖ၊ ပအဖ နဲ့ မန္တလေး PDF တို့က မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ပူးပေါင်းအုပ်ချုပ်နေတယ်လို့ သိရပါတယ်။

စဉ့်ကူးတွင် ပြည်သူနှင့် ဆက်ဆံရာတွင် အပြုအမူပိုင်း အားနည်းလျော့ရဲသည့် PDF ရဲဘော်များအားလုံးကို အရေးယူမည်
ရဲဘော်များနှင့် အချင်းများခဲ့သည့် လူပုဂ္ဂိုလ်နှင့် မိသားစုဝင်များကိုလည်း ဖမ်းဆီး အရေးယူမှု တစ်စုံတစ်ရာ လုပ်ရန်မရှိ
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ပြည်သူလူထုအပေါ် ဆက်ဆံရာ၌ အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းသွားခဲ့သည့် တာဝန်ရဲဘော်များကို သတိပေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးကာ်မတီ အတွင်းရေးမှူးက ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်က စဉ့်ကူးမြို့နယ်ရှိ ပြည်သူ မိသားစုတစ်စုနေအိမ်တွင် စတားလင့် အင်တာနက် တပ်ဆင်အသုံးပြုမှုနှင့်ပတ်သက်၍ စဉ့်ကူးမြို့နယ်အရေးပေါ်အုပ် ချုပ်ရေးကော်မတီက ထုတ်ပြန်ထားသည့် စည်း မျဉ်း၊ စည်းကမ်းအချို့ကို ချိုးဖောက် သည်ဟုဆိုကာ အရေးယူရန် သွားရောက်သည့် ရဲဘော်များနှင့် ပြည်သူမိသားစုဝင်များအကြားအငြင်းအခုန်ဖြစ် စကား များခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြည်သူလူထုနှင့် အချင်းများခဲ့သည့် တာဝန်ကျရဲဘော်များကို စဉ့်ကူးမြို့နယ်အရေးပေါ် အုပ် ချုပ်ရေးကော်မတီ အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
“ကျနော်တို့ဘက်ကတော့ ဒီလက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တာဝန် ကျတဲ့ ရဲဘော်တွေအပေါ်မှာရော၊ ဒီမိသားစုအပေါ်မှာရော တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဖြေရှင်း သွားမှာပါဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ ရဲဘော်တွေဘက်က အပြုအမူပိုင်းဆိုင်ရာ လျော့ရဲသွားမှု ၊ အား နည်း သွား မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း တာဝန်ကျတဲ့ ရဲဘော်တွေအားလုံးကို သတိ ပေး အရေး ယူမှု တွေ လုပ်ဆောင်သွားမှာပါ၊ မကြာခင်မှာတော့ တရား ဝင်သတင်းထုတ်ပြန်ဖို့လည်း ရှိပါတယ်။” ဟု စဉ့်ကူးမြို့နယ် အရေးပေါ်အုပ် ချုပ်ရေးကော်မတီ အတွင်းရေးမှူးက ပြောကြားသည်။

ထို့အပြင် စတားလင့် အင်တာနက် စည်းကမ်းချိုးဖောက်ခဲ့သည်ဟုဆိုသော မိသားစုနှင့်လည်း တွေ့ဆုံ ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ် ကြောင်း၊ ယခုလော လောဆယ်တွင် မည်သူတစ်ဦးတစ်ယောက်မျှ အရေး ယူထားခြင်းမရှိဘဲ စတားလင့်အသုံးပြုမှုစည်းမျဉ်း၊ စည်း ကမ်းချိုးဖောက်မှုဖြင့် စတားလင့်စက်ကို ယာ ယီ ထိန်းသိမ်းထားကြောင်း သိရသည်။
“လောလောဆယ်အရေးယူဆောင်ရွက်မှုက လူပုဂ္ဂိုလ်အပေါ်မှာ လုံးဝမရှိပါဘူး။ စည်းမျဉ်းစည်းကမ်း ချိုး ဖောက်တဲ့အတွက်ကြောင့်မို့လို့ စတားလင့်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းထဲမှာ ပါတဲ့အတိုင်း ပဲ စတားလင့်အင်တာနက်စက်ကို ယာယီထိန်း သိမ်းထားတာ တစ်ခုပဲ ရှိပါတယ်။ မိသားစုအပေါ်မှာ ရော၊ လူတွေအပေါ်မှာရော အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်ထားခြင်း လုံးဝမရှိပါဘူး။ အဲဒီမိသားစုနဲ့ မျက်နှာစုံညီတွေ့ဆုံဖြေရှင်းဖို့အတွက် ဒီနေ့ ညနေကို ချိန်းဆိုထားပါတယ်။ ပြီးရင်အဲဒီရဲ့ နောက်ဆက် တွဲ Statement တွေလည်း စဉ့်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တရားဝင်ထုတ် ပြန် သွားဖို့ရှိပါတယ်။” ဟု စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးက ရှင်းပြ သည်။

စဉ့်ကူးမြို့နယ်အတွင်း၌ Star link Internet ကို အိမ်သုံးသီးသန့် (Private Use) အတွက်သာ ခွင့်ပြု မည်ဖြစ်ပြီး အများပြည်သူ လူထု ကို အခ ကြေးငွေဖြင့် မျှဝေသုံးစွဲခွင့် (Public Use) နှင့် Star link Internet လိုင်း ခွဲဝေသုံးစွဲခြင်း ကို လုံးဝခွင့်မပြုကြောင်း၊ အသုံးပြုမည့် Star link စက်ကို Password ဖြင့်သာ အသုံးပြုရမည်ဖြစ်ပြီး Public အား အသုံးပြုခွင့်ပေးလိုပါက သက်ဆိုင်ရာတာဝန်ရှိသူ များထံ သို့ တင်ပြလျှောက်ထားရမည် ဖြစ်ပြီး ခွင့်ပြုချက်ရမှသာ သုံးစွဲခွင့်ရှိမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် အရေးပေါ် အုပ်ချုပ်ရေး ကော်မတီက ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။
ထို့အပြင် ခွင့်ပြုချက်အရ ငွေသွင်းငွေထုတ်နှင့် အရေးပေါ်ကျန်းမာရေးကိစ္စများအတွက် အသုံးပြုရန်ရှိ ပါက အသုံးပြု သူ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ် ပြားအမှတ်နှင့် နေရပ်လိပ်စာအပြည့်အစုံကို မှတ် တမ်းတင်ထားရမည် ဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးသည့်အချိန်တွင် ပြသရ မည်ဖြစ် ကြောင်း၊ Star link Internet အသုံးပြု၍ နယ်မြေအတွင်း လုံခြုံရေးကျိုး ပေါက်မှုများ ပေါ် ပေါက် လာပါက Star link စက် ပိုင်ရှင်က တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြ ထားသည်။
အဆိုပါ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိပါက ပထမအကြိမ်တွင် ဒဏ်ကြေးငွေ ၁ဝ သိန်းကျပ်၊ ဒုတိယအကြိမ်တွင် သိန်း ၂ဝ ကျပ်နှင့် တတိယအကြိမ်တွင် Star link ကို သိမ်းဆည်းအရေးယူခြင်း ခံရမည်ကြောင်းနှင့် သိမ်းဆည်းခံရသည့် Star link များကို ၄ လအကြာ တွင် ပြန်လည်ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးထားသည်။

“ပြဿနာက မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ စတားလင့်သုံးစွဲမှု ဆိုင်ရာ စည်းမျဉ်း စည်း ကမ်း တွေထုတ်ပြန်ထားတာရှိပါတယ်။ အဲဒီမှာ ကျနော်တို့ စည်းကမ်းအနေနဲ့က Public Use ပေါ့ ၊ Internet Café လိုမျိုး၊ စတားလင့်ကို အခကြေးငွေနဲ့ ရောင်း ချတာကို ကန့်သတ်ထားပါတယ်။ အဲဒီ ကန့် သတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တဲ့ စတားလင့်ပိုင်ရှင်ကို သွားပြီး အရေးယူ တာ ကနေမှ ဒီဖြစ်စဉ်ဖြစ်ခဲ့တာပါ၊ စတားလင့်စက်တပ်ထားတဲ့ ကိစ္စမဟုတ်ပါဘူး။ စတားလင့်စက် တပ် တာ ကို မြို့နယ်အတွင်းမှာ Register လုပ်ပြီးတော့ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းအတိုင်း အသုံး ပြုမယ်ဆိုရင် တရားဝင်အသုံးပြခွင့်ကို လူတိုင်းကို အကုန်လုံးကို ခွင့်ပြုထားပါတယ်။ အဓိက က ကန့် သတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတစ်ချို့ပဲရှိပါတယ်။ အဲဒီထဲမှာ အဓိကအကျဆုံးက စောစောက ပြောတဲ့ Public Use ပေါ့ ၊အဲဒီ Public Use စည်းမျဉ်းစည်းကမ်းတွေချိုးဖောက်တဲ့ အတွက် ကြောင့် သွားရောက်ထိန်းသိမ်းရာကနေမှ ဒီဖြစ်စဉ်ဖြစ်ခဲ့တာပါ။ ဒီစည်းမျဉ်းစည်းကမ်းချိုး ဖောက် တယ်ဆိုတဲ့ ကိစ္စက ကျနော်တို့ ဘက်ကယူဆချက်က ဒီစည်းမျဉ်းတွေကို သိသိလျက်နဲ့ချိုးဖောက် တယ်ပေါ့၊ ဒါကပထမတစ်ကြိမ် ဖြစ်သွားတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒီစက်ကို သွားသိမ်းတာ တတိယ အကြိမ် မြောက်မှ ဖြစ်တဲ့ကိစ္စပါ။” ဟု စဉ့်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီ အတွင်း ရေးမှူးက ပြောကြားသည်။
စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးကော်မတီတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) -MDY PDF ၊ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ၊ စဉ့်ကူးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ တို့ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။
ရုပ်သံ – လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ မန္တလေးPDF တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတချို့ အချင်းများနေတဲ့ အဖြစ်အပျက်ရဲ့ တစိတ်တပိုင်း ဗီဒီယိုဖိုင်


Leave a Reply