Category: News

  • ပြည်ပသံရုံးနှင့် လျှို့ဝှက် တွေ့ဆုံ၍ ဒေါ်သက်သက်ခိုင်အား အရေးယူမည်

    ပြည်ပသံရုံးနှင့် လျှို့ဝှက် တွေ့ဆုံ၍ ဒေါ်သက်သက်ခိုင်အား အရေးယူမည်

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပသံရုံးတရုံးမှ ပုဂ္ဂိုလ်တချို့နှင့် ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၁၈ရက်က လျှို့ဝှက်တွေ့ဆုံခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်နိုင်ကို အရေးယူမည်ဟု စစ်ကော်မရှင်က ယနေ့ညပိုင်း သတင်းထုတ်ပြန်သည်။

    ၎င်းတို့နှစ်ဦးသည် ရန်ကုန်မြို့ နတ်မောက်လမ်း စားသောက်ဆိုင်တွင် ပြည်ပသံရုံးတရုံးက ပုဂ္ဂိုလ်တချို့နှင့် နှာခေါင်းစည်း တပ်ကာ တရားမဝင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်ကြားသူရှိသဖြင့် ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကလည်း ဝန်ခံကြောင်း ပါရှိသည်။

    နိုင်ငံရေးပါတီများ အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၀၇(ဂ)၊ ၄၀၈နှင့်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆(စ) ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံခြား တိုင်းပြည်တခုခု အစိုးရ(သို့) ဘာသာရေးအဖွဲ့အစည်း(သို့) အခြားအဖွဲ့အစည်း တခုခု (သို့) လူပုဂ္ဂိုလ် တဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ရယူသုံးစွဲခြင်း(သို့) ယင်းတို့ ဩဇာခံခြင်း မပြုရေးကို စောင့်ထိန်းလိုက်နာရန် တာဝန်ရှိပြီး ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်ရမည်ဖြစ်ကြောင်း ၁၁-၈-၂၀၂၂ ရက်စွဲဖြင့် နိုင်ငံရေးပါတီ အားလုံးသို့ အကြောင်းကြားပြီးဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည်။

    သို့ဖြစ်၍ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်နိုင်ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

    ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နှင့်လျှို့ဝှက်စွာတွေ့ဆုံခဲ့သည့် PPPပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် CECအဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို အရေးယူမည်ဟု ထုတ်ပြန်

    ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နဲ့ လျှို့ဝှက်စွာတွေ့ဆုံခဲ့မှု‌နဲ့ပတ်သက်ပြီး အရေးယူသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၁၄ ရက်မှာထုတ်ပြန်ပါတယ်။

    နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ရှိရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကြိုတင်တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံဖို့နဲ့ သင့်လျော်တဲ့အစီအမံနဲ့ စိစစ်ခွင့်ပြုပေးမဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂၀၂၂ ခုနှစ် ဩဂုတ် ၂၃ရက် ရက်စွဲပါစာနဲ့ နိုင်ငံရေးပါတီအားလုံးကို အကြောင်းကြားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

    ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ သံရုံးတွေ/အဖွဲ့အစည်းတွေနဲ့ လျှို့ဝှက်စွာတွေ့ဆုံနေတယ်လို့ သိရတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြခွင့်ပြုချက်ယူပြီးမှသာ တွေ့ဆုံဖို့နဲ့ ခွင့်ပြုချက်မရဘဲတွေ့ဆုံရင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ၁၂နဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၂ရက် ရက်စွဲပါစာနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌကို လိပ်မူပြီး သတိပေးအကြောင်းကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ခွင့်ပြုချက်တင်ပြခြင်းမရှိဘဲ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ၁၈ရက် မွန်းလွဲ၂နာရီကနေ ၃နာရီခန့်အထိ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းက စားသောက်ဆိုင်တစ်ဆိုင်မှာ ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နဲ့ Maskတပ်ဆင်ပြီး တရားမဝင်လျှို့ဝှက်စွာ တွေ့ဆုံခဲ့ကြောင်း သတင်းပို့တိုင်ကြားမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ မှန်ကန်ကြောင်း တွေ့ရှိရပြီး ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ကလည်း မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    အဲဒါကြောင့် ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

    အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီ၁၃ရက် ညနေပိုင်းက သက်ဆိုင်ရာရဲ့ ခေါ်ယူမေးမြန်းမှုကိုခံရတဲ့ ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဇန်နဝါရီ၁၄ရက် ညပိုင်းမှာ နေအိမ်ကိုပြန်လည်ရောက်ရှိကြပြီဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးစောဟန်အေးက ပြောကြားထားပါတယ်။

  • The Christmas Showdown

    The Christmas Showdown

    The Christmas Showdown (2025)

    ငယ်ဘဝ သူငယ်ချင်းအရင်းတွေဖြစ်ခဲ့ကြတဲ့ ဧပရယ် နဲ့ ချက်စ်တို့ဟာ ဧပရယ်က ပဲရစ်မှာ အလုပ်အကိုင်ရှာဖို့ ထွက်ခွာသွားပြီးကတည်းက စိမ်းကားခဲ့ကြပါတယ်။

    ဧပရယ် အလုပ်လက်မဲ့ဖြစ်ပြီး အိမ်ပြန်ရောက်လာတဲ့အခါ Sugar Heights Christmas Eve Spectacular အတွက် ပွဲစီစဉ်မှု အလုပ် တစ်ခုတည်းကို နှစ်ယောက်လုံး ယှဉ်ပြိုင်ကြရပါတယ်။

    ထုတ်လုပ်သူ ဟန် ကို စွဲဆောင်နိုင်ဖို့အတွက် သူတို့ဟာ အချင်းချင်း ပြိုင်ဆိုင်မှုတွေကို စိမ်းကားသွားတဲ့ အခြေအနေတွေနဲ့ လုပ်ဆောင်ကြရင်း ခရစ်စမတ်အနှစ်သာရရှိတဲ့ ပွဲတစ်ပွဲကို ဘယ်လိုအတူတူ ပပြန်လည် ပူးပေါင်းပြီး အဖွဲ့လိုက်ဆောင်ရွက်ကြမလဲ ဆိုတာ ခရစ်စမတ် မတိုင်ခင်ထွက်လာတဲ့ ဇာတ်ကားသစ်လေးကို ငြိမ့်ငြိမ့်လေးခံစားချင်တယ်ဆိုရင် ဆက်လက်ကြည့်ရှု အားပေးကြပါဦး။

  • တကိုယ်ရေထဲ ‌ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရတဲ့ ဒေါ်စန္ဒာမင်း စစ်တပ်ပါတီ ကြံခိုင်ရေးထံ ထပ်မံရှုံးနိမ့်

    တကိုယ်ရေထဲ ‌ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရတဲ့ ဒေါ်စန္ဒာမင်း စစ်တပ်ပါတီ ကြံခိုင်ရေးထံ ထပ်မံရှုံးနိမ့်

    စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဝင်ပြိုင်ခွင့်ရဖို့ NDF ကိုပြောင်းခဲ့ပေမဲ့ ပါတီထပ်ဖျက်ခံရတာကြောင့် တကိုယ်ရေထဲ ‌ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရတဲ့ ဒေါ်စန္ဒာမင်း စစ်တပ်ပါတီ ကြံခိုင်ရေးထံ ထပ်မံရှုံးနိမ့်

    အကြမ်းဖက်စစ်တပ်ရဲ့ ရွှေးကောက်ပွဲအတုကို တက်တက်ကြွကြွ ထောက်ခံပြီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်းဟာ စစ်တပ်ပါတီဖြစ်တဲ့ ကြံခိုင်ရေးပါတီထံမှာပဲ ထပ်မံရှုံးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။

    ဒေါ်စန္ဒာမင်းဟာ အာဏာသိမ်းစစ်တပ် ဦးဆောင်ကျင်းပနေတဲ့ ရွေးကောက်ပွဲအတုမှာ ရန်ကုန်တိုင်း၊ လသာမြို့နယ်ကနေ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

    NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်းဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့အပြီး အာဏာသိမ်းစစ်တပ်နဲ့ ဆက်ဆံရေး ဆက်လက်ကောင်းမွန်နေခဲ့သူတစ်ဦးဖြစ်ပြီး၊ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဝင်ပြိုင်ဖို့အတွက် NDF ပါတီကို ကူးပြောင်းခဲ့ပါတယ်။

    ရန်ငါပြတ်တဲ့ အကြမ်းဖက်စစ်တပ်ကတော့ သူတို့ရဲ့နေရာကို တစက်မှအထိမခံဘဲ NDF ပါတီကို ရမယ်ရှာ ဖျက်သိမ်းလိုက်တဲ့အခါမှာတော့ ဒေါ်စန္ဒာမင်းရဲ့ လွှတ်တော်အမတ်အိမ်မက်ဟာ တဖန်ပျက်ပြယ်ခဲ့ရပါတယ်။ စစ်တပ်အလိုကျ လုပ်ဆောင်ခဲ့ပေမဲ့ စစ်တပ်ရဲ့ မျက်နှာသာပေးတာ မခံရတဲ့အဆုံးမှာတော့ သူမဟာ တသီးပုဂ္ဂလအနေနဲ့ပဲ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဝင်ပြိုင်ခဲ့ရပါတယ်။

    ဒီလိုဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမဲ့ ရွေးကောက်ပွဲအတု အပိုင်း ၂ ကျင်းပပြီးချိန်မှာတော့ ဒေါ်စန္ဒာမင်းဟာ ရွေးကောက်ပွဲမှာ သူမ ရှုံးနိမ့်ကြောင်းကို ကိုယ်တိုင်အသိပေးလာခဲ့ပါတယ်။

    ဇန်နဝါရီ ၁၂ ရက်နေမှာ ဒေါ်စန္ဒာမင်းက “ဒုတိယအကြိမ် ရွေးကောက်ပွဲကြီး ပြီးပါပြီ။ လသာမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၇၀၀၀ ကျော်မှာ ၆၇၆၀. ပဲ မဲပေးပါတယ်။ USDP မှ ၂၁၃၇၊ တစည မှ ၁၅၃၁၊ PPP ၁၁၀၀၊ တောင်သူလယ်သမားပါတီက ၅၉၆နဲ့ ကျွန်မက ၁၃၉၆ ပဲ ရရှိပါတယ် ” လို့ လူမှုကွန်ရက်မှာ ဝန်ခံရေးသားခဲ့ပါတယ်။

    စစ်တပ်ပါတီ ကြံခိုင်ရေးပါတီကို ရှုံးနိမ့်ခဲ့တဲ့ သူမက “အကန့်အသတ်များစွာထဲက မဲဆွယ်ခွင့်ရရှိသလောက်နဲ့ ရရှိလာတဲ့ ရမှတ်တိုင်းကို တန်ဖိုးထားပါတယ်” လို့လည်း သူကဆိုပါတယ်။

    အရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရတဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲများမှာ ပြည်သူများ အားတက်သရော မဲပေးခဲ့ကြပေမဲ့ လက်ရှိရွေးကောက်ပွဲအတုမှာတော့ အပိုင်း ၁ မှာရော လက်ရှိ အပိုင်း ၂ မှာပါ မဲပေးသူ သိသာာစွာနည်းပါးခဲ့တယ်လို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေက ပြောဆိုခဲ့ကြသလို၊ ဒေါ်စန္ဒာမင်းကိုယ်တိုင်လည်း ဒီအပေါ် ငြီးတွားခဲ့ပါတယ်။

    ဒေါ်စန္ဒာမင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်းတဦးဖြစ်ပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ပါတီဖျက်သိမ်းခံလိုက်ရလို့ အခုလို တသီးပုဂ္ဂလအနေနဲ့ လသာမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

    ဒေါ် စန္ဒာမင်းကတော့ အထပ်မြင့်တိုက်တွေများတဲ့ လသာမြို့နယ်မှာ သူမကို မဲပေးတဲ့ ပြည်သူတွေ အများအပြားရရှိဖို့ အိမ်တိုင်ရာရောက် မဲဆွယ်နိုင်ဖို့ ကြိုးစားပေမဲ့၊ လသာမြို့မှာ ကာလရှည်နေထိုင်သူ မဟုတ်ခဲ့တဲ့အတွက် စည်းရုံး‌ရေးကာလတွေမှာ သူ့ကိုလူသိဖို့ အခက်အခဲတွေ ရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။

    ဒေါ်စန္ဒာမင်းတို့လို ပြည်သူကို အတိုက်အခံလုပ်၊ စစ်တပ်နဲ့ပူးပေါင်းပြီး ရွေးကောက်ပွဲဝင်ခဲ့ပေမဲ့၊ အကြမ်းဖက်စစ်တပ်ကတော့ သူ့အလုပ်သူလုပ်ခဲ့တာကြောင့်၊ ဒီအတုအယောင်ရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ အခင်းအကျင်းအောက်က ပြည်သူ့အကျိုးဆောင်မယ်လို့ ပြောဆိုသူများကို အိပ်မက်က လန့်နိုးစေခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ့ဆန္ဒမပါတဲ့ ရွေးကောက်ပွဲဟာ ဇော်မင်းထွန်း ဘယ်လောက်ပဲလိမ်လိမ် ပြည်သူအများစုက စိတ်မဝင်စားဘူး၊ မဲလာမပေးဘူး ဆိုတာကို ကမ္ဘာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

    ဓာတ်ပုံ – စစ်အုပ်စု မီဒီယာ

  • ပြင်ဦးလွင်လမ်းဘေးဆိုင်တွေမှာ စည်ပင်ဝန်ထမ်းတွေက အလကားဝင်စား

    ပြင်ဦးလွင်လမ်းဘေးဆိုင်တွေမှာ စည်ပင်ဝန်ထမ်းတွေက အလကားဝင်စား

    ပြင်ဦးလွင်လမ်းဘေးဆိုင်တွေမှာ စည်ပင်ဝန်ထမ်းတွေက အလကားဝင်စားနေလို့ စျေးသည်တွေအခက်တွေ့နေ

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက အသစ်ဖွင့်တဲ့ လမ်းဘေးဆိုင်တွေကို ပိုက်ဆံမပေးဘဲ အလကားဝင်စားနေလို့ အခက်တွေ့နေတယ်လို့ စျေးသည်တွေက ပြောပါတယ်။

    ပြင်ဦးလွင်မြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက ဖွင့်လှစ်ထားတာမကြာသေးတဲ့ လမ်းဘေး အစားအသောက်ဆိုင်လေးတွေကို ဝင်လာပြီး ရောင်းချတဲ့အစားအစာတွေကို ငွေမရှင်းဘဲ မကြာခဏ လာစားနေတယ်လို့ စျေးသည်အချို့က ပြောပါတယ်။

    “မာလာဟင်းဆိုင်ဆိုလည်း တစ်ခါစားရှစ်သောင်းတစ်သိန်း၊ ခေါက်ဆွဲဆိုင်ဆိုလည်းအုပ်စုလိုက်တစ်သိန်းကျော်ဖိုးအလကားဝင် ဝင်စားတာ။ နောက်ဆုံးကုန်ကုန်ပြောမယ်။ မုန့်ပေါင်းဆိုင်လည်း အလကား၊ကွမ်းယာဆိုင်ပါမကျန် အလကားဝင် ဝင်မြိုတာ သူတို့အားလုံးက။ အရင်းပြုတ်တော့မယ်။”လို့ လမ်း​ဘေးစျေးသည်တစ်ဦးက ပြောပါတယ်။

    လမ်းဘေးစျေးသည်တချို့ဟာ ပြင်ဦးလွင်မြို့မှာ စစ်ရှောင်လာနေရင်း စျေးရောင်းကြတဲ့သူတွေလည်းရှိပြီး မကြာခဏ အလကားလာလာစားကြလို့ အခက်အခဲတွေရှိနေကြောင်း စျေးသည်အချို့က ပြောပါတယ်။

    ဒါ့အပြင် လမ်းလေးစျေးဆိုင်တွေကို တစ်ရက်တစ်ထောင့်ငါးရာကျပ် စျေးကောက်ကောက်နေပြီး အိမ်မှာဖွင့်တဲ့ဆိုင်ကအစ စျေးကောက်ကောက်နေကြောင်း မြို့ခံတွေဆီက သိရပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြင်ဦးလွင်မြို့ကို နောင်တချိန် သူအနားယူရင် နေထိုင်မယ့်မြို့လို့ ကြွေးကြော်ထားပြီး မြို့ကိုခမ်းနားအောင် ပြင်ဆင်နေပါတယ်။

    (ပြင်ဦးလွင်က လမ်းဘေးစျေးဆိုင်တွေနား အမှိုက်ကောက်ပြနေတဲ့ စည်ပင်ဝန်ထမ်းတွေကို တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)

  • မန္တလေး သိပ္ပံလမ်းမှာ လူတစ်စုက ဆိုင်ကယ် စစ်မယ်ဆိုပြီး ကျပ်သိန်း ၁၂၀ ကျော် လုယူ

    မန္တလေး သိပ္ပံလမ်းမှာ လူတစ်စုက ဆိုင်ကယ် စစ်မယ်ဆိုပြီး ကျပ်သိန်း ၁၂၀ ကျော် လုယူ

    မန္တလေးမြို့ သိပ္ပံလမ်းမှာ လူတ်စုက ဆိုင်ကယ် စစ်မယ်ဆိုပြီး ကျပ်သိန်း ၁၂၀ ကျော် လုယူသွားကြောင်း သတင်းရရှိပါတယ်။

    ဒီကနေ့ ဇန်နဝါရီ ၁၄ ရက် နေ့လယ် ၁နာရီဝန်းကျင်က မန္တလေးမြို့ပေါ် လူစည်ကားရာ အဓိကလမ်းမကြီးဖြစ်တဲ့ သိပ္ပံလမ်းနဲ့ လမ်း ၆၀ ထောင့်အနီးမှာ ဆိုင်ကယ်နဲ့လာတဲ့ လူငယ်အမျိုးသားတစ်ဦးကို လူတစ်စုက စစ်ဆေးမယ်ဆိုပြီး ရပ်တန့်ခိုင်းခဲ့ကြောင်း၊ အဲဒီနောက် Tool Box ထဲထည့်လာတဲ့ ကျပ်သိန်း ၁၂၀ ကျော်ကို လုယူသွားကြောင်း သိရပါတယ်။

    “ဆိုင်ကယ်ရပ်ပြီး ဖုန်းကိုင်တဲ့အချိန် အောက်က ယူနီဖောင်းခံဝတ်ထားပြီး စစ်မယ်ဆိုပြီး ပိုက်ဆံတွေ တွေ့တော့ ယူသွားတာတဲ့”လို့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး နီးစပ်သူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

    လုယူသွားတဲ့သူတွေဟာ သုံးဦးဖြစ်ပြီး Click ဆိုင်ကယ်တစ်စီးနဲ့ Scoopy တစ်စီးလည်း တွေ့ရတယ်လို့ သိရပါတယ်။

    အခင်းဖြစ်နေရာဟာ ယာဥ်သွားယာဥ်လာမပြတ်တဲ့ လမ်းမကြီးတစ်ခုဖြစ်ပြီး စစ်အုပ်စုဝင်တွေ မကြာခဏ စစ်ဆေးတတ်တဲ့နေရာတွေဖြစ်ကြောင်း၊ အခင်းအဖြစ်မီ မနက်ပိုင်းကလည်း အခင်းဖြစ်ရာနေရာနဲ့ နှစ်ပြအကွာ ၆၂ လမ်းမကြီးပေါ်မှာ စစ်အုပ်စုက စစ်ဆေးရေးလုပ်နေခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

    မန္တလေးမြို့မှာ စစ်ကောင်စီတပ်သားတွေက နေ့စဥ် ၁၀ ဖွဲ့ကျော်ကျော်နဲ့ လှည့်လည်စစ်ဆေးနေပြီး ပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်နေပါတယ်။ ဒါ့အပြင် စစ်ကောင်စီ လက်သပ်မွေးထားတဲ့ ပျူစောထီးတွေကလည်း ယာဥ်စစ်ဆေးဆိုပြီး လုယက်တာတွေ ပြုလုပ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

    (သိပ္ပံလမ်းတနေရာအား တွေ့ရစဥ်။ ဓါတ်ပုံ – CJ)