မန္တလေးမြို့ သိပ္ပံလမ်းမှာ လူတ်စုက ဆိုင်ကယ် စစ်မယ်ဆိုပြီး ကျပ်သိန်း ၁၂၀ ကျော် လုယူသွားကြောင်း သတင်းရရှိပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၁၄ ရက် နေ့လယ် ၁နာရီဝန်းကျင်က မန္တလေးမြို့ပေါ် လူစည်ကားရာ အဓိကလမ်းမကြီးဖြစ်တဲ့ သိပ္ပံလမ်းနဲ့ လမ်း ၆၀ ထောင့်အနီးမှာ ဆိုင်ကယ်နဲ့လာတဲ့ လူငယ်အမျိုးသားတစ်ဦးကို လူတစ်စုက စစ်ဆေးမယ်ဆိုပြီး ရပ်တန့်ခိုင်းခဲ့ကြောင်း၊ အဲဒီနောက် Tool Box ထဲထည့်လာတဲ့ ကျပ်သိန်း ၁၂၀ ကျော်ကို လုယူသွားကြောင်း သိရပါတယ်။
“ဆိုင်ကယ်ရပ်ပြီး ဖုန်းကိုင်တဲ့အချိန် အောက်က ယူနီဖောင်းခံဝတ်ထားပြီး စစ်မယ်ဆိုပြီး ပိုက်ဆံတွေ တွေ့တော့ ယူသွားတာတဲ့”လို့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး နီးစပ်သူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
လုယူသွားတဲ့သူတွေဟာ သုံးဦးဖြစ်ပြီး Click ဆိုင်ကယ်တစ်စီးနဲ့ Scoopy တစ်စီးလည်း တွေ့ရတယ်လို့ သိရပါတယ်။
အခင်းဖြစ်နေရာဟာ ယာဥ်သွားယာဥ်လာမပြတ်တဲ့ လမ်းမကြီးတစ်ခုဖြစ်ပြီး စစ်အုပ်စုဝင်တွေ မကြာခဏ စစ်ဆေးတတ်တဲ့နေရာတွေဖြစ်ကြောင်း၊ အခင်းအဖြစ်မီ မနက်ပိုင်းကလည်း အခင်းဖြစ်ရာနေရာနဲ့ နှစ်ပြအကွာ ၆၂ လမ်းမကြီးပေါ်မှာ စစ်အုပ်စုက စစ်ဆေးရေးလုပ်နေခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့မှာ စစ်ကောင်စီတပ်သားတွေက နေ့စဥ် ၁၀ ဖွဲ့ကျော်ကျော်နဲ့ လှည့်လည်စစ်ဆေးနေပြီး ပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်နေပါတယ်။ ဒါ့အပြင် စစ်ကောင်စီ လက်သပ်မွေးထားတဲ့ ပျူစောထီးတွေကလည်း ယာဥ်စစ်ဆေးဆိုပြီး လုယက်တာတွေ ပြုလုပ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။
(သိပ္ပံလမ်းတနေရာအား တွေ့ရစဥ်။ ဓါတ်ပုံ – CJ)


Leave a Reply