Category: News

  • နတ်ရေကန်ကို စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို AA ပိတ်ဆို့တိုက်ခိုက်

    နတ်ရေကန်ကို စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို AA ပိတ်ဆို့တိုက်ခိုက်

    ရခိုင်-မ‌ကွေး ရိုးတောင်ကျော်လမ်းရှိ နတ်ရေကန်တောင် လေကြောင်းရန်ကာကွယ်ရေးစခန်းကို စစ်ကူလာတဲ့ စစ်ကောာင်စီ စစ်ကြောင်း ၂ ကြောင်းကို အာရက္ခတပ်တော် (AA) က ထပ်မံပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    AA သိမ်းထားတဲ့ ဂုတ်ကြီးကျေးရွာစခန်းနဲ့ ပဇီကျေးရွာ စခန်းတွေကို အင်အားအလုံးအရင်းနဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ နောက်ဆုံးအပတ်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းကို AA က ပိတ်ဆို့ထားပြီး စနိုက်ဘာနဲ့ တိုက်ခိုက်နေတယ်လို့ လည်းသိရပါတယ်။

    စစ်ရေးသတင်းရင်းမြစ်တယောက်က “စကမ ဘက်က ဂုတ်ကြီးစခန်းနဲ့ ပဇီစခန်းကို ဒီဇင်ဘာလအတွင်းက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး တက်လာတယ်၊ တိုက်ပွဲဖြစ်တယ်၊ AA ဘက်က နောက်ဆုတ်ပေးလိုက်ရတယ်။ အခု အဲဒီစစ်ကြောင်းတွေ အပိတ်ခံနေရပြီ”လို့ ပြောပါတယ်။

    စစ်ကြောင်း ၂ ကြောင်းလုံး ရှေ့လည်းမရောက် နောက်ဆုတ်လို့လည်းမရဘဲ ပိတ်မိသွားပြီး တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကိုပါ နေ့စဉ်ခံနေရတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ စစ်ကောင်စီဗျူဟာ နတ်ရေကန်တောင်စခန်း၊ လမ်းဟောင်း ပဇီရွာစခန်း၊ လမ်းသစ် ဂုတ်ကြီးရွာစခန်း ၃ ခုလုံးကို AA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက အခိုင်အမာပိတ်ထားပြီး နောက်တန်း ကပစ ၁၄ နဲ့ ဆုန်ကုန်း အမြောက်တပ်မှ စစ်ကူ​စစ်ကြောင်း ထပ်မံစေလွှတ်ထားပေမဲ့ ကြားဖြတ် တိုက်ခိုက်ခံနေရတယ်လို့ ဒေသခံစစ်​ရေးသတင်းရင်းမြစ်က ထပ်ပြောပါတယ်။

    “နောက်ထပ် စစ်ကူစစ်ကြောင်းတွေ လာတယ်၊ ဒါပေမဲ့ ပဇီရွာ မရောက်ခင်၊ ဂုတ်ကြီးရွာမရောက်ခင် ကြားဖြတ်တိုက်ခိုက်ထားတယ်။”

    အဆိုပါ ပိတ်ဆို့ခံထားရတဲ့ စခန်း ၂ ခုဘက်ကို လမ်းဟောင်းနဲ့ လမ်းသစ် ၂ သွယ်ခွဲပြီး နောက်ကြောင်းစစ်ကူ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကိုလည်း AA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်တို့က ကြားဖြတ်တိုက်ခိုက်နေတယ်လို့ သူက ဆိုပါတယ်။

    ရခိုင်ရိုးမပေါ်ရှိ ငဖဲမြို့အပိုင် AA သိမ်းထားတဲ့ ဂုတ်ကြီးရွာကို ဒီဇင်ဘာ နောက်ဆုံးအပတ်က ဂျက်ဖိုက်တာ၊ ဒရုန်း၊ လက်နက်ကြီး ပစ်ကူယူပြီး အင်အား ၁၀၀ ကျော်ခန့်နဲ့ စစ်ကောင်စီစစ်ကြောင်း အလုံးအရင်းနဲ့ ဝင်ရောက်ကာ တိုက်ပွဲပြင်းထန်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က ရွာထဲထိ ဝင်ရောက်သွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ပဇီရွာစခန်းကိုလည်း ၂၀၂၅ နိုဝင်ဘာလအတွင်းက AA နဲ့ ပူးပေါင်းတပ်တို့ ရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က နောက်ထပ် စစ်အင်အားဖြည့်ကာ လက်နက်အင်အား၊ လူအင်အားနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့လို့ ပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။

    စစ်ကောင်စီတပ်ရဲ့ နတ်ရေကန်၊ ပဇီ၊ ဂုတ်ကြီး တို့ကို AA နဲ့ တော်လှန်ရေးတပ်က ဝိုင်းရံပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာတွေကို လေကြောင်းမှ Y8၊ Y12 တွေနဲ့ နှစ်ရက်တကြိမ် ပုံမှန်လာချပေးနေရပြီး ရိက္ခာထုပ်တချို့ကို AA ဘက်ကလည်း သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

  • စစ်တပ်က ကျူးလွန်ထားသည့် ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကို ICJ တရားရုံးတွင် ပြန်လည်ကြားနာမှု

    စစ်တပ်က ကျူးလွန်ထားသည့် ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကို ICJ တရားရုံးတွင် ပြန်လည်ကြားနာမှု

    ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ICJ ၌ ကြားနာမှု စတင်

    ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည့်အမှုအား နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ကြားနာစစ်ဆေးမှုများ ယနေ့ ဒေသစံတော် နံနက် ၁၀ နာရီတွင် စတင်နေပြီဖြစ်သည်။

    အဆိုပါကြားနာပွဲတွင် မြန်မာနှင့် ဂမ်ဘီယာကိုယ်စားလှယ်များမှ နှစ်ဖက်ချေပလျှောက်ထားချက်များ အပြန်အလှန် ပြုလုပ်ခြင်း၊ နှစ်ဖက်စလုံး တင်သွင်းထားသည့် သက်သေများ၊ ပညာရှင်များအား မေးမြန်းခြင်း ပါဝင်မည်ဟု သိရသည်။

    ကြားနာမှုကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်ထိ ပြုလုပ်သွားမည်ဖြစ်ပြီး စစ်ကော်မရှင်က ICJ ၌ ခုခံရန် သမ္မတရုံးဝန်ကြီးဌာန (၂) ဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ကို စေလွှတ်ထားသည်။

    ၂၀၁၉ ခုနှစ် နိုဝင်ဘာလ၌ ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည် ဆိုသော စွပ်စွဲချက်ဖြင့် ICJ တွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

    ယင်းအမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)အစိုးရလက်ထက်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၀၁၉ ဒီဇင်ဘာတွင် ICJ သို့ သွားရောက်လျှောက်လဲချက်ပေးခဲ့သည်။

    ယခုကြားနာပွဲသည် နောက်ဆုံးအကြိမ်ဖြစ်ပြီး အပြီးသတ်အမိန့်ချသည့် အခြေအနေများ ပါဝင်နိုင်ကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်ထားသည့် ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကို ICJ တရားရုံးတွင် ပြန်လည်ကြားနာမှုအတွင်း အဆုံးအဖြတ် သက်သေနှင့်စစ်ဆေးချက်များ စစ်ဆေးတော့မည်

    မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်ထားတဲ့ ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်တဲ့ အမှုကို ICJ တရားရုံးမှာ ယခု ဇန်နဝါရီလ ၁၂ ရက်နေ့ စတင် ကြားနာမည်ဖြစ်ပြီး အမှုအတွက် အဆုံးအဖြတ်ဖြစ်လာမယ့် သက်သေနဲ့ စစ်ဆေးချက်တွေကို ကြားနာစစ်ဆေးမှာဖြစ်ကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

    စစ်တပ်က ရိုဟင်ဂျာလူနည်းစုအပေါ် မျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ပါသလား ဆိုတဲ့ မေးခွန်းကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က တရားသူကြီးတွေက ဇန်နဝါရီလ ၁၂ ရက်နေ့ စတင်မယ့် ၃ ပတ်ကြာ ကြားနာစစ်ဆေးမှုတွေအတွင်း အဖြေရှာ ဆုံးဖြတ်ကြတော့မှာ ဖြစ်ပါတယ်။

    မင်းအောင်လှိုင်ကိုယ်စား ကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့က လျှောက်လှဲချက် ပေးကြမှာဖြစ်ပါတယ်။

    ဇန်နဝါရီ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ အထိ အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ထောက်ခံမှုနဲ့ အမှုကို စတင်တိုင်ကြားခဲ့တဲ့ ဂမ်ဘီယာ (Gambia) က အမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ICJ တရားရုံးမှာ တင်ပြကြမှာ ဖြစ်ပါတယ်။

    ဇန်နဝါရီ ၁၆ရက်နေ့မှ ၂၀ ရက်နေ့ အထိ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခြင်းမရှိကြောင်း မြန်မာစစ်တပ်က ပြန်လည် ချေပမှာဖြစ်ပါတယ်။

    ICJ ကမ္ဘာ့တရားရုံးက သက်သေတွေကို ကြားနာရန် ၃ ရက်တာ သတ်မှတ်ထားပြီး အဲဒီ ကြားနာမှုက တံခါးပိတ် ကြားနာမှာဖြစ်ပါတယ်။

    ဂမ်ဘီယာနိုင်ငံက ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ နှိမ်နင်းမှုတွေက ၁၉၄၈ ခုနှစ် မျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက် (Genocide Convention) ကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲပြီး ဒီအမှုကို တရားရုံးတော်သို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

    နိုင်ငံတကာ ဥပဒေပညာရှင်တွေက ဒီအမှုကို အထူးအာရုံစိုက် စောင့်ကြည့်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုရဲ့ ဆုံးဖြတ်ချက်တွေက တောင်အာဖရိကနိုင်ငံက အစ္စရေးအပေါ် ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီး ICJ မှာ စွဲဆိုထားတဲ့ မျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေကို တရားရုံးက ဘယ်လိုကိုင် တွယ်မလဲဆိုတာအတွက် အရိပ်အမြွက် လမ်းစတွေ ပေးနိုင်လို့ ဖြစ်ပါတယ်။

    မြန်မာစစ်တပ်နဲ့ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြပါတယ်။ သူတို့ဟာ အုပ်စုလိုက် မုဒိမ်းကျင့်ခံရမှု၊ မီးရှို့မှုနဲ့ လူသတ်မှု စတဲ့ ထိတ်လန့်စရာ အတွေ့အကြုံတွေကို ယူဆောင်လာခဲ့ကြပါတယ်။

    လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား (Cox’s Bazar) ရှိ ၈,၀၀၀ ဧက ကျယ်ဝန်းတဲ့ ယိုယွင်းပျက်စီးနေတဲ့ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ၁ ဒသမ ၁၇ သန်း ခန့်ဟာ ကျပ်ကျပ်တည်းတည်း နေထိုင်နေကြရပါတယ်။

    ရိုဟင်ဂျာမိခင်တစ်ဦးဖြစ်တဲ့ ဂျနီဖာ ဘေဂမ် (Janifa Begum) က “ကျွန်မတို့ ကြုံတွေ့ခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေဟာ ဒီကြားနာပွဲမှာ ထင်ဟပ်ပါ့မလားဆိုတာ သိချင်ပါတယ်။ ကျွန်မတို့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကိုပဲ လိုချင်တာပါ” လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မည်သည့်နိုင်ငံမဆို မျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ ယူဆရတဲ့ အခြားနိုင်ငံတစ်ခုကို ICJ မှာ တရားစွဲဆိုပိုင်ခွင့် ရှိပါတယ်။ ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေနဲ့ တရားစွဲခဲ့တာပါ။

    ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတုန်းက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သည်ဟိဂ်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော် (Peace Palace) ကို ကိုယ်တိုင်သွားရောက်ပြီး စစ်တပ်အတွက် ခုခံချေပခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်က ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေကို “အဖြစ်မှန်ကို လွဲမှားပြီး မပြည့်စုံအောင် ဖော်ပြထားတဲ့ ပုံရိပ်” လို့ ပယ်ချခဲ့ပြီး ဒါဟာ “ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ” သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ရာကနေ ဖြစ်ပေါ်လာတာဖြစ်ပြီး ဒီအမှုဟာ အခြေအနေကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ပါတယ်။

    ၂၀၂၀ ပြည့်နှစ်မှာ ICJ က မြန်မာနိုင်ငံအနေနဲ့ မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်တွေကို တားဆီးဖို့ “မိမိအာဏာအတွင်းရှိသမျှ ဆောင်ရွက်ရန်” ကြားဖြတ်အမိန့် ချမှတ်ခဲ့ပါတယ်။

    ၂၀၂၂ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံရဲ့ လုပ်ရပ်တွေကို မျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင် သတ်မှတ်ခဲ့ပါတယ်။

    မြန်မာဘက်က တရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို ကန့်ကွက်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာပဲ တရားရုံးက အဲဒီကန့်ကွက်ချက်ကို ပယ်ချခဲ့တာကြောင့် အမှုကို ဆက်လက်စစ်ဆေးဖို့ လမ်းပွင့်သွားခဲ့ပါတယ်။

    အခုပြုလုပ်မယ့် ကြားနာပွဲတွေဟာ ဇန်နဝါရီ ၃၀ ရက်မှာ ပြီးဆုံးမှာဖြစ်ပြီး အမှုရဲ့ အဓိက အနှစ်သာရပိုင်း​ ကို စစ်ဆေးမှာပါ။ အပြီးသတ် ဆုံးဖြတ်ချက်ထွက်ဖို့ လပေါင်းများစွာ သို့မဟုတ် နှစ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။

    ICJ အနေနဲ့ တရားရုံးအမိန့်ကို အတင်းအကျပ် အကောင်အထည်ဖော်နိုင်စွမ်း မရှိပေမဲ့ ဂမ်ဘီယာဘက်က အနိုင်ရရင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ နိုင်ငံရေးအရ ဖိအားတွေ အကြီးအကျယ် ကျရောက် လာမှာ ဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတာကြောင့် ဒီတစ်ခေါက် ကြားနာပွဲကို တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။

    ICJ တရားရုံးအပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကလည်း မင်းအောင်လှိုင်ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ ဒါ့အပြင် အာဂျင်တီးနားနိုင်ငံမှာလည်း Universal Jurisdiction (ကမ္ဘာ့တရားစီရင်ခွင့်) မူအရ ဒီအမှုကို စစ်ဆေးမှုတွေ ရှိနေပါတယ်။

  • ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင်း လှသောင်း နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံး

    ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင်း လှသောင်း နေအိမ်တွင် ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက် စစ်တပ် ခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် စစ်မှုထမ်းဟောင် လှသောင်းမှာ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်း လင်းခဲ့ရာ သေဆုံးသွားကြောင်း 9 Star Underground Force – Bago Region တပ်ဖွဲ့မှ တာဝန်ရှိသူ က ပြောကြားသည်။

    ယနေ့ ဇန်နဝါရီလ ၁၂ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက်၊ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် လှသောင်းကို နေအိမ်အတွင်း ဝင်‌ ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် ကျည် ၃ ချက်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

    “သူက အိမ်အောက်ထပ်က ကုတင်မှာ အိပ်တာပါ။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာမျိုး မရှိပါဘူး။ သူ့အိမ်က ရဲစခန်းနဲ့နီးပါတယ်။ ကျနော်တို့ အချိန်မရလို့ သူ့ကိုပဲ အဓိကထားပြီး ရှင်းလင်း ခဲ့တာပါ။ ရဲဘော်တွေအားလုံး ဘေးကင်းကင်းနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု 9 Star Underground Force – Bago Region တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

    သေဆုံးသွားသော စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး လှသောင်းမှာ အကြမ်းဖက်စစ်တပ်မှ ထောက်ပို့ တပ်ကြပ်ကြီးတစ်ဦးဖြစ်ကာ ဆေးပင်စင်ဖြင့် နုတ်ထွက်၍ ခေတ်အဆက်ဆက် အုပ်ချုပ်ရေးမှူး လုပ် ဆောင်ခဲ့သူဖြစ်ကြောင်း၊ NLD အစိုးရ လက်ထက်တွင် အုပ်ချုပ်ရေးမှူးရာထူးမှဖြုတ်ခံရပြီး စစ်တပ် က မတရား အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

    အာဏာသိမ်းစစ်တပ်က အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည် ခန့်အပ်ခံရပြီးနောက် ပြွန်တန်ဆာပျူစော ထီးအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းကာ ဧည့်စာရင်း ထောက်ခံစာပြုလုပ်ပေးရာတွင် ငွေတောင်းခံခြင်း၊ စစ် မှုထမ်းကြေး ၂ သောင်း၊ ကင်းကြေး/ချောဆွဲကြေးဟု ခေါင်းစဉ်တပ်ကာ ပျူစောထီးအဖွဲ့အတွက် လ စဉ် တစ်အိမ်လျှင် ၂ ထောင်ကျပ် ကောက်ခံခြင်း၊ ရပ်ကွက်အတွင်း ၎င်းတို့နှင့် မတည့်သူများကို စစ် သား၊ ရဲ များနှင့် ပူးပေါင်းဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်ခြင်း၊ စစ်မှုထမ်းစစ်သားအဖြစ် ရောင်းစားခြင်း တို့ လုပ် ဆောင်နေသူဖြစ်ကြောင်း သိရသည်။

    ထို့အပြင် အကြမ်းဖက်စစ်ကော်မရှင်က ပြုလုပ်သည့် တရားမဝင် ရွေးကောက်ပွဲကိုလည်း ၎င်းကိုယ် တိုင် ဦးဆောင်ကာ မဲဆွယ်စည်းရုံးခြင်း၊ ရန်ကုန် – မန္တလေးအမြန်လမ်းဟောင်းကို အသုံးပြုသော ခရီး သွားပြည်သူများထံမှလည်း ဆက်ကြေးကောက်ခံခြင်း၊ တောရွာများမှ ပြွန်တန်ဆာမြို့တွင်းသို့ ဈေးလာဝယ်လာသော လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းများလုပ်ဆောင်နေသူဖြစ်ကြောင်း သိရ သည်။

    ထို့ကြောင့် 9 Star Underground Force – Bago Region တပ်ဖွဲ့က နေအိမ်အတွင်းအထိ ဝင်ရောက် ရှင်းလင်းခဲ့ရခြင်းဖြစ်ပြီး စစ်တပ်အလိုကျ ပြည်သူလူထုကို အနိုင်ကျင့်ကာ ကိုယ်ကျိုးစီးပွားရှာနေသူ များကို ဆက်လက်ဖော်ထုတ်၍ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

  • ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်

    ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်

    ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ စစ်တပ်စစ်ကြောင်း ကစဉ့်ကလျား ထွက်ပြေး

    ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၂ ရက်နေ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ရန်ကုန် – မန္တလေးလမ်းဟောင်းအနီးရှိ ကြိမ်ခါးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦး အပါအဝင် ၂၀ ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ ကစဉ့်ကလျားဖြင့် စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ၊ စစ်တပ်၏ လက်နက်များ၊ ခဲယမ်းများနှင့် အခြားစစ်သုံးပစ္စည်း အများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    တိုက်ပွဲအတွင်း ရဲဘော် ၂ ဦး ကျဆုံးခဲ့ရပြီး ၃ ဦးမှာ အနည်းငယ်ထိခိုက်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်ဌာနအတွင်း စစ်ရေးအခြေအနေများ ဆက်လက် ဆောင်ရွက်လျက်ရှိနေပြီး တိုက်ပွဲအနီးဝန်းကျင်ရှိ ပြည်သူများ၊ ခရီးသွားပြည်သူများ၊ လမ်းပိုင်းအသုံးပြုသွားလာနေသည့် ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေး သတိပြု သွားလာကြပါရန် သတိပေးထားသည်။

    အဆိုပါ စစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်ရှိ အမှတ် ၃၇၀၂ တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း(P-29914)၊ ဗျူဟာ ၂၆ ကွပ်ကဲမှုအောက်ရှိ အမှတ် ၃၇၀၃ တပ်ရင်း(Fire Dragon)၊ တော်ဝင်ဒေါင်းတပ်ရင်း(P-29913) တို့ပါဝင်ခဲ့ကြောင်း သိရှိရသည်။

  • ဖလမ်းမြို့နယ်က တိုက်နယ်ဆေးရုံကို စစ်တပ် ဗုံးကြဲ

    ဖလမ်းမြို့နယ်က တိုက်နယ်ဆေးရုံကို စစ်တပ် ဗုံးကြဲ

    ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် သီးဘွာလ်ကျေးရွာတိုက်နယ်ဆေးရုံကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

    ဇန်နဝါရီ ၁၁ ရက်ညပိုင်းမှာ တိုက်နယ်ဆေးရုံဗုံးကြဲခံရတာဖြစ်ပါတယ်။

    “အထိအခိုက်တော့ မရှိပါဘူး။ ဒါပေမဲ့ အိမ်ပျက်စီးတဲ့ဟာတော့ရှိတာပေါ့။ တိုက်နယ်ဆေးရုံက အကုန်လုံး ပျက်စီးသွားတယ်။ နောက်ပြီး ဆေးရုံဝန်းထဲမှာ ရှိတဲ့ အဆောက်အအုံတွေလည်းပျက်စီးတယ်။ ပြည်သူ အဆောက်အအုံကတော့ တအိမ်ဘဲ ပျက်စီးတယ်လို့ ကျနော်တို့ သိရတယ်။ တခြားဟာကတော့ နည်းနည်း ထိခိုက်ရုံပျက်စီးရုံပေါ့။ လူကတော့ထိခိုက်မှုမရှိပါဘူး” လို့ ဆလိုင်းတင်မီက ပြောပါတယ်။

    အခု စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့ဒေသဟာ လတ်တလောတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ နယ်မြေဖြစ်တယ်လို့ ပြောပါတယ်။

    “အဲဒီ နေရာ သီးဘွာလ်က ၂၀၂၃ နိုဝင်ဘာလ ၁၅ရက်နေ့မှာ အဲဒီမှာ ရှိတဲ့ တပ်စခန်းရယ် ရဲလုံခြုံရေးဂိတ် ပေါ့နော် အဲဒါ အရင်တုန်းက ရှိတယ် ။အဲဒါ ကို ကျနော်တို့CNDFက သိမ်းပိုက်ထားတာဖြစ်ပါတယ်။ ဖလမ်း မြို့သိမ်း မတိုင်ခင် အထိ ရဲဂိတ်ကို CNDFက ထားထားပါတယ်။ ဒါပေမဲ့ မြို့သိမ်းပြီးတဲ့နောက်ပိုင်း ကျနော်တို့ မထားတော့ပါဘူး။ စစ်ရေးလှုပ်ရှားမှုလည်း မရှိသလို တော်လှန်ရေးဘက်က တပ်ချတာ ဘာမှ မရှိတဲ့နေရာဖြစ်ပါတယ်” လို့ ဆလိုင်းတင်မီက ပြောပါတယ်။

    ဖလမ်းမြို့ကို CNDF ပါဝင်တဲ့ ချင်းညီနောင်မဟာမိတ်တပ်တွေက ၂၀၂၅ နွေကာလမှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စစ်တပ်က ဖလမ်းပြန်ရရေး ထိုးစစ်ဆင်နေလို့ ဖလမ်းမြို့နယ်အတွင်း ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

    Video-ဖလမ်းမြို့နယ် သီးဘွာလ်ကျေးရွာတိုက်နယ်ဆေးရုံကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်