Category: News

  • ဘုတလင်တွင် စစ်တပ်စခန်း ၄ ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံး

    ဘုတလင်တွင် စစ်တပ်စခန်း ၄ ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံး

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ ဒီဇင်ဘာ ၂၈ ရက်က စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ၄ ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့လို့ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း ကျဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ က ဒီဇင်ဘာ ၃၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    ဘုတလင်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “၂၈ ရက်နေ့က ဘုတလင်မြို့ပေါ်မှာ စကစရဲ့ အတုအယောင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ဖို့လို့ မဲပေးဖို့သတ်မှတ်ထားတဲ့ နေရာတွေနဲ့ သူတို့တွေ အထိုင်ချနေကြတဲ့ နေရာ ၄ ခုကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြတာပါ။ သူတို့ဘက်က ၁၅ ယောက်ထက်မနည်း သေတယ်။ ကျနော်တို့ မဟာမိတ်တွေဘက်က ရဲဘော် ၆ ယောက် ကျခဲ့ပါတယ်။ ရဲဘော် ၃ ယောက်လည်း ဒဏ်ရာရပြီးတော့ MA2 သေနတ်တလက်လည်း ဆုံးရှုံးခဲ့ပါတယ်” လို့ ပြောပါတယ်။

    အဆိုပါတိုက်ခိုက်မှုတွေကို မုံရွာခရိုင်ကွပ်ကဲရေးမှူး အပါအဝင် မုံရွာခရိုင် ပကဖရဲ့ ကွပ်ကဲမှုနဲ့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း၊ မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း၊ မုံရွာခရိုင် ဗျူဟာ ၆၆ တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း၊ ယင်းမာပင်ခရိုင် 9+1 တပ်ရင်း၊ Burma Army (BA) အမှတ် ၁ တပ်ရင်း၊ မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့၊ ရွှေဘိုခရိုင်ဒရုန်းတပ်ဖွဲ့၊ ဘုတလင်မြို့နယ် ပကဖ၊ ရေဦးမြို့နယ် ပကဖနဲ့ ဒီပဲယင်းမြို့နယ် ပကဖ တွေက တော်လှန်ရေး​ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

    ဘုတလင်မြို့နယ်တပ်ပေါင်းစု စစ်ကြောင်းမှူး ကိုကြွက်ကလေးက “ကျနော်တို့ ဘုတလင်မြို့ဆိုတာ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အရမ်းနီးတယ်။ စကစရဲ့ အတုအယောင် ရွေးကောက်ပွဲ ကျင်းပမဲ့နေ့မှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရင်းနဲ့ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ မဲရုံအဖြစ် သတ်မှတ်ထားတဲ့နေရာ ၂ ခုကို အဲဒီနေ့ မနက် ၅ နာရီလောက်ကနေ နေ့လယ် ၂ နာရီလောက်အထိ တိုက်ပွဲဖြစ်ခဲ့ကြတာဆိုတော့ တိုက်ပွဲက ၉ နာရီလောက် ကြာခဲ့ပြီး မြို့ကို ယာယီ ခေတ္တ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ရန်သူ့ဘက်က Y12 နဲ့ ၈ ကြိမ်၊ ပါရာမော်တာတွေနဲ့ ၉ ကြိမ်၊ အသေခံဒရုန်းတွေနဲ့ ၆ ကြိမ် လေကြောင်းပစ်ကူတွေ ပေးခဲ့တယ်။ နမခ ထဲကနေလည်း ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ပါ ပစ်ကူပေးခဲ့သလို မြေပြင်စစ်ကူတွေ ပို့လာလို့ တိုက်ပွဲက အချိန်ပိုကြာသွားခဲ့တာ။ တိုက်ပွဲအချိန်ကြာလာတော့ မြို့ကို ယာယီထိန်းသိမ်းထားနိုင်ပြီးမှ ကျနော်တို့ဘက်က ခဲယမ်းမ​လုံလောက်တာကြောင့်မို့လို့ ခဏပြန်ဆုတ်လာခဲ့ကြတာပါ” လို့ ပြောပါတယ်။

    ​ဘုတလင်မြို့သိမ်းတိုက်ပွဲအတွင်း ပါဝင်ခဲ့ကြတဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ဘုတလင်မြို့ကနေ ​ခဲယမ်းလုံလောက်မှု မရှိတာကြောင့် မြို့ပေါ်ကနေ ယာယီ ပြန်လည်ဆုတ်ခွာပေးခဲ့ရပေမဲ့ ဒီဇင်ဘာ ၃၁ ရက်အထိ မြို့ပြင်ကနေ ဝိုင်းဝန်းပိတ်ဆို့ထားဆဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

    တိုက်ပွဲအရှိန် ပြင်းထန်နေတာကြောင့် ဘုတလင်မြို့ပေါ်က ပြည်သူတွေဟာ မြို့ကို စွန့်ခွာသွားကြပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အထွက်ဂိတ်တွေကနေ ပိတ်ဆို့တားဆီးတာတွေ ပြုလုပ်နေကြလို့ မြို့ခံပြည်သူတွေဟာ တိုက်ပွဲတွေအတွင်း မြို့ပေါ်မှာ ပိတ်မိနေကြသလို ဘုတလင်မြို့ပေါ်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းတွေနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း ဘုတလင်မြို့နယ်ထဲက ကံသစ်ရွာမ၊ ကံသစ်အရှေ့၊ ကံသစ်အနောက်၊ ဇီးတောအရှေ့၊ ဇီးတောအနောက်၊ ရွှေတောင်၊ ရွာရှည်အရှေ့၊ ရွာရှည်အနောက်၊ သပြေပင်၊ နေပူကုန်း၊ လွှဲတဲ၊ သမန်းတော၊ ကျီးပင်ချောင်၊ ညောင်ပင်ကန်၊ ညောင်ရိပ်သာ၊ မှန်တော၊ ထနောင်းကုန်း စတဲ့ကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၃၀ နီးပါးက ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဘုတလင်မြို့နယ် လူသားစာနာအဖွဲ့ဆီကနေ သိရပါတယ်။

  • ဂျပန် တံတားပေါ်မှာ အမျိုးသားတယောက်  ဓားနဲ့လေးချက် ထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ အလုခံရ

    ဂျပန် တံတားပေါ်မှာ အမျိုးသားတယောက် ဓားနဲ့လေးချက် ထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ အလုခံရ

    ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဒေါပုံတံတား(ဂျပန်တံတား) ပေါ်မှာ ဒီဇင်ဘာ ၃၁ ရက်နေ့ ၊နယူးရီးယား ညက အမျိုးသားတယောက် ဓားနဲ့ လေးချက် ထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ ၆၀၀၀ လုယက်ခံ ခဲ့ရတယ်လို့ သိရပါတယ်။

    ဖြစ်စဥ်မှာ ညက ၁၀ နာရီ ၄၅ မိနစ်လောက် ဒေါပုံတံတား ၊ မင်္ဂလာတောင်ညွန့် မြို့နယ် ဘက်အခြမ်းမှာ အဆိုပါ အမျိုးသားက လမ်းလျှောက် နေစဥ် အမည်မသိ အမျိုးသား နဲ့ အမျိုးသမီး တို့က ရောက်ရှိလာပြီး ဓားနဲ့ ထိုးကာ ဖုန်းနဲ့ ငွေသားအနည်းငယ်ကို လုယက်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။

    ” လည်ပင်း ဓားဒဏ်ရာတချက် ၊ ဘယ်နား ထိုးသွင်း ဒဏ်ရာ တချက် ၊ ကျောကုန်း ပြတ်ရှ ဒဏ်ရာ ၊ လက်မောင်း ပြတ်ရှ ဒဏ်ရာ တွေ့ရတယ် ။ မျက်မြင်တော့ ဓားဒဏ်ရာ လေးချက် မြင်ရတယ်။ ကျွန်တော်တို့ ရောက်တော့ လူနာက လည်ပင်း ဒဏ်ရာက သွေးထွက်နေတာကို သူ့ဘာသာ အုပ်ပြီး ထိုင်နေတာ တွေ့ရတယ်။ဖုန်းအဟောင်း တလုံးနဲ့ ပိုက်ဆံ အနည်းငယ် ပါသွားတယ် သိရတယ်။ ဓားနဲ့ ထိုးပြီး လုယက်ခံရတာကို လုံခြုံရေး ယူထားတဲ့ ရဲတွေက တွေ့ပြီး ကျွန်တော်တို့ ကိုလှမ်းဆက်လို့ သွားတာပါ။ ” လို့ သစ္စာမဏ္ဍိုင် လူမှုကူညီရေး အသင်း တာဝန်ရှိသူက ပြောပါတယ်။

    ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားကိုတော့ သစ္စာမဏ္ဍိုင် လူမှုကူညီရေး အသင်းကပဲ ရန်ကုန် ဆေးရုံကြီးကို အရေးပေါ် ပို့ ဆောင်ပေးခဲ့ တယ်လို့ သိရပါတယ်။

    အလားတူ ဒီဇင်ဘာ ၃၁ ရက်၊ မနက်ပိုင်းကလည်း သန်လျင်မြို့နယ် ၊ အောင်မင်္ဂလာရပ်ကွက်မှာ နေ အိမ်ရှေ့ တံမြက်စည်း လှဲနေတဲ့ အမျိုးသမီးတယောက်ကို မျက်နှာ ဓားနဲ့ လှီးပြီး ဆွဲကြိုးလုယက်မှု ဖြစ်စဥ် ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ် ။

    ရန်ကုန် အပါအဝင် တိုင်းနဲ့ ပြည်နယ် အများစုမှာ ယခုလို ဓားနဲ့ထိုးပြီး လုယက်မှုတွေ ၊ ဓားထောက် လုယက်မှုတွေ ၊ ရိုက်နှက် လုယက်မှုတွေ မကြာခဏ ဖြစ်ပွားမှု ရှိနေပြီး လူသေဆုံးတဲ့အထိ ဖြစ်စဥ်တွေလည်း ရှိထားတယ်လို့ သိရပါတယ်။

    လုယက်မှု ဖြစ်စဥ်အများစုက မနက်အစောပိုင်း နဲ့ ညပိုင်း တွေမှာ ဖြစ်ပွားလေ့ရှိတာ တွေရသလို မွန်းလွဲပိုင်း လူသွားလူလာ နည်းတဲ့ အချိန်တွေမှာ လည်း ​ဖြစ်ပွားလေ့ ရှိတာကို ဖြစ်စဥ်တွေ အရ သိရှိရပါတယ်။

    ဓာတ်ပုံ – သစ္စာမဏ္ဍိုင်

  • ကသာမြို့ကနေ ပြည်သူတွေထွက်ခွာလာချိန် စကမ က မြို့ပတ်လည်ကို လေကြောင်းနဲ့ဗုံးကြဲ

    ကသာမြို့ကနေ ပြည်သူတွေထွက်ခွာလာချိန် စကမ က မြို့ပတ်လည်ကို လေကြောင်းနဲ့ဗုံးကြဲ

    မြို့ကိုတဝက်လောက် သိမ်းထားပြီလို့ပြော

    မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ ကသာမြို့က ပြည်သူတွေကို တော်လှန်ရေးတပ်က ထွက်ခွာခွင့်ပေးနေပြီး စစ်ကော်မရှင်တပ်က မြို့ပတ်ပတ်လည်ကို လေယာဉ်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ စစ်ကော်မရှင်တပ်က ပြည်သူတွေ မြို့ကနေထွက်ခွာလို့မရအောင် လမ်းတွေပိတ်ထားခဲ့ကြောင်း ကသာမြို့က စစ်ရှောင်လာတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

    စစ်ကိုင်းတိုင်း ကသာမြို့ရဲ့တဝက်လောက်ကို တော်လှန်ရေးတပ်တွေက ရရှိပြီးတဲ့အချိန် ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပြည်သူတွေ ထွက်လာနိုင်ခဲ့ကြတာလို့ စစ်ဘေးရှောင် ပြည်သူကပဲ ပြောပါတယ်။

    “အရင်နေ့တွေက စကစ က မြို့ရဲ့ထွက်လမ်းတွေအကုန် ပိတ်ထားတာ။ အခုကျတော့ PDF တွေက မြို့တဝက်ရပြီဆိုကာမှ သူတို့(စကမ)တွေ ထိန်းထားတဲ့ နေရာတွေရောရမှ ပြည်သူတွေထွက်လာနိုင်ခဲ့ကြတာ။ တော်လှန်ရေးအဖွဲ့တွေလည်း လမ်းတွေရှင်းပေးတာတွေ။ ကူပေးတာ‌တွေ လုပ်ပေးနေတယ်။ မြို့ထဲမှာလည်း ဘယ်သူ့ကိုမှ မ‌နေခိုင်းဘူး။ အကုန်ထွက်ခိုင်းထားတယ်။”လို့ ဆိုပါတယ်။

    စစ်ကော်မရှင်တပ်ဟာ မြို့ရဲ့ဘေးပတ်လည်တွေကို လေယာဉ်နဲ့ဗုံးကြဲတာတွေလည်း ဆက်တိုက်လုပ်နေပြီး နေအိမ်တွေလည်း မီးလောင်နေတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “မြို့နဲ့ပတ်ခြာလည်ရွာတွေကို လေယာဉ်နဲ့ကြဲတာ။ အဲ့တာကြောင့် ကျန်တောနဲ့ စေတီကုန်းဘက် မီးလောင်တာတွေ ရှိတယ်။”လို့ ဆိုပါတယ်။

    စစ်ကိုင်းတိုင်း၊ ကသာခရိုင်ရုံးစိုက်တဲ့ ကသာမြို့ဟာ ရပ်ကွက် (၁၁) ခုနဲ့ ကျေးရွာပေါင်း (၂၀၀) နီးပါးရှိပြီး မြို့ပေါ်လူဦးရေ ၂ သောင်း ၆ ထောင်ကျော် နေထိုင်တဲ့မြို့ဖြစ်ကြောင်း သိရပါတယ်။

  • ပြည်သူ့ပါတီ အမတ်လောင်း ဦးစိုင်းသန်းထိုက်က မီဒီယာနှင့် လိင်လုပ်သား အမျိုးသမီးများကို ရိုင်းစိုင်းစွာ ပုတ်ခတ်

    ပြည်သူ့ပါတီ အမတ်လောင်း ဦးစိုင်းသန်းထိုက်က မီဒီယာနှင့် လိင်လုပ်သား အမျိုးသမီးများကို ရိုင်းစိုင်းစွာ ပုတ်ခတ်

    စစ်ကော်မရှင်က ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းသန်းထိုက်သည် မီဒီယာနှင့် လိင်အလုပ်သား (Sex Workers) အမျိုးသမီးများအပေါ် နှိမ်ချရိုင်းစိုင်းသည့် အသုံးအနှုန်းဖြင့် မှတ်ချက်ပေးခဲ့မှုကြောင့် ဝေဖန်မှုများရှိလာသည်။

    ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက မဲပေးမှုနည်းပါးခြင်းနှင့် ပြည်သူများ ချီတုံချတုံဖြစ်နေမှုအပေါ် စွပ်စွဲ ပြောကြားထားသည်ဆိုသည့် MPA သတင်းဌာန၏ သတင်းအောက်တွင် ဦးစိုင်းသန်းထိုက်က ၎င်း၏ လူမှုကွန်ရက်အကောင့်ဖြင့် ဝင်ရောက်မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

    ၎င်းက “မင်းတို့မီဒီယာကလည်း သူများကို အပုတ်ချ မဟုတ်တမ်းတရားပြောမှ ထမင်းစားရတာလားကွာ။ -ာသည်မတွေတောင် မင်းတို့လောက် ဗလောင်းဗလဲမပြောတတ်ဘူး” ဟု ရိုင်းစိုင်းစွာ ရေးသားခဲ့ခြင်းဖြစ်သည်။

    “အမတ်လောင်းဆိုသူက အမျိုးသမီးတစ်ဦးရဲ့ ဂုဏ်သိက္ခာကို နှိမ်ချပြီး ဥပမာပေး ဆဲဆိုတာဟာ သူ့ရဲ့ စိတ်ဓာတ်အောက်တန်းကျမှုကို ပြနေတာပါ။ Sex Worker တွေဆိုတာလည်း အလုပ်တစ်ခုပဲဆိုတာ သူမသိဘူးလား။ ခေတ်ဆက်ဆက် အသိပညာပေး၊ အမြင်တွေပြောင်းလာအောင် လုပ်ခဲ့ရတာတွေ မမြင်ဘူးလား။ သူက အခုလို တံဆိပ်ကပ်နှိမ်ချတာဟာ အမျိုးသမီးထုတစ်ရပ်လုံးကို စော်ကားတာဖြစ်သလိုပဲ။ ဒီလိုလူစားမျိုးက ပြည်သူ့ကိုယ်စားလှယ်လုပ်ဖို့ လုံးဝမထိုက်တန်ဘူးဆိုတာ သက်သေပြနေတာပါ”ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

    ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ရွေးကောက်ပွဲ ဒုတိယ၊ တတိယအသုတ်များတွင် ပြည်သူ့ပါတီကို မဲပေးကြရန် တိုက်တွန်းနေချိန် ၎င်း၏ အမတ်လောင်းဖြစ်သူ ဦးစိုင်းသန်းထိုက်၏ ရိုင်းစိုင်းသော အပြုအမူက ပါတီ၏ ပုံရိပ်ကို ပိုမိုဆိုးရွားစေခဲ့သည်။

    “သူတို့ပါတီဥက္ကဋ္ဌကိုယ်တိုင်က ပြည်သူတွေ မဲမပေးကြလို့၊ ချီတုံချတုံဖြစ်နေလို့ မဲရှုံးနေရတယ်လို့ ပြည်သူတွေကို စွပ်စွဲနေချိန်မှာ အမတ်လောင်းက အခုလို မှတ်ချက်မျိုးပေးထားတာဆိုတော့ အုပ်စုလိုက်ကြီးက အဲဒီလို စိတ်ရှိနေတာလားလို့ မေးခွန်းထုတ်ရမယ်။ နာမည်ကတော့ ပြည်သူ့ပါတီဆိုပြီး ပြည်သူကို မလေးစားတဲ့အပြင် မီဒီယာတွေအောက် လိုက်ပြီး အဆင့်အတန်းမရှိ ပြောနေတာက ယုံစရာကို တကွက်မှ မရှိတော့တာပါ”ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက မှတ်ချက်ပေးသည်။

    ပြည်သူ့ပါတီ အမတ်လောင်းဖြစ်သူ ဦးစိုင်းသန်းထိုက်သည် ဒီဇင်ဘာ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ်၌ လူထု ပါဝင်ကြောင်း ဓာတ်ပုံ သက်သေများ ရှိသော်လည်း မယုံကြည် ဖြစ်ကာ သပိတ်မအောင်မြင်ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားဝေဖန်ဖူးသည်ဖြစ်သည်။

    စာတည်း-ကိုဆန်း

    ဓာတ်ပုံ-လူမှုကွန်ရက်

  • သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲ

    သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲ

    သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များ မီးလောင်နေ

    ရခိုင်ပြည်နယ်၊ သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေကြောင်း အာရက္ခတပ်တော်-AA က သတင်းထုတ်ပြန်ထားသည်။

    ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူး ည ၇ နာရီ ၂၈ မိနစ်ခန့်တွင် သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်အတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ မီးလောင်နေကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် ယမန်နေ့ကလည်း သံတွဲမြို့နယ်၊ ငပလီမြို့အတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    အလားတူ ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ရခိုင်ပြည်၊ သံတွဲခရိုင် ငပလီမြို့၊ လင်းသာရပ်ကွက်နှင့် ကျင်းကန်ကြီးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ၂ ကြိမ်တိုင်တိုင် ပေါင် ၅၀၀ ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိကာ လူနေအိမ် ၂၃ ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

    ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့ကလည်း သံတွဲမြို့ နယ်၊ ရပ်ရှည်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက် ခိုက်ခဲ့သဖြင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ ထို့အတူ ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းကလည်း အရပ်သားပြည်သူများ ဆေးကုသရာနေရာ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျန်းမာရေးဝန်ထမ်းများအပါအဝင် လူနာ စုစုပေါင်း ၃၃ ဦး အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၇ ဦးအထိ ရှိခဲ့သည်။

    ဆက်စပ်သတင်း

    ငပလီမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချမှု