သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များ မီးလောင်နေ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေကြောင်း အာရက္ခတပ်တော်-AA က သတင်းထုတ်ပြန်ထားသည်။

ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူး ည ၇ နာရီ ၂၈ မိနစ်ခန့်တွင် သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်အတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ မီးလောင်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် ယမန်နေ့ကလည်း သံတွဲမြို့နယ်၊ ငပလီမြို့အတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ရခိုင်ပြည်၊ သံတွဲခရိုင် ငပလီမြို့၊ လင်းသာရပ်ကွက်နှင့် ကျင်းကန်ကြီးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ၂ ကြိမ်တိုင်တိုင် ပေါင် ၅၀၀ ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိကာ လူနေအိမ် ၂၃ ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့ကလည်း သံတွဲမြို့ နယ်၊ ရပ်ရှည်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက် ခိုက်ခဲ့သဖြင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ ထို့အတူ ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းကလည်း အရပ်သားပြည်သူများ ဆေးကုသရာနေရာ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျန်းမာရေးဝန်ထမ်းများအပါအဝင် လူနာ စုစုပေါင်း ၃၃ ဦး အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၇ ဦးအထိ ရှိခဲ့သည်။

ဆက်စပ်သတင်း

ငပလီမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချမှု

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *