Category: News

  • နတ်ရေကန်အနီးစစ်ကြောင်းက တပ်သား ၃ ဦးလက်နက်တွေနဲ့ဘက်ပြောင်းလာ

    နတ်ရေကန်အနီးစစ်ကြောင်းက တပ်သား ၃ ဦးလက်နက်တွေနဲ့ဘက်ပြောင်းလာ

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းရှိ ရခိုင်ရိုးမပေါ်က နတ်ရေကန်တောင်ဗျူဟာစခန်းအနီးမှာ ရောက်ရှိနေတဲ့ ရှေ့တန်းစစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၃ ဦး လက်နက်နဲ့အတူ ဘက်ပြောင်းလာခဲ့တယ်လို့ CDF-Asho က ဒီဇင်ဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    နတ်ရေကန်တောင်ခြေအောက်ရှိ ပဇီကျေးရွာအနီးကို ရောက်ရှိနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းက တပ်သား ၃ ဦးဟာ CDF-Asho နဲ့ ချိတ်ဆက်ပြီးတော့ ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၉ ရက်တို့မှာ ဘက်ပြောင်းခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။

    “(တပ်သား ၃ ဦး)က စခန်းကမဟုတ်ပါဘူး။ ပဇီရွာအနီး ရှေ့တန်းစစ်ကြောင်းကပါ။ (သူတို့ကို) မဖမ်းပါဘူး။ ကြိုတင်ဖုန်းဆက်ကြပြီးမှ ထွက်လာကြတာမျိုးပါ။ လက်ရှိတော့ လုံခြုံတဲ့စခန်းတနေရာကို ပို့ထားပေးပါတယ်” လို့ CDF-Asho မှတာဝန်ရှိသူတဦး ကပြောပါတယ်။

    ဘက်ပြောင်းလာသူ ၃ ဦးမှာ ခလရ ၁၀ မှ တပ်သား ကိုသိန်းမော် အသက် ၃၃ နှစ်နဲ့ ကိုမြမင်းခိုင် ၂၈နှစ်၊ တပ်မ ၈၈မှ တပ်သားကိုမိုးကျော် ၃၃ နှစ်တို့ဖြစ်ပြီး ၎င်းတို့ကိုင်ဆောင်တဲ့ သေနတ် ၃ လက်နဲ့ ခဲယမ်း၊ ကျည်တွေ ယူဆောင်လာခဲ့တယ်လို့ သူကဆိုပါတယ်။

    လက်ရှိမှာ အဲဒီတပ်သား ၃ ဦးကို လုံခြုံတဲ့ စခန်းတနေရာမှာ ထိန်းသိမ်းထားပြီး၎င်းတို့ မိသားစုတွေနဲ့ ဆက်သွယ်ပြီး ပြန်ပို့ပေးနိုင်ရေးအထိ လမ်းကြောင်းစီစဉ်ပေးဖို့ ပြင်ဆင်ထားတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

    အဆိုပါတပ်သား ၃ ဦးဟာ ရှေ့တန်းစစ်မြေပြင်မှာ အထက်တပ်မှူးတွေရဲ့ ဗိုလ်ကျအနိုင် ကျင့်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေကြောင့် တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ အခုလိုထွက်ပြေးလာခဲ့ကြတာ ဖြစ်တယ်လို့လည်း ထွက်ဆိုထားကြောင်း သူကဆိုပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ ၂ လ အတွင်းမှာလည်း နတ်ရေကန်တောင်ဗျူဟာ စခန်းကုန်း တိုက်ပွဲမှ ထွက်ပြေးလာကြတဲ့ စစ်ကော်မရှင်တပ်သား ၆၆ ဦးကို CDF- Asho က ဖမ်းမိပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

  • သန်လျင်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများဖြတ်တောက်၊ ဧည့်စာရင်းစစ်

    သန်လျင်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများဖြတ်တောက်၊ ဧည့်စာရင်းစစ်

    စစ်ခေါင်းဆောင်လာမည်ဟုဆိုကာ သန်လျင်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများဖြတ်တောက်၊ ဧည့်စာရင်းစစ်၍ လုံခြုံရေးတင်းကြပ်ထား

    ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း၌ ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေပြီး စစ်ကော်မရှင်တပ်နှင့် ရဲများမှဧည့်စာရင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

    ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်မည်ဟုဆိုကာ သန်လျင်မြို့နယ်အတွင်း၌ နံနက်အစောပိုင်းမှစတင်ကာ စစ်ကော် မရှင်တပ်ဖွဲ့နှင့် ရဲများမှ ဧည့်စာရင်းဝင်‌ရောက်စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

    “မနက်က သန်လျင်အောင်ချမ်းသာထဲကို ဧည့်စာရင်းဝင်စစ်သွားတယ်။ ရွေးကောက်ပွဲကြောင့်လို့ထင်နေတာ ဟိုဂျပု(စစ်ခေါင်းဆောင်)လာမယ်လို့နောက်မှ သိရတာ။ ဘေးတွဲတွေလည်း အပြင်မထွက်ရဲဘူး။ ရပ် ကွက်တွေထဲထိ လိုက်ဖမ်းနေတာ”ဟု အောင်ချမ်းသာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

    စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်ထဲရှိ ရေနံရပ်ကွက်၊ အောင်ချမ်းသာ၊ ညောင်သုံးပင်စသည့် ရပ်ကွက်အနီးတစ်ဝိုက်ကို အင်အားအများအပြားဖြင့် ဧည့်စာရင်းဝင်ရောက်စစ်ဆေးသွားခြင်းဖြစ်သည်။

    ထို့အပြင် သန်လျင်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများပြတ်တောက်ကာ အင်တာနက်လိုင်းများလည်း ယာယီပြတ်တောက်ခဲ့ကြောင်း ဒေသခံအချို့ကဆိုသည်။

    “ဘယ်အချိန်ကတည်းက လိုင်းပြတ်တာလည်းတော့ မသိဘူး ဖုန်းဆက်စရာရှိလို့ ဆက်တော့မှ ဖုန်းခေါ်မရတာ။ ဖုန်းတိုင်လည်းပျောက်၊ အင်တာနက်လည်း လိုင်းကျတာ။ ကိုယ်တစ်ယောက်ထဲလားဆိုပြီး ဘေးအိမ်တွေကို မေးတော့ သူတို့လည်းဖြစ်ကြတာ။ ခု နေ့ခင်းချိန် ဆက်သွယ်လို့မရသေးဘူး။ ရဲတွေက မနေ့က မနက်ပိုင်းကနေ ညအထိကို လမ်းထိပ်တွေ လမ်းမကြီးတွေပေါ်မှာ လုံခြုံရေးယူထားတာ”ဟု အောင်ချမ်းသာနေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

    သန်လျင်မြို့နယ်အတွင်းကို ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကတည်းက ရဲတပ်သားအများအပြား ဖြန့်ခွဲကာ နေရာအနှံ့လုံခြုံရေးချ ကင်းပုန်းဝပ်စေပြီး နေ့နံနက်ပိုင်းအထိ လုံခြုံရေးများတင်းကြပ်ထားကြောင်း သိရသည်။

    ဆိုင်ကယ်ကယ်ရီသမားများကို ကျိုက်ခေါက်ဘုရားလမ်းမကြီးပေါ်သို့ တက်ခွင့်မပေးဘဲ ဈေးဆိုင်ခန်းများကိုလည်း လမ်းဘေးဝဲယာတစ်လျှောက် ရှင်းလင်းကာ လုံခြုံရေးယူထားသည်ဟု ဆိုသည်။

    လက်ရှိတွင် စစ်ခေါင်းဆောင်မှာ ရွေးကောက်ပွဲအတွက် တပ်နယ်အသီးသီးကို လှည့်လည်သွားလာကာ တပ်အတွင်း မဲဆွယ်ပြောဆိုမှုပြုလုပ်နေပြီး ရွေးကောက်ပွဲအတွက် အထူးကြိုးပမ်းနေသည်ကိုတွေ့ရသည်။

    ဓာတ်ပုံ-စစ်ခေါင်းဆောင်မင်းအောင်လှိုင် (လူမှုကွန်ရက်)

  • ပုဂံမှာ ဘုရားဖူးမိသားစုကို ပျုစောထီးအဖွဲ့ ပြန်ပေးဆွဲပြီးငွေညှစ်

    ပုဂံမှာ ဘုရားဖူးမိသားစုကို ပျုစောထီးအဖွဲ့ ပြန်ပေးဆွဲပြီးငွေညှစ်

    ပုဂံမှာ ဘုရားဖူးမိသားစုကို ပျုစောထီးအဖွဲ့ ပြန်ပေးဆွဲပြီးငွေညှစ်

    မန္တလေးတိုင်း ၊ ပုဂံမြို့သစ်တောင်ပိုင်းရှိ စေတနာကြီးဘုရားအနီးမှာ ခရီးသွားကားကိုတားပြီး ပြန်ပေးဆွဲမှုဒီဇင်ဘာလ ၁၉ ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

    စစ်တပ်လက်ဝေခံပျုစောထီးတွေပါဝင်တဲ့လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာ လ ၁၉ရက် နေ့ခင်းပိုင်းမှာ အိမ်စီးကားနဲ့ ဘုရားဖူးထွက်လာတဲ့ မိသားစုတစ်စုကိုပြန်ပေးဆွဲခဲ့တာပါ။

    “ဖြစ်စဉ်ကတော့မှန်တယ်” လို့ ပုဂံမြို့ခံတစ်ဦးကပြောပါတယ်။

    ပြန်ပေးဆွဲပြီးနောက် ပုဂံ-ချောက်ကားလမ်းဘက်ခေါ်ဆောင်သွားပြီး ကျပ်သိန်းငါးထောင်နဲ့ ပြန်ရွေးခိုင်းခဲ့တာပါ။

    ညှိနှိုင်းမှုအရပြန်ပေးဆွဲခံရသူတွေဘက်ကကျပ်သိန်း၁,၂၀၀ နဲ့ လက်ဝတ် လက်စားတွေချွတ်ပေးရပြီးနောက် အဲဒီနေ့ ညနေပိုင်းမှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

    အခုလို ပြန်ပေးဆွဲငွေတောင်းတဲ့ ပျုစောထီးအဖွဲ့ဟာ ပုဂံအနီးတဝိုက်မှာ ကျင်လည်ကျက်စားနေတာလို့ ဒေသခံအချို့က ပြောပါတယ်။

    ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့တဲ့ စေတနာကြီးဘုရားက ပုဂံမြို့သစ်နဲ့ တစ်မိုင်ခန့်သာဝေးပြီး ခရီးသွားမရှိဘဲ လူသွားလူလာပြတ်တဲ့နေရာတစ်ခုပါ။

    ဆက်စပ်သတင်း

    ပုဂံကို အိမ်စီးကားနဲ့ လုံးဝ မလာကြပါနဲ့တော့

  • ဘွဲ့ရလူငယ်များစာရင်း အချိန်မီပေးပို့ရန် စစ်ကောင်စီဝန်ကြီး အမိန့်ပေး

    ဘွဲ့ရလူငယ်များစာရင်း အချိန်မီပေးပို့ရန် စစ်ကောင်စီဝန်ကြီး အမိန့်ပေး

    ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဘွဲ့ရလူငယ်တွေ စာရင်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ပို့ပေးဖို့ ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က အမိန့်ပေး ညွှန်ကြားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    မနေ့ နေ့လယ်က နေပြည်တော် MGallery ဟိုတယ်မှာ ပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေး ဦးစီးကော်မတီရဲ့ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ နေပြည်တော် သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ဘွဲ့ရလူငယ်စာရင်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပို့ပေးဖို့ ပြောတယ်။ စာရင်းတောင်းတယ် ဆိုတာထက် အမိန့်ပေးတာ။ ဒီလူငယ်တွေက ငြိမ်းချမ်းရေးဖိုရမ်မှာ တက်ရမှာဆိုတော့ ဘာမှပြန်မပြောဘူး။ စစ်ဘက်ကကြားရတဲ့ သတင်းတွေအရတော့ ဘွဲ့ရတွေကို စစ်ဘက်က နည်းပညာပိုင်းမှာ စစ်မှုထမ်းခိုင်းမယ်လို့ ပြောနေကြတယ်။ အရင်က စစ်မှုထမ်းကို ကြုံရာလူတွေပဲ ခေါ်နေတာ၊ အခု ဘွဲ့ရ ပညာတတ်တွေအလှည့် ရောက်လာတာ။”

    ဘွဲ့ရထားသူစာရင်းကို ရန်ကုန် မင်္ဂလာဒုံ၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင် စတဲ့ မြို့နယ်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးတွေက ကောက်နေရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    “ကိုယ့်ရပ်ကွက်ထဲမှာရှိတဲ့ ဘွဲ့ရလူဦးရေစာရင်း ကောက်ခိုင်းတာ၊ ဘွဲ့ရ ကျားဘယ်နှယောက်ရှိတယ်၊ မ ဘယ်နှယောက်ရှိတယ်၊ ပုံစံ ၆၆ နဲ့နေတဲ့သူ၊ ဧည့်စာရင်းနဲ့နေတဲ့သူ အကုန်ပါတယ်။ မြို့နယ်ကနေ တဆင့် ရပ်ကွက်နဲ့ ကျေးရွာကို စာထုတ်ညွှန်ကြားတာ။ ဘာကြောင့်ဆိုတာ ခေါင်းစဥ်မရှိဘူး။ ရပ်ကွက်အတွင်း နေထိုင်တဲ့ ဘွဲ့ရစာရင်းဆိုတာပဲ သိရတယ်။”

    စာရင်းကောက်ယူရာမှာ ကောက်ပုံကောက်နည်း ကွဲပြားမှုရှိပြီး တချို့မြို့နယ်တွေမှာ အိမ်တိုင်ရာရောက် လာကောက်တာရှိသလို တချို့မြို့နယ်တွေမှာတော့ ရုံးကို ကိုယ်တိုင် စာရင်းသွားပေးရတယ်လို့ လှည်းကူးမြို့ခံတယောက်က ပြောပါတယ်။

    “လှည်းကူးမှာတော့ အုပ်ချုပ်ရေးက အိမ်တိုင်ရာရောက် လာကောက်တာ။ လူဦးရေစာရင်း ကောက်သလိုပဲ အပြည့်အစုံပေးရတာ။ မင်္ဂလာဒုံဘက်မှာ ရုံးကို လူကိုယ်တိုင် စာရင်းသွားပေးရတာ။ သွားမပေးလို့လည်း မရဘူး၊ စစ်တပ်နယ်မြေဆိုတော့။”

    တခြား ပြည်နယ်နဲ့ တိုင်းတွေမှာ ဘွဲ့ရလူငယ်စာရင်း ကောက်ယူတဲ့အသံ မကြားရဘဲ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တွေမှာသာ စာရင်းကောက်ယူနေတာကြောင့် စစ်မှုထမ်းရမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

  • ဂုတ်ကြီးကျေးရွာကို AA နှင့် ပူးပေါင်းတပ်များ ပြန်လည်သိမ်းပိုက်

    ဂုတ်ကြီးကျေးရွာကို AA နှင့် ပူးပေါင်းတပ်များ ပြန်လည်သိမ်းပိုက်

    မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာရဲ့ ကာကင်းစခန်းတည်ရှိတဲ့ ဂုတ်ကြီးစခန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ပြီး ဂုတ်ကြီးကျေးရွာက အစိတ်အပိုင်းတချို့ကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ AA နဲ့ ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “ဂုတ်ကြီးကျေးရွာကို ပူးပေါင်းတပ်တွေက ပြန်ပြီးတော့ ထိန်းချုပ်ထားပြီးပါပြီ။ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်တိုက်တာကြောင့် တချို့နေရာတွေကို ဆုံးရှုံးလိုက်ရတာတွေ ရှိပေမဲ့ တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်ပြီးတော့ သိမ်းပိုက်လိုက်တာ။ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အတော်လေးကို အထိနာပြီးတော့ ဖရိုဖရဲနဲ့ ပြန်ဆုတ်သွားရတယ်။ အလောင်းတွေ၊ လက်နက်တွေကိုလည်း အများအပြား သိမ်းဆည်းရမိခဲ့တာ ရှိတယ်။”

    စစ်ကောင်စီဟာ အမ်း-ပဒါန်း လမ်းဟောင်းကနေတဆင့် စစ်ကူအင်အားဖြည့်တင်းပြီး ဂုတ်ကြီးရွာကို ပြန်လည်ထိန်းချုပ်ဖို့နဲ့ နတ်ရေကန်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေကြတာလည်း ဖြစ်ပါတယ်။

    စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပဒါန်းအခြေစိုက် မစက ၉၀၅ ကနေတဆင့် အမ်း-ပဒါန်းလမ်းဟောင်းကနေ မြေလတ်ကျေးရွာကို အင်အားတွေ ပို့ဆောင်ခဲ့ပြီး အဲဒီကနေတဆင့် မြေပြင်ထိုးစစ်ဆင်နေတာလို့ မြေပြင်အခြေအနေကို သိရှိသူတွေက ပြောပါတယ်။

    စစ်ကောင်စီဟာ မကွေး-ရခိုင် အစပ်မှာရှိတဲ့ နတ်ရေကန်ဗျူဟာကို အဆုံးရှုံးမခံရစေဖို့အတွက် စကခ-၁၄၊ စကစ-၁၇ လက်အောက်ခံတပ်တွေက စုပေါင်းအင်အားတွေနဲ့ တပ်ကူဖြည့်တင်းဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

    လက်ရှိမှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက နတ်ရေကန်ဗျူဟာစခန်းကို ပိတ်ဆို့ထားကြတာဖြစ်ပြီး စစ်ကောင်စီက လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို လေကြောင်းကနေတဆင့် ဖြည့်တင်းမှုတွေ ပြုလုပ်နေကြရတယ်လို့ မြေပြင်ရင်းမြစ်တွေက ပြောပါတယ်။

    အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ အမ်းမြို့ကို သိမ်းပိုက်လိုက်ပြီး‌နောက် မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့ကို စစ်ရေးဖော်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။