စစ်ခေါင်းဆောင်လာမည်ဟုဆိုကာ သန်လျင်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများဖြတ်တောက်၊ ဧည့်စာရင်းစစ်၍ လုံခြုံရေးတင်းကြပ်ထား
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း၌ ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေပြီး စစ်ကော်မရှင်တပ်နှင့် ရဲများမှဧည့်စာရင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်မည်ဟုဆိုကာ သန်လျင်မြို့နယ်အတွင်း၌ နံနက်အစောပိုင်းမှစတင်ကာ စစ်ကော် မရှင်တပ်ဖွဲ့နှင့် ရဲများမှ ဧည့်စာရင်းဝင်ရောက်စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“မနက်က သန်လျင်အောင်ချမ်းသာထဲကို ဧည့်စာရင်းဝင်စစ်သွားတယ်။ ရွေးကောက်ပွဲကြောင့်လို့ထင်နေတာ ဟိုဂျပု(စစ်ခေါင်းဆောင်)လာမယ်လို့နောက်မှ သိရတာ။ ဘေးတွဲတွေလည်း အပြင်မထွက်ရဲဘူး။ ရပ် ကွက်တွေထဲထိ လိုက်ဖမ်းနေတာ”ဟု အောင်ချမ်းသာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်ထဲရှိ ရေနံရပ်ကွက်၊ အောင်ချမ်းသာ၊ ညောင်သုံးပင်စသည့် ရပ်ကွက်အနီးတစ်ဝိုက်ကို အင်အားအများအပြားဖြင့် ဧည့်စာရင်းဝင်ရောက်စစ်ဆေးသွားခြင်းဖြစ်သည်။
ထို့အပြင် သန်လျင်မြို့နယ်အတွင်း ဆက်သွယ်ရေးလိုင်းများပြတ်တောက်ကာ အင်တာနက်လိုင်းများလည်း ယာယီပြတ်တောက်ခဲ့ကြောင်း ဒေသခံအချို့ကဆိုသည်။
“ဘယ်အချိန်ကတည်းက လိုင်းပြတ်တာလည်းတော့ မသိဘူး ဖုန်းဆက်စရာရှိလို့ ဆက်တော့မှ ဖုန်းခေါ်မရတာ။ ဖုန်းတိုင်လည်းပျောက်၊ အင်တာနက်လည်း လိုင်းကျတာ။ ကိုယ်တစ်ယောက်ထဲလားဆိုပြီး ဘေးအိမ်တွေကို မေးတော့ သူတို့လည်းဖြစ်ကြတာ။ ခု နေ့ခင်းချိန် ဆက်သွယ်လို့မရသေးဘူး။ ရဲတွေက မနေ့က မနက်ပိုင်းကနေ ညအထိကို လမ်းထိပ်တွေ လမ်းမကြီးတွေပေါ်မှာ လုံခြုံရေးယူထားတာ”ဟု အောင်ချမ်းသာနေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
သန်လျင်မြို့နယ်အတွင်းကို ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကတည်းက ရဲတပ်သားအများအပြား ဖြန့်ခွဲကာ နေရာအနှံ့လုံခြုံရေးချ ကင်းပုန်းဝပ်စေပြီး နေ့နံနက်ပိုင်းအထိ လုံခြုံရေးများတင်းကြပ်ထားကြောင်း သိရသည်။
ဆိုင်ကယ်ကယ်ရီသမားများကို ကျိုက်ခေါက်ဘုရားလမ်းမကြီးပေါ်သို့ တက်ခွင့်မပေးဘဲ ဈေးဆိုင်ခန်းများကိုလည်း လမ်းဘေးဝဲယာတစ်လျှောက် ရှင်းလင်းကာ လုံခြုံရေးယူထားသည်ဟု ဆိုသည်။
လက်ရှိတွင် စစ်ခေါင်းဆောင်မှာ ရွေးကောက်ပွဲအတွက် တပ်နယ်အသီးသီးကို လှည့်လည်သွားလာကာ တပ်အတွင်း မဲဆွယ်ပြောဆိုမှုပြုလုပ်နေပြီး ရွေးကောက်ပွဲအတွက် အထူးကြိုးပမ်းနေသည်ကိုတွေ့ရသည်။
ဓာတ်ပုံ-စစ်ခေါင်းဆောင်မင်းအောင်လှိုင် (လူမှုကွန်ရက်)


Leave a Reply