မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းရှိ ရခိုင်ရိုးမပေါ်က နတ်ရေကန်တောင်ဗျူဟာစခန်းအနီးမှာ ရောက်ရှိနေတဲ့ ရှေ့တန်းစစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၃ ဦး လက်နက်နဲ့အတူ ဘက်ပြောင်းလာခဲ့တယ်လို့ CDF-Asho က ဒီဇင်ဘာ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

နတ်ရေကန်တောင်ခြေအောက်ရှိ ပဇီကျေးရွာအနီးကို ရောက်ရှိနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းက တပ်သား ၃ ဦးဟာ CDF-Asho နဲ့ ချိတ်ဆက်ပြီးတော့ ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၉ ရက်တို့မှာ ဘက်ပြောင်းခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။
“(တပ်သား ၃ ဦး)က စခန်းကမဟုတ်ပါဘူး။ ပဇီရွာအနီး ရှေ့တန်းစစ်ကြောင်းကပါ။ (သူတို့ကို) မဖမ်းပါဘူး။ ကြိုတင်ဖုန်းဆက်ကြပြီးမှ ထွက်လာကြတာမျိုးပါ။ လက်ရှိတော့ လုံခြုံတဲ့စခန်းတနေရာကို ပို့ထားပေးပါတယ်” လို့ CDF-Asho မှတာဝန်ရှိသူတဦး ကပြောပါတယ်။

ဘက်ပြောင်းလာသူ ၃ ဦးမှာ ခလရ ၁၀ မှ တပ်သား ကိုသိန်းမော် အသက် ၃၃ နှစ်နဲ့ ကိုမြမင်းခိုင် ၂၈နှစ်၊ တပ်မ ၈၈မှ တပ်သားကိုမိုးကျော် ၃၃ နှစ်တို့ဖြစ်ပြီး ၎င်းတို့ကိုင်ဆောင်တဲ့ သေနတ် ၃ လက်နဲ့ ခဲယမ်း၊ ကျည်တွေ ယူဆောင်လာခဲ့တယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာ အဲဒီတပ်သား ၃ ဦးကို လုံခြုံတဲ့ စခန်းတနေရာမှာ ထိန်းသိမ်းထားပြီး၎င်းတို့ မိသားစုတွေနဲ့ ဆက်သွယ်ပြီး ပြန်ပို့ပေးနိုင်ရေးအထိ လမ်းကြောင်းစီစဉ်ပေးဖို့ ပြင်ဆင်ထားတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါတပ်သား ၃ ဦးဟာ ရှေ့တန်းစစ်မြေပြင်မှာ အထက်တပ်မှူးတွေရဲ့ ဗိုလ်ကျအနိုင် ကျင့်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေကြောင့် တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ အခုလိုထွက်ပြေးလာခဲ့ကြတာ ဖြစ်တယ်လို့လည်း ထွက်ဆိုထားကြောင်း သူကဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ ၂ လ အတွင်းမှာလည်း နတ်ရေကန်တောင်ဗျူဟာ စခန်းကုန်း တိုက်ပွဲမှ ထွက်ပြေးလာကြတဲ့ စစ်ကော်မရှင်တပ်သား ၆၆ ဦးကို CDF- Asho က ဖမ်းမိပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။


Leave a Reply