Category: News

  • နေပြည်တော်တွင် စစ်ရေးပြ စစ်ကြောင်းမှ အရာရှိနှင့်တပ်သားများအချင်းချင်း ခိုက်ရန်ဖြစ်ပွား

    နေပြည်တော်တွင် စစ်ရေးပြ စစ်ကြောင်းမှ အရာရှိနှင့်တပ်သားများအချင်းချင်း ခိုက်ရန်ဖြစ်ပွား

    နေပြည်တော်တွင် စစ်ရေးပြ စစ်ကြောင်းမှ အရာရှိနှင့်တပ်သားများအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၁၈ ဦး ဒဏ်ရာရ၊ ရန်ပွဲကို အကြမ်းဖက်နှိမ်နင်းရေးတပ်က အင်အားသုံး ဖျန်ဖြေခဲ့ရ

    နေပြည်တော်တွင် ယမန်နေ့ညပိုင်း စစ်ရေးပြ စစ်ကြောင်းမှ အရာရှိနှင့်တပ်သားများအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၁၈ ဦး ဒဏ်ရာရရှိကြောင်း နေပြည်တော်၊တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောဆိုသည်။

    ယမန်နေ့ မတ်လ ၂၆ ရက်နေ့ ည ၁၀ ဝန်းကျင်အချိန် နေပြည်တော်ရှိ တည်းခိုရေး ၃တွင် တည်းခိုနေကြသည့် စစ်ရေးပြ အခမ်းအနား ချီတက်ကြမည့် တပ်ဖွဲ့ဝင်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ တည်းခိုဆောင် အ ဆောင် ၃နှင့် အဆောင် ၄ ရှိ ကျန်စစ်သားစစ်ကြောင်း၏ အိပ်ဆောင်အလိုက် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့ညပိုင်း စစ်ခေါင်းဆောင်က ညစာစားပွဲ ကျင်းပခဲ့ပြီး စစ် ရေးပြ ချီတက်ကြမည့် စစ်သားများကိုလည်း စားသောက်၀ိုင်းများဖြင့် ကျွေး မွေးခဲ့ကြောင်း၊ စစ်ရေးပြချီတက်ကြမည့် စစ်သားတချို့က အရက်သေစာသောက်စားရာမှ စကားများရန်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

    နေပြည်တော် အိပ်ဆောင် ၁ ခုလျှင် စစ်သည်အင်အား ရာချီ ထားရှိပြီး ခိုက်ရန်ဖြစ်ပွားမှုတွင် အိပ်ဆောင် ၂ ခုမှ စစ်သား ရာဂဏန်းပါဝင်ခဲ့ကြောင်း၊ ရန်ဖြစ်သော နှစ်ဖက်အဖွဲ့က အုတ်ခဲနှင့် တုတ်များအသုံးပြု၍ ပစ်ခတ်ရိုက်နှက်ကြရာမှ စစ်သား ၁၅ ဦးခန့် ခေါင်းကွဲဒဏ်ရာနှင့် သွေးထွက်သံယိုဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ပြီး စစ်သား ၃ ဦး အသက်အန္တရာယ်စိုးရိမ်ရ ဒဏ်ရာ အပါအဝင် စုစုပေါင်း အရာရှိနှင့် စစ်သား ၁၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအနက် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ စစ်ကြောင်းတပ်ရင်းမှူး ၁ ဦး ပါ အရိုက်ခံရပြီး ဖူးယောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

    ယင်း ရန်ပွဲကို တကက ၂ မှ အင်အားအလုံးအရင်းဖြင့် ဖျန်ဖြေခဲ့သော်လည်း မနိုင်သဖြင့် အကြမ်းဖက်နှိမ်နင်းရေးတပ်မှ လုံခြုံရေးများခေါ်ယူ၍ ကျင်စက်များအသုံးပြုကာ လူစုခွဲခဲ့ရကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ရေးပြမှူး ဗိုလ် ချုပ် က လာရောက်စစ်ဆေး ဆဲဆိုဆူပူသွားကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ယမန်နှစ် စစ်ရေးပြ အခမ်းအနားမြင်ကွင်း။

  • ဂန့်ဂေါတွင် ပြည်သူများကို စနိုက်ပါဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သော စစ်ကောင်စီ တပ်သား ကြည်ဝင်း ဆိုင်ကယ် တိုက်ခံရပြီး ပွဲချင်းပြီး သေဆုံး

    ဂန့်ဂေါတွင် ပြည်သူများကို စနိုက်ပါဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သော စစ်ကောင်စီ တပ်သား ကြည်ဝင်း ဆိုင်ကယ် တိုက်ခံရပြီး ပွဲချင်းပြီး သေဆုံး

    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူများကို စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သော အကြမ်းဖက် စစ်ကောင်စီတပ်သား ကြည်ဝင်း ဆိုင်ကယ်တိုက်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်း က ပြောဆိုသည်။

    ယမန်နေ့ မတ်လ ၂၅ ရက်နေ့တွင် ဂန့်ဂေါမြို့ပေါ်၌ စစ်ကောင်စီ တပ်သား ကြည်ဝင်းသည် ဆိုင်ကယ်ဖြင့် သွားလာနေစဉ် ပျူစောထီးအဖွဲ့ ဝင်တစ်ဦး၏ သားဖြစ်သူ မောင်းလာသော ဆိုင်ကယ်ကာ ဝင်တိုက်ခိုက်ခဲ့ရာ ကြည်ဝင်း နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ပျူစောထီးအဖွဲ့ဝင်၏ သားဖြစ်သူကို ဂန့် ဂေါမြို့မရဲစခန်း၌ ယာဉ်တိုက်မှုဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။

    “ဂန့်ဂေါမြို့ပေါ်မှာပဲ တိုက်ခံရတာပါ။ ပျူစောထီးသားကိုတော့ ရဲစခန်းမှာ ဖမ်းထားတယ်။ ကြည်ဝင်း ဆိုတဲ့ စနိုက်ပါတပ်သားက ပြည်သူတွေကို စနိုက်ပါနဲ့ ပစ်ခတ်သတ်ဖြတ်နေတာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဖြစ်စဉ်က အတိအကျ သိရတဲ့သတင်းပေါ့။ အဲဒီနေ့က ဆိုင်ကယ်နဲ့ ၂ ယောက်စီးလာတာ တစ်ယောက်က ကျည်ထိပြီး ပွဲချင်းပြီးသေတာ” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ပြောဆိုသည်။

    သေဆုံးသွားသော စနိုက်ပါတပ်သား ကြည်ဝင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းက ခလရ ၅၀ တပ်ရင်း အနီး ဂန့်ဂေါမြို့နှင့် စိုင်ဒူးရွာ ဘက်ခြမ်းကို ဆက်သွယ်ထားသော တံတားပေါ်၌ ဆိုင်ကယ်ဖြင့် သွားလာနေသော ဂန့်ဂေါမြို့နယ် လာပို့ရွာသား ၁ ဦးကို စနိုက်ပါဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သူဖြစ်ကြောင်း သိရသည်။

  • ကျောက်ဖြူမှာ AA ထိုးစစ် အမှတ် (၃၂) ရဲတပ်ရင်းနဲ့ မိုင်ဝက်အကွာသို့ ရောက်ရှိလာ

    ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ အမှတ်(၃၂)ရဲတပ်ရင်းနှင့် မိုင်ဝက်ခန့်အကွာသို့ အာရက္ခတပ်တော်(AA)၏ ထိုးစစ်ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

    ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ အမှတ် (၃၂)ရဲတပ်ရင်းနှင့် မိုင်ဝက်ခန့်သာကွာဝေးသည့်နေရာသို့ AA ၏ ထိုးစစ်ရောက်ရှိလာသဖြင့် တိုက်ပွဲပြင်းထန်နေသည်ဟု ကျောက်ဖြူဒေသခံမြေပြင်စစ်ရေးသတင်းရင်းမြစ် အမျိုးသမီးတစ်ဦးက ပြောသည်။

    “ရဲတပ်ရင်းက စစ်ကြောင်းတွေလွှတ်တယ်။ AA နဲ့တိုက်ပွဲဖြစ်တယ်။ ပြီးရင် စစ်ကောင်စီဖက်က အကျအဆုံးများလို့ နောက်ဆုတ်ရင်း နောက်ဆုတ်ရင်းနဲ့ တဖြည်းဖြည်း AA ဖက်က ထိုးစစ်က ရဲတပ်ရင်းနဲ့ မိုင်ဝက်အကွာလောက်ရောက်လာတယ်။ တိုက်ပွဲက အသားကုန်ပြင်းတဲ့အနေအထားမှာရှိတယ်” ဟု ပြောသည်။

    စစ်ကောင်စီဖက်မှ ဒရုန်းများနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်‌နေသည့်ကြားမှ AA ၏ ရဲဝံ့စွန့်စားတိုက်ခိုက်ရဲသည့်သတ္တိကြောင့် ယခုကဲ့သို့ အမှတ်(၃၂)ရဲတပ်ရင်းအနီးဆုံးသို့ရောက်ရှိလာခြင်းဖြစ်သည်ဟု ကျောက်ဖြူဒေသခံစစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

    “ကျောက်ဖြူမှာ စစ်ကောင်စီဖက်က ဒရုန်းအသုံးအများဆုံးပဲ။ တခြားမြို့ရဲ့တိုက်ပွဲတွေထက် ဒရုန်းများတယ်။ ဒါပေမယ့် AA ဖက်က စစ်ကောင်စီရဲ့ဒရုန်း၊ လက်နက်တွေကြားက ထိုးစစ်သဘောအနေနဲ့ သတ္တိရှိရှိတိုက်ခိုက်နိုင်လို့ ရဲတပ်ရင်းအနီးထိရောက်သွားတာ။ မိုင်းအန္တရာယ်လည်း ရှိတယ်” ဟု ပြောသည်။

    အမှတ်(၃၂)ရဲတပ်ရင်းကို AA က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်၊ နေ့လယ်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    လက်ရှိတွင် သစ်ပုတ်တောင်တိုက်နယ်၊ ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ စည်မော်အနီးအနားဝန်းကျင်တွင်လည်း တိုက်ပွဲဆက်ရှိနေသေးပြီး AA က ရှောက်ချောင်းကျေးရွာကိုလည်း သိမ်းထားပြီဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

    ကျောက်ဖြူသည် တရုတ်၏ရင်းနှီးမြှုပ်နှံမှုများသည့် စစ်ကောင်စီနှင့်တရုတ်တို့၏အကျိုးစီးပွားအတွက် အလွန်အရေးပါသည့်ဒေသဖြစ်သည့်အတွက် စစ်ကောင်စီဘက်က ကျောက်ဖြူမကျစေရေး အဘက်ဘက်မှ ခုခံတွန်းလှန် တိုက်ခိုက်လျက်ရှိသည်ဟုလည်း သိရသည်။

    ဓာတ်ပုံ – ရခိုင့်စစ်မြေပြင်တစ်ခုအတွင်းတွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ (Photo – AA Info Desk)