အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေကို အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီးတွေက အသိအမှတ်ပြု ဂုဏ်ယူအားပေးနေတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဦးဆောင်မှုနဲ့ တပ်မတော်ကိစ္စရပ်တွေအပြင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် နေ့မအား ညမအား ဆောင်ရွက်နေတာတွေကို အသိအမှတ်ပြုဂုဏ်ယူအားပေးတယ်လို့ အငြိမ်းစားအရာရှိကြီးတွေကိုယ်စား ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေးတို့က ပြောခဲ့ပါတယ်။

နေပြည်တော်မှာပြုလုပ်တဲ့ တပ်မတော်နေ့အခမ်းအနားကို တက်ရောက်လာတဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီး ဦးသိန်းစိန် အပါအဝင် အရာရှိ ၁၅ ဦးတို့ကို စစ်ခေါင်းဆောင်က မနေ့က မတ်လ ၂၆ ရက်က မှာ သွားရောက်ဂါဝရပြုခဲ့ရာမှာ ပြောလိုက်တာဖြစ်ပါတယ်။

တိုင်းပြည်ကိုတည်ဆောက်ရာမှာ တပ်မတော်အင်အားရှိဖို့ အဓိကအရေးကြီးပြီး အခက်အခဲအကြပ်အတည်းတွေ ရင်ဆိုင်ကြုံတွေ့ရချိန်မှာလည်း အောင်မြင်စွာကျော်ဖြတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမယ်လို့ အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီးတွေက မှာကြားပါတယ်။

စစ်ခေါင်းကလည်း စစ်တပ်အနေနဲ့ ခေတ်အဆက်ဆက်အမျိုးမျိုးကြုံတွေ့ခဲ့ရပြီး ပြည်ပကျူးကျော်မှု ကာကွယ်ရေး၊ ပြည်တွင်းဆူပူသောင်းကျန်းမှုတားဆီးရေးသာမက အမျိုးဘာသာ သာသနာနဲ့ ယဉ်ကျေးမှုမပျောက်ပျက်ရေးတို့ကို စောင့်ရှောက်ပေးလျက်ရှိပြီး ဒီနှစ်ကုန်မှာ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို နိုင်ငံတော်တာဝန်တွေလွှဲအပ်ပေးမှာဖြစ်ကြောင်းနဲ့ စစ်တပ်ကိုလည်း တိုင်းပြည်အားထားရတဲ့စစ်တပ်ဖြစ်အောင်ဆောင်ရွက်နေပြီး အငြိမ်းစားအရာရှိကြီးတွေရဲ့ လမ်းညွှန်မှုဩဝါဒတွေကို ခံယူလိုပါတယ်လို့ ပြောခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ဂါဝရပြုအခမ်းအနားကို အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီး ၁၅ ဦးနဲ့ ဇနီး (၆)ဦးတို့ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *