မန္တလေးတိုင်း၊ မြင်းခြံတွင် ကုန်စိမ်း၊ ကုန်ခြောက်များဝယ်ယူသူများကို ကန့်သတ်ထားပြီး ဆန် သုံးအိတ်ထက် ပိုဝယ်ပါက ပစ်သတ်မည်ဟု စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီနှင့်ပျူစောထီးများက ခြိမ်းခြောက်နေကြောင်း ကုန်စိမ်းသည်များထံက သိရသည်။
ယခင်က ကားတစီး၊ ထော်လာဂျီတစီးလျှင် ၂၄ ပြည် ဆန် ငါးအိတ်ဝယ်ယူသယ်ဆောင်ခွင့်ပေးသော်လည်း ယခုရက်ပိုင်းအတွင်း ဝယ်ယူခွင့်အိတ်အရေအတွက်ကို ထပ်မံတင်းကျပ်လိုက်ကြောင်း မြင်းခြံမြို့နယ်ရှိကုန်စိမ်းသည် တစ်ဦးက ပြောသည်။
“ဘယ်မြို့က ဆန်ဘယ်နှစ်အိတ် မှတ်ပုံတင်နဲ့တကွ စာရင်းပေးခဲ့ရတာ။ ကျွန်မကိုယ်တိုင်သွားဝယ်တာ အပြန်သူတို့ကို ဘယ်ပွဲရုံကနေဝယ်ထားတဲ့ ဘောက်ချာပြန်ပြရပြီး ဆန်တအိတ် ၅,၀၀၀၊ ဆားတအိတ် ၅,၀၀၀ ပေးရတယ်။ ဆန်ရောဆားရော သုံးအိတ်ထက်မပိုရဘူး။ ဒီရက်ထဲ ထပ်ကန့်သတ်လိုက်တာ ဟိုတနေ့က ထော်လာဂျီတစီး လေးအိတ်သယ်လာလို့ ခင်ဗျားကိုပစ်သတ်မှာဆိုပြီးပျူတွေကကျိန်းလိုက်တယ်” ဟု ၎င်းကပြောသည်။
မြို့ပေါ်သို့ဝယ်ယူပြီး အပြန်ဂိတ်ကိုဖြတ်လျှင် သယ်ဆောင်ခအနေဖြင့် ဆန်တအိတ်လျှင် ၅,၀၀၀၊ ဆားတအိတ် ၅,၀၀၀ စီဖြင့် သုံးအိတ်လျှင် ၁၅,၀၀၀ စီသတ်မှတ်ထားပြီး စားသုံးဆီကိုလည်း ငါးပိဿာအောက်သာ ဝယ်ယူခွင့်ရပြီး ငါးပိဿာပုံးကို ၅,၀၀၀ ကောက်ယူနေကြောင်းသိရသည်။
ထို့ပြင် အီလက်ထရောနစ်စက်ပစ္စည်း၊ လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းများ၊ ဆိုလာပြားများသာမက ဒီဇယ်ဆီများကိုလည်း ဝယ်ယူခွင့်ပိတ်ပင်ထားကြောင်း မြင်းခြံမြို့ပေါ်သို့ ကုန်ပစ္စည်းများဝယ်ယူသူများကဆိုသည်။
“ဖုန်းအားသွင်းကြိုးကအစ ဝယ်ခွင့်မပေးလို့ မသယ်ရဘူး။ ဒီဘက် မီးဖြတ်ထားတာကြာပြီ။ လျှပ်စစ်မီးမရှိတော့ ဆိုလာပြားတွေနဲ့ အားသွင်းတာတွေလုပ်ရတယ်လေ၊ ဆိုလာပြားတွေလည်း ဝယ်လို့သယ်လို့မရဘူး၊ ဖေဖော်ဝါရီလကစပြီး ကန့်သတ်တင်းကျပ်တာ၊ အခု မတ်လမှာ ပိုဆိုးလာတယ်” ဟု ကုန်မာဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များ၏အဆိုအရ မြင်းခြံမြို့ပေါ်သို့ဖြတ်ရန်မြို့ပတ်လည်၌ ဂိတ် ရှစ်ဂိတ်ရှိပြီး မြင်းခြံ-မိတ္ထီလာ မြင်းခြံ-နွားထိုးကြီးမဟုတ်သည့် မြို့အဝင်လမ်းမ မဟုတ်သည့် ကြားလမ်းများမှာပင် တရက်လျှင် ပျှမ်းမျှ ကုန်ကား၊ ထော်လာဂျီအစီး၂၀ မှ ၃၀ အထိ ဖြတ်သန်းသွားလာခြင်းရှိကြောင်း သိရသည်။
အဆိုပါဂိတ်များတွင် မြင်းခြံမြို့ပေါ်ရှိ နာမည်ကြီးပျူစောထီးခေါင်းဆောင် သီတာယုမွန် လက်အောက်ခံပျူစောထီးအဖွဲ့များက ခမရ(၁၅)တပ်အောက်ရှိ စစ်ကောင်စီတပ်သားများနှင့်အတူ ပူးပေါင်းကာ စစ်ဆေးကန့်သတ်မှုများပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ယင်းကဲ့သို့ ကုန်ပစ္စည်း၊စားသောက်ကုန်များဝယ်ယူရာတွင် ကုန်ကားအစီးလိုက် မထင်ရင်မထင်သလို ဖမ်းဆီးပြီး အစအနပျောက်သွားသူများရှိနေခြင်းကြောင့် ယခုနောက်ပိုင်း မြို့ပေါ်သို့သွားရောက်ဝယ်ယူသူများ ယခင်ထက်နည်းပါးသွားသည်ကို တွေ့ရကြောင်း မြင်းခြံမြို့ခံများက ပြောသည်။
မြင်းခြံတွင် မြို့ပေါ်၌စစ်ကောင်စီတပ်ဖွဲ့အနည်းငယ်နှင့်အတူ ပျူစောထီးအဖွဲ့ဝင် ရာချီကြီးစိုးထားပြီး ကျေးရွာများတွင်မူ ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။
ပုံအညွှန်း-စစ်အာဏာသိမ်းပြီးခါစမြင်းခြံမြို့ပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များလုံခြုံရေးယူနေပုံ။ (ဓာတ်ပုံ- CJ)


Leave a Reply