Category: News

  • မိုးကုတ်မှာ ကျောက်ဆေးသမား ငါးဆယ်ခန့်ကို စစ်အုပ်စုတပ် ထပ်မံဖမ်းဆီး

    မိုးကုတ်မှာ ကျောက်ဆေးသမား ငါးဆယ်ခန့်ကို စစ်အုပ်စုတပ် ထပ်မံဖမ်းဆီး

    မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အကျဉ်းထောင်အနောက်ဘက်မှာရှိတဲ့ ချောင်းအတွင်းမှာ ကျောက်(ခနဲ)ဆေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ အရပ်သားကျောက်ဆေးသမား ၅၀ ခန့်ကို ဇန်နဝါရီ ၂၆ ရက်ဒီနေ့မနက်ပိုင်းမှာ စစ်အုပ်စုတပ်တွေက ဝင်ရောက်ဖမ်းဆီးကာ လုပ်ငန်းသုံးစက်ပစ္စည်းတွေကိုပါ သိမ်းဆည်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ကျောက်ဆေးလုပ်ငန်း လုပ်ကိုင်ခွင့်ရဖို့အတွက် ကျောက်ဆေးသမားတစ်ဦးကို ငွေကျပ်ငါးသောင်းခန့် စစ်အုပ်စုတပ်ကို အခွန်ပေးဆောင်ထားပေမဲ့ စစ်အုပ်စုတပ်တွေကပဲ ထပ်မံဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

    “ဂေါက်ကွင်းဘက်မှာတော့ တစ်ညကို ကျပ် ၁ သိန်းပေးရတယ်။ အဲဒီလောက် မတတ်နိုင်တဲ့သူတွေက အန္တရာယ်ကြားထဲမှာပဲ ချောင်းထဲဝင်ပြီး ကျောက်ဆေးရှာနေရတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    မိုးကုတ်မြို့နယ်မှာ အလုပ်အကိုင်ရှားပါးနေပြီး စားဝတ်နေရေး ခက်ခဲနေတာကြောင့် ကျောက်ဆေးလုပ်ငန်းဟာ ဒေသခံအများစုအတွက် အရေးပါတဲ့ ဝင်ငွေရင်းမြစ်တစ်ခုဖြစ်နေတယ်လို့ ဆိုပါတယ်။

    “ မိုးကုတ်ပြည်သူတွေ စားစရာမရှိလို့ စီးပွားရေးကျပ်တည်းနေတယ်။ တချို့တွေဆို တကယ် ကျပ်တည်းတာလေ။ စားစရာကို မရှိတာ။ ဘာမှ စီးပွါးရေးမှ လုပ်လို့မရတာ“ လို့ နောက်ထပ်မိုးကုတ်မြို့ခံ တစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့ရက် ဇန်နဝါရီ ၅ ရက်နေ့ကလည်း အဲဒီချောင်းမှာ ကျောက်ဆေးလုပ်ကိုင်နေသူ ၁၀၀ နီးပါးကို စစ်အုပ်စုကဖမ်းဆီးပြီးနောက် လူတစ်ဦးကို ငွေကျပ်သိန်းချီ တောင်းယူပြီးနောက် နာရီပိုင်းအကြာမှာ ပြန်လွှတ်ပေးခဲ့ပြီး လုပ်ငန်းသုံးစက်ပစ္စည်းတွေကိုတော့ သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဇန်နဝါရီလ ၂၅ ရက် ညပိုင်းမှာ မိုးကုတ်မြို့နယ်အနောက်ပိုင်းမှာ အပြန်အလှန်ပစ်ခတ်သံတွေ ဆက်တိုက်ကြားခဲ့ပြီး နာရီပိုင်းအကြာ တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့ ဒီနေ့မှာတေ့ာ ငြိမ်သက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဇန်နဝါရီလ ၂၂ ရက်ကလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရှော့တိုက်ဒုန်းနဲ့ လက်နက်ကြီးကျည်တွေကြောင့် ပြည်သူသုံးဦး သေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့ခံတွေက ဖြေဆိုထားပါတယ်။

  • ICJ တရားရုံးနှင့်ဂမ်ဘီယာနိုင်ငံကို ကန့်ကွက်ပွဲကို ကိုကိုလှိုင်နှင့်အဖွဲ့ ထောက်ခံပွဲအဖြစ် အမည် ပြောင်းလဲ ခွင့်ပြု

    ICJ တရားရုံးနှင့်ဂမ်ဘီယာနိုင်ငံကို ကန့်ကွက်ပွဲကို ကိုကိုလှိုင်နှင့်အဖွဲ့ ထောက်ခံပွဲအဖြစ် အမည် ပြောင်းလဲ ခွင့်ပြု

    ရန်ကုန်တွင် ICJ တရားရုံးနှင့်ဂမ်ဘီယာနိုင်ငံကို ကန့်ကွက်ပွဲကို ကိုကိုလှိုင်နှင့်အဖွဲ့ ထောက်ခံပွဲအဖြစ် အမည် ပြောင်းလဲ ခွင့်ပြုလိုက်ပြီး ဝင်းကိုကိုလတ်နှင့်သုစိတ္တတို့ ဦးဆောင်မည်

    ရန်ကုန်တွင် ICJ တရားရုံးနှင့်ဂမ်ဘီယာနိုင်ငံကို ကန့်ကွက်ပွဲကို ကိုကိုလှိုင်နှင့်အဖွဲ့ ထောက်ခံပွဲအဖြစ် အမည် ပြောင်းလဲ ပြုလုပ်ခွင့်ပြုလိုက်ပြီး ဝင်းကိုကိုလတ်နှင့်သုစိတ္တတို့ ဦးဆောင်မည်ဖြစ်ကြောင်း စစ်တပ်လော်ဘီချန်နယ်များ၏ ထုတ်ပြန်ချက်နှင့် အမျိုးသားရေးအသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရှိရသည်။

    မူလက ရန်ကုန်နှင့် မန္တလေးတို့တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ တစ်ပြိုင်နက်တည်း ICJ တရား ရုံးနှင့် ဂမ်ဘီယာနိုင်ငံကန့်ကွက်ပွဲအဖြစ် ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း မန္တလေးပွဲကို စစ်တပ်က ခွင့်မပြုခဲ့ကြောင်း၊ မန္တလေးတွင် ကန့်ကွက်ပွဲပြုလုပ်မည့်သူများကို ပွဲနာမည် ပြောင်းလဲကျင်းပရန် စစ်ကော်မရှင်က ညှိနှိုင်းခဲ့သော်လည်း မန္တလေးမှ မဘသနှင့်အမျိုးသားရေးအဖွဲ့များက ပွဲကို ဖျက်သိမ်းလိုက်ကြောင်း သိရှိရသည်။

    ရန်ကုန်တွင် ICJ တရားရုံးနှင့် ဂမ်ဘီယာကန့်ကွက်ပွဲကို စစ်တပ်နှင့်ညှိနှိုင်းချက်အရ ကိုကိုလှိုင်နှင့်အဖွဲ့ကို ထောက်ခံပွဲအဖြစ် အမည်ပြောင်းလဲရန် ညှိနှိုင်းသဘောတူခဲ့ကြောင်း၊ မူလက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ ကြေးသွန်းဘုရားရှေ့မှ မဟာဗန္ဓုလပန်းခြံရှေ့(ကားပါကင်)သို့ လမ်းလျှောက်မည့်အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ကြောင်း သိရှိရသည်။

    “မန္တလေးပွဲကတော့ မလုပ်တော့ဘဲ ဖျက်သိမ်းလိုက်တယ်။ ရန်ကုန်ပွဲကတော့ ကျောက်တံတားရဲဏခန်းမှာ သွားညှိကြတာတော့ ICJ တရားရုံးနဲ့ တရားသူကြီးတွေကို တိုက်ခိုက်တဲ့ စာသားတွေ မပါဖို့၊ ဂမ်ဘီယာကို တိုက်ခိုက်တဲ့ စာသားတွေမပါဘဲ ဦးကိုကိုလှိုင်နဲ့ Agent of Myanmar အဖွဲ့ကို ထောက်ခံတဲ့ပွဲအဖြစ်ပဲ လုပ်ခွင့်ရတယ်” ဟု ရန်ကုန်အမျိုးသားရေး အသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ရန်ကုန်တွင် ကိုကိုလှိုင်နှင့်အဖွဲ့ကို ထောက်ခံသည့်ပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံ(ကားပါကင်)တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

    ယင်းပွဲသို့ ဝင်းကိုကိုလတ်နှင့် သုစိတ္တတို့က ဦးဆောင်မည်ဖြစ်ပြီး လာရောက်မည့်သူများအနေဖြင့် အဖြူရောင်အင်္ကျီများဖြင့် လာရောက်ရန် ကိုကိုလှိုင်နှင့်အဖွဲ့ကို ထောက်ခံသော စာသားမှ အပ အခြား စကားစု စကားလုံးပါ ဗီးနိုင်းပိုစတာများ လုံးဝ (လုံးဝ) သယ်ဆောင်ယူလာခြင်း မပြုကြရန် နှိုးဆော်ထားသည်။

    ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က အပြည်ပြည်ဆိုင်ရာတရားရုံး-ICJ နှင့် တရားသူကြီးများကို ဝေဖန်ပုတ်ခြင်းမပြုရန် ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

    ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ကိုကိုလှိုင်ဦးဆောင်သော Agent of Myanmar အဖွဲ့ကို မြေပြင်ထောက်ခံပွဲများပြုလုပ်ရာတွင် တရားရင်ဆိုင်ဆဲကာလဖြစ်၍ ICJ တရားရုံးနှင့် တရားသူကြီးများအား ဝေဖန်ပုပ်ခတ်ခြင်း၊ ဖိအားပေးသည့်သဘော ရေးသားပြောဆိုခြင်းများ လုံးဝမပြုလုပ်ကြပါရန်၊လူမျိုးရေးခွဲခြားသည့် အသုံးအနှုံးများ ရေးသားပြောဆိုခြင်း၊ လက်ကိုင်ဆိုင်းဘုတ် ပြုလုပ်ခြင်းများမပြုလုပ်ကြရန် ၊တိုင်းရင်းသား အမျိုးအမည်တွင် မပါဝင်သည့်၊ တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားသည့် လူမျိုးအမည်အားသုံးစွဲပြီး ထိုအမည်အား အမုန်းစကား (Hate Speech) များ မပြုလုပ်ကြရန် စစ်တပ်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

    ထောက်ခံပွဲများတွင် နိုင်ငံတကာဥပဒေများနှင့်အညီ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းနေရသော Agent of Myanmar အဖွဲ့ကို ထောက်ခံကြောင်းသာ ရေးသားပြောဆိုကြပါရန် စစ်တပ်က ညွှန်ကြားထားသည်။​

    အပြည်ပြည်ဆိုင်ရာ တရားရုံး -ICJ တွင် မြန်မာနိုင်ငံက လူမျိုးပြုန်းစေမှု ကာကွယ်ရေးဆိုင်ရာ စာချုပ်ပါ တာဝန်တ္တရာများအရ ရိုဟင်ဂျာများကို ကျူးလွန်ခဲ့သည့် လူမျိုးတုန်း သတ်ဖြတ်သည့် လုပ်ရပ်များကို တားဆီး ရန်နှင့် အပြစ်ပေးရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားရာ ယင်းအမှုနှင့်ပတ် သက်၍ ယခုဇန်နဝါရီလအတွင်း နှစ်ဖက် ကြားနာ စစ်ဆေးမှုများ ICJ က ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

    ဓာတ်ပုံ- စစ်တပ်ထောက်ခံပွဲတစ်ခုတွင် တွေ့ရသည့် ဝင်းကိုကိုလတ်။ (ပုံအဟောင်းဖြစ်ပါသည်။)

  • အမျိုးသမီးငယ်များကို အနိုင်ကျင့် ကာမလိမ်လည်တဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ်  ပြန့်နှံလာ

    အမျိုးသမီးငယ်များကို အနိုင်ကျင့် ကာမလိမ်လည်တဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ် ပြန့်နှံလာ

    မြိတ်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးစု ရဲအုပ် အောင်အောင် အပါ၀င် တစ်ရုံးလုံး စစ်ဆေးခံနေရပြီး အမျိုးသမီးငယ်များကို အနိုင်ကျင့် ကာမလိမ်လည်တဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ် ပြန့်နှံလာ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ အမှတ် (၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (မြိတ်) မှ ရဲအုပ် အောင်အောင် အပါအဝင် တပ်ဖွဲ့ဝင်များအားလုံးကို လက်ရှိတွင် အထက်အာဏာပိုင်များက ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သက်ဆိုင်ရာ ရဲဝန်ထမ်းအချို့ထံမှ သိရသည်။

    အဆိုပါ စစ်ဆေးမှုများသည် ရဲအုပ် အောင်အောင်နှင့် ဆက်စပ်၍ ငွေကြေးကိစ္စများ၊ အမျိုးသမီးရေးရာ ကိစ္စများနှင့် ပတ်သက်သော သတင်းများ Myeik Now နှင့် Khit Thit သတင်းဌာနများတွင် ဖော်ပြလာပြီးနောက် ခေါ်ယူစစ်ဆေးခံနေရခြင်းဖြစ်သည်ဟု သိရ သည်။

    ထိုသတင်းများနှင့် အတူ အမျိုးသမီးများနှင့် ဆက်စပ်နေသည်ဟု ဆိုသည့် ဓာတ်ပုံအချို့လည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခဲ့ရာ၊ ရဲအုပ် အောင်အောင်က ဇန်နဝါရီ ၂၃ ရက်နေ့တွင် Eleven Media သို့ ပြန်လည်ဖြေကြားခဲ့ပြီး ယင်းဓာတ်ပုံများနှင့် သတင်းများသည် AI ဖြင့် ဖန်တီးထားသည့် သတင်းအမှားများ ဖြစ်ကြောင်း၊ မိမိအနေဖြင့် အဆိုပါအမှုများနှင့် သက်ဆိုင်မှု မရှိကြောင်း ငြင်းဆိုထားသည်။

    သို့သော် ယာဉ်ထိန်းရဲအုပ် အသိုင်းအဝိုင်းအတွင်းရှိ ဝန်ထမ်းတစ်ဦးကမူ အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာသည့် ဓာတ်ပုံများသည် AI ဖြင့် ဖန်တီးထားခြင်းမဟုတ်ဘဲ ကိုယ်တိုင်ရိုက်ကူးထားသည့် မှတ်တမ်းများ ဖြစ်နိုင်ကြောင်း ပြောဆိုထားသည်။

    “ဒီရက်ပိုင်း မြိတ်မှာ အထက်လူကြီးတွေက တစ်ရုံးလုံးကို ခေါ်ယူစစ်ဆေးနေပါတယ်။ ရဲအုပ် အောင်အောင် အပါအဝင် တစ်ရက်ကို လူငါးဦးခန့် စစ်ဆေးခံနေရတာမျိုးပါ” ဟု တာဝန်ရှိ ရဲဝန်ထမ်းတစ်ဦးက ပြောကြားသည်။

    ရဲအုပ် အောင်အောင်က သတင်းများနှင့် ပတ်သက်၍ လုပ်ကြံဖန်တီးမှုသာ ဖြစ်ကြောင်း ထပ်မံ ငြင်းဆိုထားပြီး၊ ပြည်ပသတင်းဌာနများသို့ ဆက်သွယ် သတင်းပေးပို့သူများကို ဥပဒေအရ အရေးယူဖမ်းဆီး ရှာဖွေဖော်ထုတ်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုထားသည်။

    အခြားဘက်မှ ထွက်ပေါ်လာသော သတင်းများတွင်မူ ရဲအုပ် အောင်အောင်သည် လိုင်စင်မဲ့ယာဉ် အရောင်းအဝယ်နှင့် စီးနင်းမှုများအတွက် ဝန်ဆောင်ခယူမှုများ၊ လက်အောက်ငယ်သားများအပေါ် ဖိအားပေးမှုများနှင့် အမျိုးသမီးများအား မလျော်ကန်စွာ ဆက်ဆံခဲ့သည်ဆိုသည့် စွပ်စွဲချက်များလည်း ပျံ့နှံ့ကျော်ဇောသတင်း ထွက်နေသူ 7K / 7441 Insight အမျိူးအစား အပြာရောင်ကားကို ပြည်သူဆီက ငွေကြေးရယူပြီး အသုံးပြုနေသူ တစ်ဦးလည်း ဖြစ်သည်။

    ရဲအုပ် အောင်အောင်သည် ရဲသင်တန်းအပတ်စဉ် (၅၂) ကျောင်းဆင်းဖြစ်ပြီး ကိုယ်ပိုင်အမှတ် ၁၇၁၉၅၇ ဖြစ်ကာ မြိတ်တွင် အများပြည်သူဆီက အဂတိဖြင့် ရယူထားသည်ံ လာဒ်ငွေများ တစ်ပွင့်ရှိ ဒုရဲအုပ် စိုးမင်းနှင့် ခွဲယူကာ မကြာခဏ ktv ကို သွားရောက် ပျော်ပါးလေရှိကြောင်း စုံစမ်းသိရှိရသည်။

    လက်ရှိတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ အထက်အာဏာပိုင်များက အခု ရက်ပိုင်း နေ့တိုင်းနီးပါး ခေါ်ယူ စစ်ဆေးနေရဆဲဖြစ်သည်။

  • အမေရိကန်ထံ နျူကလီးယားလျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရုတ် ထိပ်တန်း ဗိုလ်ချုပ်ကြီး စစ်ဆေး ခံနေရ

    အမေရိကန်ထံ နျူကလီးယားလျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရုတ် ထိပ်တန်း ဗိုလ်ချုပ်ကြီး စစ်ဆေး ခံနေရ

    တရုတ် ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးဟာ တိုင်းပြည်ရဲ့ နျူကလီးယား လက်နက်အစီအစဉ်ကို အမေရိကန်နိုင်ငံထံ လျှို့ဝှက်အချက်အလက်တွေ ပေးပို့ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

    အသက် ၇၅ နှစ်အရွယ် ဗိုလ်ချုပ်ကြီး ကျောင်ယုကျားဟာ စစ်အရာရှိတစ်ဦးကို ကာကွယ်ရေး ဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးရာမှာ လာဘ်ယူမှု ပြုလုပ်ခဲ့လို့ စုံစမ်းစစ်ဆေးခံနေရပါတယ်။

    ဗိုလ်ချုပ်ကြီး ကျောင်ယုကျားဟာ တရုတ်နိုင်ငံရဲ့ နျူကလီးယား လက်နက်ဆိုင်ရာ နည်းပညာ အ ချက်အလက်တွေကို အမေရိကန်နိုင်ငံထံ ပေါက်ကြားစေခဲ့ပြီး အာဏာအလွဲသုံးစားမှုကြောင့် စစ်ဆေးခံ နေရပါတယ်။

    သမ္မတ ရှီကျင့်ဖျင်ရဲ့ တစ်ချိန်ကမဟာမိတ်နဲ့ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ကျောင်ယုကျား ကို စစ်ဆေးမေးမြန်းနေတယ်လို့ တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။

    စစ်လက်နက်တွေ သုတေသနပြုမှု၊ ထုတ်လုပ်မှုနဲ့ ဝယ်ယူမှုအတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်း တစ်ခုအပေါ် ဗိုလ်ချုပ်ကြီး ကျောင်ယုကျားရဲ့ အာဏာအလွဲသုံးစားမှုကို တာဝန်ရှိသူတွေက စုံစမ်းစစ် ဆေးနေတယ်လို့ သိရပါတယ်။

    ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး လျူကျန်လီမှာလည်း စည်းကြမ်းနဲ့ ဥပ ဒေချိုးဖောက်မှုကြောင့် စစ်ဆေးခံနေရတယ်လို့ တရုတ်အစိုးရက ဇန်နဝါရီလ ၂၄ ရက်မှာ ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောပါတယ်။

    ဗိုလ်ချုပ်ကြီးနှစ်ဦးစလုံးဟာ တရုတ်နိုင်ငံက ပဋိပက္ခတစ်ခုမှာ နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့တဲ့ ၁၉၈၀ ခုနှစ်များအတွင်း ဗီယက်နမ်နဲ့ နယ်စပ်တိုက်ပွဲတွေမှာ တိုက်ခိုက်ဖူးတဲ့ စစ်မြေပြင် အတွေ့ အကြုံ ရှိသူတွေဖြစ်ပါတယ်။

    အသက် ၆၁ နှစ်အရွယ် ဗိုလ်ချုပ်ကြီး လျူကျန်လီမှာ စစ်ဆင်ရေး၊ ထောက်လှမ်းရေးနဲ့ လေ့ကျင့် ရေးကို ကြီးကြပ်ရတဲ့ တရုတ်စစ်တပ်၊ စစ်ဉီးစီးဌာနရဲ့ အကြီးအကဲ ဖြစ်ပါတယ်။

    တရုတ် စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရ

    တရုတ် စစ်တပ်ရဲ့ ရာထူးအကြီးဆုံး စစ်ဗိုလ်ချုပ်ကြီးဟာ အဂတိကိစ္စ စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရပါတယ်။

    ဗိုလ်ချုပ်ကြီး ကျန်ယုရှဟာ တခြား ဗိုလ်ချုပ် တစ်ဦးဖြစ်တဲ့ လျိုကျိလီနဲ့အတူ စည်းကမ်းပိုင်းဆိုင်ရာ စစ်ဆေးမေးမြန်းမှုတွေ ကြုံနေကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

    ကျန်နဲ့ လျိုတို့ဟာ ကျင့်ဝတ်စည်းကမ်းပိုင်း ဆိုးဆိုးရွားရွား ချိုးဖောက်ခဲ့တယ်လို့ ယုံကြည်ရတဲ့ အခြေအနေတွေအတွက် စုံစမ်းစစ်ဆေးမှု ခံယူနေရကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။ တရုတ်မှာတော့ အဲဒီ အသုံးအနှုန်းဟာ အဂတိ လိုက်စားမှုတွေကို ရည်ညွှန်းတာမျိုးပါ။

    ကျန်ဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အရင်းနှီးဆုံး စစ်ဘက်ဆိုင်ရာ မဟာမိတ် တစ်ဦးအဖြစ် သတ်မှတ် ခံထားရပါတယ်။ သူ့ရဲ့ အသက်ဟာ ၇၅ နှစ် ရှိပြီဖြစ်ပြီး အငြိမ်းစား ယူရမယ့် အရွယ်ကို ကျော်လွန်နေပေမယ့် စစ်တပ်ရဲ့ အကြီးဆုံး ရာထူးကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ခြင်းကလည်း ရှီရဲ့ ယုံကြည် ကိုးစားမှုကြောင့် ဖြစ်ပါတယ်။ သူဟာ ရှီကိုယ်တိုင် ဦးဆောင်တဲ့ တရုတ် ဗဟိုစစ်ရေး ကော်မရှင်မှာ ဒုတိယ အကြီးအကဲအဖြစ် တာဝန်ယူထားသူပါ။

    တရုတ်မှာတော့ သမ္မတရှီရဲ့ နိုင်ငံရေး မဟာဗျူဟာ အစီအမံ တစ်ခုဖြစ်တဲ့ အဂတိတိုက်ဖျက်ရေးမှာ အာဏာရပါတီ၊ စစ်တပ်နဲ့ တခြားဌာနဆိုင်ရာ အရာရှိကြီးတွေ အများအပြားဟာ စည်းကမ်းပိုင်းအရ စုံစမ်း စစ်ဆေးမှု၊ အရေးယူမှု၊ ရာထူးက ထုတ်ပယ်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက တရုတ်စစ်တပ်ဟာ ထိပ်တန်း ဗိုလ်ချုပ် ၉ ဦးကို ထုတ်ပယ်ခဲ့ပြီး ဆယ်စုနှစ်တွေ အတော်များများအတွင်း စစ်တပ်ရဲ့ အကြီးမားဆုံး အဂတိရေးရာ ဖြိုခွင်းမှုတစ်ခု ဖြစ်လာပါတယ်။

    ကျန်ရဲ့ ဖခင်ဟာ တရုတ် ကွန်မြူနစ် ပါတီကို စတင်ထူထောင်ရာမှာ ပါဝင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေထဲက တစ်ဦးပါ။ အတွင်းလူ တချို့ကတော့ လက်ရှိ စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရတဲ့ အချိန်ထိတောင် သမ္မတ ရှီဟာ ကျန်ကို အယုံအကြည် မပျက်သေးဘူးလို့ ပြောပါတယ်။

    ကျန်နဲ့ လျိုတို့ဟာ ဒီဇင်ဘာလ ကတည်းက လူမြင်ကွင်းရှေ့ကနေ ပျောက်ကွယ်နေခဲ့တဲ့နောက် သူတို့နှစ်ဦး စုံစမ်းစစ်ဆေးမှု ခံနေရကြောင်း ခန့်မှန်း သတင်းတွေ ကြိုတင်ထွက်ပေါ်နေခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းတွေ အရတော့ စစ်ဆေးမှု ခံယူနေရတဲ့ အတောအတွင်း ကျန်နဲ့ လျိုတို့ဟာ တရားဝင် အစည်းအဝေးတွေနဲ့ အခမ်းအနားတွေ တက်ရောက်မှုကနေ ဆိုင်းငံ့တားဆီး ခံထားရဖွယ် ရှိနေပါတယ်။

    ကိုးကား: BBC

  • ကပစ ၂၂ အနီး စစ်တပ်၏ စက်တပ်လေထီး ၁ စီး စက်ချို့ယွင်းပြီး ပျက်ကျ

    ကပစ ၂၂ အနီး စစ်တပ်၏ စက်တပ်လေထီး ၁ စီး စက်ချို့ယွင်းပြီး ပျက်ကျ

    ဆိပ်ဖြူမြို့နယ် ကပစ ၂၂ အနီး စစ်တပ်၏ စက်တပ်လေထီး ၁ စီး စက်ချို့ယွင်းပြီး ပျက်ကျ

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ အနီး အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၁ စီး စက်ချို့ယွင်းပြီး ပျက်ကျခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၂ ကာကွယ် ရေးပစ္စည်းစက်ရုံ (ကပစ- ၂၂) မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် ကပစ ၂၂ အနီးရှိ မုန်တိုင်ချောင်း စစ်တပ်ဂိတ်အနီးတွင် စက်ချို့ယွင်းပြီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ စက်တပ်လေထီး ပျက်ကျမှုအတွင်း မောင်းနှင်သူ ၂ ဦး ထိခိုက်သေဆုံးမှုရှိ၊ မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်သား အများအပြားက စက်တပ်လေထီး ပျက်ကျသွားသည့် နေရာကို ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရှိရသည်။

    “ဒီနေ့ နံနက် ၈ နာရီလောက်က ကပစ ၂၂ ကနေ တက်လာတဲ့ စက်တပ်လေထီး ၁ စီးက စက်ချို့ယွင်းပြီး ပျက်ကျတာပါ။ ပစ်ခတ်လို့ ပျက်ကျတာမဟုတ်ဘူး။ အောက်ကို သူ့ဘာသာထိုးစိုက်သွားတာ မီးခိုးတွေ ထွက်လာတာတော့ မမြင်ရဘူး။ မုန်တိုင်ချောင်း စစ်ခွေးဂိတ်အနီးမှာပျက်ကျတာ စက်တပ်လေထီးမောင်းတဲ့ စစ်ခွေး ၂ ကောင် သေမသေတော့ မသိသေးဘူး။ အခုပျက်ကျတဲ့ နေရာက သူတို့ ကပစ ၂၂ နဲ့ နီးနီးလေးဆိုတော့ သွားကြည့်လို့လည်းမရဘူး။ ပျက်ကျသွားတဲ့ နေရာကိုတော့ စစ်ခွေးတွေ အင်အား အလုံးအရင်းနဲ့ ရှင်းလင်းရေး လုပ်နေတယ်” ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ပြောဆိုသည်။

    ဓာတ်ပုံ- ၂၀၂၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ပခုက္ကူမြို့နယ်၌ ပျက်ကျခဲ့သော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး တစ်စီး (ပုံအဟောင်းဖြစ်သည်)