ဆိပ်ဖြူမြို့နယ် ကပစ ၂၂ အနီး စစ်တပ်၏ စက်တပ်လေထီး ၁ စီး စက်ချို့ယွင်းပြီး ပျက်ကျ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ အနီး အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၁ စီး စက်ချို့ယွင်းပြီး ပျက်ကျခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၂ ကာကွယ် ရေးပစ္စည်းစက်ရုံ (ကပစ- ၂၂) မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် ကပစ ၂၂ အနီးရှိ မုန်တိုင်ချောင်း စစ်တပ်ဂိတ်အနီးတွင် စက်ချို့ယွင်းပြီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စက်တပ်လေထီး ပျက်ကျမှုအတွင်း မောင်းနှင်သူ ၂ ဦး ထိခိုက်သေဆုံးမှုရှိ၊ မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်သား အများအပြားက စက်တပ်လေထီး ပျက်ကျသွားသည့် နေရာကို ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် ၈ နာရီလောက်က ကပစ ၂၂ ကနေ တက်လာတဲ့ စက်တပ်လေထီး ၁ စီးက စက်ချို့ယွင်းပြီး ပျက်ကျတာပါ။ ပစ်ခတ်လို့ ပျက်ကျတာမဟုတ်ဘူး။ အောက်ကို သူ့ဘာသာထိုးစိုက်သွားတာ မီးခိုးတွေ ထွက်လာတာတော့ မမြင်ရဘူး။ မုန်တိုင်ချောင်း စစ်ခွေးဂိတ်အနီးမှာပျက်ကျတာ စက်တပ်လေထီးမောင်းတဲ့ စစ်ခွေး ၂ ကောင် သေမသေတော့ မသိသေးဘူး။ အခုပျက်ကျတဲ့ နေရာက သူတို့ ကပစ ၂၂ နဲ့ နီးနီးလေးဆိုတော့ သွားကြည့်လို့လည်းမရဘူး။ ပျက်ကျသွားတဲ့ နေရာကိုတော့ စစ်ခွေးတွေ အင်အား အလုံးအရင်းနဲ့ ရှင်းလင်းရေး လုပ်နေတယ်” ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၂၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ပခုက္ကူမြို့နယ်၌ ပျက်ကျခဲ့သော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး တစ်စီး (ပုံအဟောင်းဖြစ်သည်)


Leave a Reply

Your email address will not be published. Required fields are marked *