Category: News

  • ကပစ ၂၂ အနီး စစ်တပ်၏ စက်တပ်လေထီး ၁ စီး စက်ချို့ယွင်းပြီး ပျက်ကျ

    ကပစ ၂၂ အနီး စစ်တပ်၏ စက်တပ်လေထီး ၁ စီး စက်ချို့ယွင်းပြီး ပျက်ကျ

    ဆိပ်ဖြူမြို့နယ် ကပစ ၂၂ အနီး စစ်တပ်၏ စက်တပ်လေထီး ၁ စီး စက်ချို့ယွင်းပြီး ပျက်ကျ

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ အနီး အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၁ စီး စက်ချို့ယွင်းပြီး ပျက်ကျခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၂ ကာကွယ် ရေးပစ္စည်းစက်ရုံ (ကပစ- ၂၂) မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် ကပစ ၂၂ အနီးရှိ မုန်တိုင်ချောင်း စစ်တပ်ဂိတ်အနီးတွင် စက်ချို့ယွင်းပြီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ စက်တပ်လေထီး ပျက်ကျမှုအတွင်း မောင်းနှင်သူ ၂ ဦး ထိခိုက်သေဆုံးမှုရှိ၊ မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်သား အများအပြားက စက်တပ်လေထီး ပျက်ကျသွားသည့် နေရာကို ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရှိရသည်။

    “ဒီနေ့ နံနက် ၈ နာရီလောက်က ကပစ ၂၂ ကနေ တက်လာတဲ့ စက်တပ်လေထီး ၁ စီးက စက်ချို့ယွင်းပြီး ပျက်ကျတာပါ။ ပစ်ခတ်လို့ ပျက်ကျတာမဟုတ်ဘူး။ အောက်ကို သူ့ဘာသာထိုးစိုက်သွားတာ မီးခိုးတွေ ထွက်လာတာတော့ မမြင်ရဘူး။ မုန်တိုင်ချောင်း စစ်ခွေးဂိတ်အနီးမှာပျက်ကျတာ စက်တပ်လေထီးမောင်းတဲ့ စစ်ခွေး ၂ ကောင် သေမသေတော့ မသိသေးဘူး။ အခုပျက်ကျတဲ့ နေရာက သူတို့ ကပစ ၂၂ နဲ့ နီးနီးလေးဆိုတော့ သွားကြည့်လို့လည်းမရဘူး။ ပျက်ကျသွားတဲ့ နေရာကိုတော့ စစ်ခွေးတွေ အင်အား အလုံးအရင်းနဲ့ ရှင်းလင်းရေး လုပ်နေတယ်” ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မှ ကိုကျားဇိုးက ပြောဆိုသည်။

    ဓာတ်ပုံ- ၂၀၂၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ပခုက္ကူမြို့နယ်၌ ပျက်ကျခဲ့သော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး တစ်စီး (ပုံအဟောင်းဖြစ်သည်)

  • သရက်ထောင်မှာ ရွေးကောက်ပွဲဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ်မှောက်

    သရက်ထောင်မှာ ရွေးကောက်ပွဲဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ်မှောက်

    မကွေးတိုင်း၊ သရက်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ထောင်တွင်း အသံတိတ်သပိတ်မှောက်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူထံကနေ သိရပါတယ်။

    ဇန်နဝါရီ ၂၄ ရက်နေ့နဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပတဲ့ ဇန်နဝါရီ ၂၅ ရက်နေ့တို့မှာ အသံတိတ်သပိတ်ကို နှစ်ရက်တာပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    “၂၄ ရက်နဲ့ ၂၅ ရက် နှစ်ရက်။ အဆောင်တစ်ဆောင်စာ လုပ်ကြတယ်။ အားလုံးတော့မဟုတ်ဘူး” လို့ သရက်ထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    အသံတိတ်သပိတ်မှောက်မှုရဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။

    စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ အပိုင်း ၃ ကို တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့နယ် ၆၀ လောက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    ဒါပေမဲ့ ရွေးကောက်ပွဲအပိုင်း ၃ ခုစလုံးမှာတော့ စစ်တပ်လက်ဝေခံ ကြံ့/ဖွံ့ပါတီကပဲ အသာစီးရနေပါတယ်။

    စစ်ကော်မရှင်ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ကျင်းပချိန်ကတည်းက တော်လှန်ရေးအင်အားစုတွေ၊ သပိတ်အဖွဲ့အစည်းတွေက ရွေးကောက်ပွဲဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်။

    စစ်ကော်မရှင်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့အထိ ထောင်တွင်းဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၂၇၄၅ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံကနေ သိရပါတယ်။

  • အရှိန်အဟုန်မြှင့်မည့် စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ဆင်ရေးအတွက် PDF တပ်သားသစ်များ ခေါ်ယူနေ

    အရှိန်အဟုန်မြှင့်မည့် စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ဆင်ရေးအတွက် PDF တပ်သားသစ်များ ခေါ်ယူနေ

    စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ဆင်ရေးကို အရှိန်အဟုန်မြှင့်နိုင်ရန် PDF တပ်သားသစ်များ ခေါ်ယူနေ ကြောင်း သိရသည်။

    ပဲခူးတိုင်း၊ ကျောက်ကြီး ၊ ကျောက်တံခါး ၊ ဖြူးနှင့် ညောင်လေးပင်မြို့နယ်ရှိ စစ်တောင်းမြစ်ဝှမ်းတစ် လျှောက်တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့် ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P2-3702 က စစ် တောင်းမြစ်ဝှမ်း စစ်ဆင်ရေး ပိုမိုအားကောင်းလာစေရန် အချိန်ကာလနှင့် လူဦးရေ ကန့်သတ်ထား ခြင်း မရှိဘဲ တပ်သားသစ်များ ခေါ်ယူနေခြင်းဖြစ်သည်။

    “တပ်သားသစ်ကတော့ ရသလောက်ခေါ်မှာပါဗျ။အခုလက်ရှိကျနော်တို့ တပ်ရင်းအနေနဲ့ ပဲနွယ်ကုန်း ၊ ကျောက်တံခါး၊ ဖြူး ၊ ကျောက်ကြီး တစ်လျှောက်လုံး စစ်ရေးဖော်ဆောင်မှု ထိတွေ့မှုတွေ တောက် လျှောက်ရှိနေပါတယ်။။ စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ဆင်ရေးအားကောင်းဖို့ ကျနော်တို့ တပ်ရင်းအ နေနဲ့ အစဥ်အားစိုက်ထုတ်နေပါတယ်။ လက်ရှိ ပွင့်လင်းရာသီလည်းဖြစ်တယ်။ တိုက်ပွဲဖော်ဆောင်မှု တွေပိုမို အားကောင်းနေတဲ့ကာလမှာ အင်အားတောင့်တင်းအောင် တပ်သားသစ် ဖြည့်ချင်တာပါ”ဟု ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း ၊ P2-3702 မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    တပ်သားသစ်များသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ကျန်းမာရေးအထူးကောင်းမွန်သူ ဖြစ်ရ မည်ဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲတတ်ပါက မလျှောက်ထားရန်နှင့် တပ်သားသစ် အဖြစ် ဝင်ရောက်လိုပါက ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း ၊ P2-3702 ၏ Facebook Page Messenger ကိုဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

    ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းသည် KNLA တပ်မဟာ ၃ ၊ တပ်ရင်း ၉ တွင်စတင် သန္ဓေတည်ခဲ့ပြီး စစ်ဆင်ရေးနယ်မြေ ၂ ၊ ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းဖြစ်သည်။

    ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းသည် ဇန်နဝါရီ၉ရက်က ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ မဟာဗျူဟာမြောက် အရေးပါသည့် တောကျွဲအင်း(ခ)အောင်မြင်မြို့ကို တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့သည့် အောင်မြင်စစ်ဆင်ရေးတွင်လည်း ပူးပေါင်းဆင်နွှဲခဲ့သည်။

    ဓာတ်ပုံ- ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း ၊ P2-3702

  • MNDAA က စစ်သုံ့ပန်း ၅၀၀ ဦးနှင့် အကျဉ်းသား ၉ ဦးကို ပြန်လွှတ်ပေးပြန်

    MNDAA က စစ်သုံ့ပန်း ၅၀၀ ဦးနှင့် အကျဉ်းသား ၉ ဦးကို ပြန်လွှတ်ပေးပြန်

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ ၁ တွင် MNDAA က စစ်သုံ့ပန်း ၅၀၀ နှင့် အကျဉ်းသား ၉ ဦးကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

    ဇန်နဝါရီလ ၂၅ ရက်နေ့ အာဇာနည်ဝိညာဉ်ပို့ဆောင်ပွဲ (သို့မဟုတ်) “တာကျောင်” မဟာပူဇော်ပွဲ ကာလအတွင်း MNDAA က ယင်းကဲ့သို့ တရားဝင်ခွင့်ပြုချက်နှင့် တရားစီရင်ရေးအာဏာပိုင်များ၏ တင်းကျပ်သော စိစစ်မှုတို့ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    MNDAA ၏ ချုပ်နှောင်ဖမ်းဆီးမှုအတွင်း အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ပြသနိုင်ခဲ့သူ အကျဉ်းသား ၉ ဦးကို တရားဝင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး ကောင်းမွန်သော အပြု အမူဖြင့် နေထိုင်ခဲ့သည့် စစ်သုံ့ပန်း ၅၀၀ ဦးကိုလည်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ထို့အပြင် အခြားသော အကျဉ်းသား ၄၉ ဦးကိုလည်း ဥပဒေနှင့်အညီ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ စစ်သုံ့ပန်းများကို လွှတ်ပေးမှုမှာ တရားဥပဒေစိုးမိုးမှု၏ အာဏာသက်ရောက်မှုနှင့် စနစ်၏ တိကျခိုင်မာမှုကို ဖော်ပြရုံသာမက မူဝါဒပိုင်းဆိုင်ရာ စေတနာနှင့် လူမှုရေးစောင့်ရှောက်မှုတို့ကိုပါ ပေါ်လွင်စေကြောင်း၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအနေဖြင့် ရရှိလာသော အခွင့်အရေးကို တန်ဖိုးထားကာ အမှားမှ သင်ခန်းစာယူ၍ လမ်းမှန်သို့ ပြန်လည်ရောက်ရှိပြီး လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ရောက်ကာ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတူတကွ ပူးပေါင်းပါဝင်လာစေရန် လမ်းညွှန်ပေးလိုက်ခြင်းလည်း ဖြစ်ကြောင်း MNDAA က ဆိုသည်။

    ၁၀၂၇ စစ်ဆင်ရေးအတွက် MNDAA က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ဒစကဌာနချုပ်များ ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့ကြီးများကို သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းအရေအတွက် ထောင်ချီ၍ ဖမ်းဆီးရရှိခဲ့သည်။ သို့ရာတွင် ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်းများနှင့် မိသားစုဝင်များကို MNDAA က ဆက်တိုက် ပြန်လည်လွှတ်ပေးလျက်ရှိသည်။

    ယခုနှစ် ဇန်နဝါရီလ၁၄ရက်နေ့ကလည်း စစ်သုံ့ပန်း ၈၀ ဦးကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း‌စစ်ဌာနချုပ်မှ ဖမ်းဆီးရမိသည့် ဒဏ်ရာရ စစ်သုံ့ပန်း ၈၀ ဦး အပါအဝင် ၂၉၇ ဦးကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း MNDAA က စစ်ကောင်စီတပ်မှ မိသားစုဝင် ၃၈၀ ကျော်ကို လည်းကောင်း၊ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း လားရှိုးမြို့နယ်ရှိ အမှတ် ၁၁ စစ်အခြေခံလေ့ကျင့်ရေးတပ်ကို သိမ်းပိုက်လိုက်ပြီး တပ်မိသားစုဝင် ကလေးများ၊ အမျိုးသမီးများလည်းကောင်း လွှတ်ပေးခဲ့သည်။

    ယင်းအပြင် ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာချုပ်မှ ဖမ်းဆီးရမိသော ပြင်းထန် ဒဏ်ရာရရှိထားသည့် စစ်သုံ့ပန်း ၄၅ ဦး အပါအဝင် မိသားစု ဝင် ၃၃၁ ဦးကိုလည်း ပြန်လွှတ်ပေးခဲ့သည်။

    MNDAA က ပြန်လည် လွှတ်ပေးခဲ့သည့် စစ်အရာရှိကြီးအများအပြားလည်းရှိပြီး ၎င်းတို့ထဲတွင် လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်၊ ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ဗိုလ်မှူးချုပ်သန့်ထင်စိုး စသည့်အရာရှိကြီးများကိုလည်း ပြန်လည် လွှတ်ပေးခဲ့သည်။

    MNDAA က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ရက်နေ့ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်တပ်၏ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်နှင့် လားရှိုးမြို့၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ မူဆယ် ၁၀၅ မိုင်၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့များကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

    တရုတ်အစိုးရ၏ ဖိအားကြောင့် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲကာ သိမ်းပိုက်ထားသော လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလတွင် အကြမ်းဖက်စစ်တပ်ထံသို့ ပြန်လည် ပေးအပ်ခဲ့သည်။

    ဓာတ်ပုံ- MNDAA က ပြန်လွှတ်ပေးခဲ့သော စစ်သုံ့ပန်းများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • မြိတ် ကန်စွန်းအင်းကျောင်းအတွင်း G 6 ကျောင်းသားငယ်တစ်ဦးကို ကျောင်းပိုင်ရှင်က အကြမ်းဖက်ရိုက်နှက်မှု ဖြစ်ပွား

    မြိတ် ကန်စွန်းအင်းကျောင်းအတွင်း G 6 ကျောင်းသားငယ်တစ်ဦးကို ကျောင်းပိုင်ရှင်က အကြမ်းဖက်ရိုက်နှက်မှု ဖြစ်ပွား

    မြိတ်မြို့ရှိ ကန်စွန်းအင်း ကိုယ်ပိုင်ကျောင်းတွင် G.6 အတန်းရှိ ကျောင်းသားငယ်တစ်ဦးကို ကျောင်းပိုင်ရှင်ဖြစ်သူက အကြမ်းဖက် ရိုက်နှက်ခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    အဆိုပါ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်း၊ G.10၊ G.11၊ G.12 အတန်းများ မဆင်းခင်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းပိုင်ရှင်က ယင်း G.6 ကျောင်းသားငယ်ကို ဆံပင်ဆွဲကာ ဘယ်ပြန်ညာပြန် ပါးရိုက်ခြင်း (ဂျပန်ပါးရိုက်ပုံစံ) ကို အနည်းဆုံး ၆ ချက်မှ ၁၀ ချက်အထိ ရိုက်နက်ခဲ့သည်ဟု ဆိုသည်။

    လက်ရှိတွင် ရိုက်နက်ခံရသည့် ကျောင်းသားငယ်သည် ရိုက်နှက်မှုကြောင့် မခံနိုင်ဘဲ လဲကျသွားသော်လည်း ခြေထောက်ဖြင့် ဆက်လက်ကန်ကျူးခဲ့ကြောင်းနှင့် လူမောပန်းသွားမှသာ ဆဲဆိုကာ အခန်းအတွင်း ပြန်ဝင်သွားခဲ့ကြောင်း အနီးကပ်မြင်တွေ့သူများက ပြောဆိုထားသည်။

    ဖြစ်စဉ်၏ အကြောင်းရင်းမှာ G.1၊ G.2 ကလေးများ ညနေကျောင်းဆင်းချိန်တွင် ကြိုနေကျနေရာအနီးရှိ မီးသတ်ပိုက်အဝအဖုံး ပြုတ်ထွက်နေခြင်းဖြစ်သော်လည်း မည်သူလုပ်သည်ကို စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ကျောင်းဝင်းအတွင်းရှိသူများကို အော်ငေါက်ဆဲဆိုပြီး အနီးနားမှ ဖြတ်သန်းလာသော အပြစ်မရှိသည့် G.6 ကျောင်းသားငယ်ကို ရုတ်တရက် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ ကျောင်းသားငယ်သည် အတန်းကြီးများ မလွတ်သေးသဖြင့် စောင့်ဆိုင်းနေခြင်းသာ ဖြစ်ပြီး ဘုမသိ ဘမသိ အကြမ်းဖက်ခံခဲ့ရခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

    ယင်းဖြစ်ရပ်မှာ CCTV ကင်မရာအနီးတွင် ဖြစ်ပွားခဲ့သဖြင့် မှတ်တမ်းများ ရှိနိုင်သော်လည်း ကျောင်းပိုင် CCTV ဖြစ်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများသာ စစ်ဆေးကြည့်ရှု နိုင်မည်ဖြစ်ကြောင်း သိရသည်။

    Myein Now Media

    ဟိုဖာဒီဖာနေတဲ့ဟာတွေဒီကန်စွန်းအင်းသမိုင်းကိုသေချာလေ့လာလိုက်အုန်း

    တို့ရပ်ကွက်ထဲက ကလေးမတယောက်တုန်းကလဲ ဒီလိုဘဲ့ အရမ်းနေမကောင်းလို့မိဘကအိပ်ပြန်ခေါ်ပီးခွင့်တောင်းတောင် မိဘအရှေ့ကို ဆဲဆိုတာခံရပီး မိဘရှင် အတော်ဒေါသဖြစ်ပီးညပြန်ခေါ်ခဲ့တာရှိတယ်

    နောက်တခု ငါတုန်းငယ်တုန်းက ကန်စွန်းအင်းဘော်ဒါမှာ မိန်းခလေးတယောက်ကြိုးဆွဲချတေတာ ကြားခဲ့ဖူးတယ်။

    လူအများရှေ့မှာ မတ်တတ်ရပ် ကြိမ်တုတ်နဲ့ရိုက်တော့ ထမီဂွင်းလုံးကျွှတ်အရှက်ရပီး နောက်တော့အဆောင်မှာကြိုးဆွဲချတေသွားတယ်လို့ နာမည်ကြီးခဲ့ဖူးတယ်။

    ဘိတ်သူသားမှန်ရင်သိမယ်

    ဒီဖြစ်ရပ်အဆောင်တွေမှာလိုအပ်တာထက်စည်းကမ်းတင်းကျပ်ပီးအရမ်းအရိုက်ကြမ်းခဲ့တာလူတိုင်းသိမှာပါ။

    အခုကိုယ်ပိုင်ကျောင်းဖြစ်ပီးတဲ့နောက်သေချာမသိတော့ဘူး..

    cctvကထုံးစံအတိုင်းငွေများတရားနိုင်ပေါ့

    သူတို့ဖက်ကမှန်ကန်ရင် cctvကိုအများရှေ့တရားဝင်ချပြသင့်တယ်

    ဘာမှငြင်းမနေကြနဲ့

    ဖြစ်တဲ့အချိန်cctvကြည့်ရင်သိပီ ရှင်းနေတာဘဲ့

    Bo Hein

    အိမ်က ညီမကိုကျောင်းသွားကြိုတုန်းက ကျောင်းသားငယ်၁ယောက်ကို ကျောင်းဆင်းချိန် လူအများအလည်မာ နာရင်းအုပ်နေတာ ၁ခါမြင်ဖူးတယ်

    အဲဒီတုန်းကတော့ စိတ်ထဲကနေ ကျောင်း၁ကျောင်းလံုးကို အုပ်ချုပ်နေတဲ့ ကျောင်းအုပ်ကြီး ၁ယောက်ဖြစ်ပီး လူလယ်ခေါင်မာ ကျောငိးသား၁ယောက်ကို ဒီလိုမျိုး အကြမ်းနည်းနဲ့ဆံုးမရသလားပေါ့

    ကလေးမှားနေရင်တောင် ၂ယောက်သား သေချာဆံုးမပြောပြပေးရမာမဟုတ်ဘူးလာပေါ့

    လူလယ်ခေါငိမှာရိုက်တော့သူလည်းရှက်မှာပေါ့

    နောက်ဆို ကျောင်းမသွားချင်ဖြစ်လာမယ်

    ကျောင်းကိုမုန်းလာရင် ပျက်စီးမဲ့ လမ်းစတွေ ပေါ်လာမှာပေါ့ လို့ အဲတုန်းက တွေးမိသေးတယ်

    အဲအချိိန်ကတည်းက အဲဒီကျောငိးအုပ်ကို လေးစားတဲ့ စိတ်ပျောက်သွားတယ်

    ကျောင်းအုပ်ကြီး၁ယောက်က ကလေးတွေရဲ့ စံပြဖြစ်တဲ့တွကိ စည်းကမ်းတင်းကြပ်ရမယ် နူးညံ့ရမယ်

    မှားနေတာကို နားဝင်အောင်လမ်းပြပေးရရမာကို ကျောင်းသားတွေက်ု အကြမ်းဖက်နည်းနဲ့ အုပ်ချုပ်နေတာ အဆင်မပြေဘူး

    မြန်မာပြည်မာ ဆရာဆရာမတွေ ကျောင်းသားတွေကို ရိုက်ပီး ဆံုးမတာတွေတော်သင့်ပီ

    နည်းလမ်းမကျဘူး လံုးဝမနိုင်ရင် မိဘကို အပ်တာကောင်းမယ်

    မိဘအပ်လို့မှ ကျောင်းသားက ဆိုးတုန်းဆိုရင် ကျောင်းထုတ်လိုက်

    ၁ဖက်လူကို ရိုက်နက်ပီး ဆံုးမပိုင်ခွင့်မရှိဘူး

    အဲလိုအကြမ်းဖက်တာတွေ ကြားရရင် တအားမုန်းတယ်

    comment ၁ခါမှ ဝင်မရေးဖူးလို့ အမှားပါရင် တောင်းပန်ပါတယ်ရှင်🙏

    Cap Jasmin