မကွေးတိုင်း၊ သရက်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ထောင်တွင်း အသံတိတ်သပိတ်မှောက်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူထံကနေ သိရပါတယ်။

ဇန်နဝါရီ ၂၄ ရက်နေ့နဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပတဲ့ ဇန်နဝါရီ ၂၅ ရက်နေ့တို့မှာ အသံတိတ်သပိတ်ကို နှစ်ရက်တာပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“၂၄ ရက်နဲ့ ၂၅ ရက် နှစ်ရက်။ အဆောင်တစ်ဆောင်စာ လုပ်ကြတယ်။ အားလုံးတော့မဟုတ်ဘူး” လို့ သရက်ထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အသံတိတ်သပိတ်မှောက်မှုရဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ အပိုင်း ၃ ကို တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့နယ် ၆၀ လောက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲအပိုင်း ၃ ခုစလုံးမှာတော့ စစ်တပ်လက်ဝေခံ ကြံ့/ဖွံ့ပါတီကပဲ အသာစီးရနေပါတယ်။

စစ်ကော်မရှင်ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ကျင်းပချိန်ကတည်းက တော်လှန်ရေးအင်အားစုတွေ၊ သပိတ်အဖွဲ့အစည်းတွေက ရွေးကောက်ပွဲဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကော်မရှင်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့အထိ ထောင်တွင်းဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၂၇၄၅ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံကနေ သိရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *