Category: News

  • မြောက်ဥက္ကလာတွင် YBS ၄၂ ခရီးသည်တင်ယာဉ် မိနစ်ပိုင်းအတွင်း မီးလောင်ပြာကျ

    မြောက်ဥက္ကလာတွင် YBS ၄၂ ခရီးသည်တင်ယာဉ် မိနစ်ပိုင်းအတွင်း မီးလောင်ပြာကျ

    ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက ပြေးဆွဲနေသည့် YBS ၄၂ ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိနစ်ပိုင်းအတွင်း ယာဉ်တစီးလုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ယနေ့မွန်းလွဲ ၁ နာရီ ၁၉ မိနစ်အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဃ/တိုးချဲ့) ရပ်ကွက်၊ သုဓမ္မာလမ်းမပေါ်ရှိ အဝိုင်းကြီးကားမှတ်တိုင်အနီးတွင် အဆိုပါယာဉ်မှာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

    မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ မီးမှာ အလွန်ပြင်းထန်ပြီး ၁၀ မိနစ်ခန့်အတွင်းမှာပင် ယာဉ်တစီးလုံးသို့ ကူးစက်လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    မီးလောင်မှုသတင်းရရှိပြီးနောက် မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီးနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ မီးသတ်ယာဉ် တစီးတို့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း ရန်ကုန်နာရေးကူညီမှုအသင်း၏ သီးသန့်မီးသတ်တပ်ဖွဲ့က အတည်ပြုထားသည်။

    အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု မရှိကြောင်း မြောက်ဥက္ကလာပမြို့နယ် (ဃ) ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံ တဦးကဆိုသည်။

    “သွားရင်းနဲ့ မြောက်ဥက္ကလာ အဝိုင်းတည့်တည့် ဂိတ် ကျောက်ရေတွင်း ဂုံးတံတားပေါ်မတက်ခင်လေးမှာ လောင်တာ။ လူတွေဘာမှမဖြစ်ပါဘူး။ ဆင်းပြေးကြတယ်”ဟု မြောက်ဥက္ကလာပမြို့နယ် (ဃ) ရပ်ကွက်မှာ နေထိုင်သည့် ဒေသခံ တဦးက ပြောသည်။

    ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ နေ့အပူချိန်များ မြင့်တက်နေပြီး သင်္ဃန်းကျွန်း၊ မှော်ဘီနှင့် တိုက်ကြီးမြို့နယ်တို့တွင်လည်း မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့(MFSD) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

    ယခု YBS ယာဉ် မီးလောင်ရသည့် အကြောင်းရင်းအတိအကျကိုမူ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

  • ဝိုင်းမော် KIA ကာကင်းစခန်းများကို စစ်တပ်စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်

    ဝိုင်းမော် KIA ကာကင်းစခန်းများကို စစ်တပ်စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ စခန်းထိုင်နေတဲ့ ကာကင်းစခန်းဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်လို့ KIA က ပြောပါတယ်။

    မြို့ရဲ့ မြောက်ဘက်ခြမ်း မိုင်းနားနဲ့ လမြန်ရွာကြားက KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကောင်စီ ကာကင်းစခန်းတွေကို ပြန်ရဖို့ ဝိုင်းမော်မြို့ အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၅၈ တပ်ရင်းကနေ အင်အားရာချီနဲ့ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက် တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။

    စစ်ကောင်စီက လက်နက်ကြီးနဲ့ပါ ပစ်ကူပေးပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။

    “အရင် ကျနော်တို့ KIA ပူပေါင်းတပ်တွေ ထိုင်တဲ့နေရာကို စစ်ကော်မရှင်တပ်တွေ သိမ်းထားတာ။ ဒါကို ဒီလ ဖေဖော်ဝါရီလ အစောပိုင်းမှာ KIA ပူးပေါင်းတပ်တွေ ပြန်သိမ်းပြီး အခု ကျနော်တို့ ထိုင်နေတာ။ ကျနော်တို့ထိုင်နေတဲ့ စခန်းဘက်ကို ပြန်ထိုးတာ၊ ဒါကြောင့် တိုက်ပွဲဖြစ်တာ သုံးရက်လောက်ရှိပြီ။ ဒီနေ့လည်း တိုက်ပွဲတွေရှိတယ်။ လေကြောင်းလာတာတော့ မကြားဘူး။ မြစ်ကြီးနားကနေ လက်နက်ကြီးနဲ့ ပစ်ကူတာရှိတယ်။ ၅၈ ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူတာ ရှိတယ်။”

    လက်ရှိအချိန်အထိ KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်းတွေကို ပြန်လက်လွှတ်ရတာ မရှိသလို ဆက်ပြီး ခုခံနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    ဒါ့အပြင် မနေ့ညနေပိုင်းမှာ မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးလမ်းပေါ် အသေခံဒရုန်းတစင်း ပြုတ်ကျခဲ့ပြီး အဆောက်အအုံတချို့ကို ဒရုန်းထိမှန် ပေါက်ကွဲပြီးနောက် လေယာဉ်ခရီးစဉ် အကုန်လုံးကို ရက်အကန့်သတ်မရှိ ရပ်ဆိုင်းလိုက်တယ်လို့ ဆိုပါတယ်။

    KIA ပူးပေါင်းတပ်တွေ မြစ်ကြီးနားလေဆိပ်နဲ့ ကပ်လျက်ရှိနေတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးကို ဦးတည်တိုက်ခိုက်ရင်း Jammer မကျော်နိုင်ဘဲ လေယာဉ်ကွင်းမှာ ပြုတ်ကျသွားတာ ဖြစ်နိုင်တယ်လို့ မြို့ခံတွေက ပြောဆိုနေကြပေမဲ့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစုံတရာ မရရှိသေးသလို အတည်လည်း မပြုနိုင်သေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

  • လားရှိုးမြို့အနီးတစ်ဝိုက် စစ်ကော်မရှင်နှင့် MNDAA တို့ လုံခြုံရေးတိုးချပြီး စစ်ရေးပြင်ဆင်နေ

    လားရှိုးမြို့အနီးတစ်ဝိုက် စစ်ကော်မရှင်နှင့် MNDAA တို့ လုံခြုံရေးတိုးချပြီး စစ်ရေးပြင်ဆင်နေ

    ရှမ်းမြောက်၊ လားရှိုးမြို့အတွင်း ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲပြီးနောက် ကိုးကန့်တပ် MNDAA နှင့် စစ်ကော်မရှင်တို့ တပ်ဖွဲ့ဝင်အင်အားများတိုးချကာ စစ်ရေးပြင်ဆင်မှုများပြုလုပ်လာကြောင်း သိရသည်။

    လားရှိုးမြို့ ရပ်ကွက် (၁၁) အတွင်း ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက်က ရှော့တိုက်ဒုံးများ ကျရောက် ပေါက်ကွဲပြီးနောက် စစ်ကော်မရှင်က ယင်းတို့ တပ်စွဲနေရာယူထားရာ စခန်းများတွင် စစ်အင်အားများ တိုးချဲ့ချထားခဲ့ပြီး ကာကင်းစခန်းများကိုပါ ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    “ရှော့တိုက်ဒုံးကျလို့ MNDAA ကို လားရှိုးမြို့အတွင်းက နှင်ထုတ်မယ်လို့ သတင်းထွက်နေတာ။ စစ်ပြင် ဆင်တာကတော့ အဲဒီမတိုင်ခင် အရင်ရက်ကတည်းက ပြင်ဆင်နေတာ”ဟု သတင်းရင်းမြစ်က ပြောသည်။

    စစ်ကော်မရှင်က ရှော့တိုက်ဒုံးပစ်ခတ်သည့် ဖြစ်စဥ်ကို MNDAA ပြုလုပ်သည်ဟု ယူဆ၍ အင်အားတိုးချလာခြင်းဖြစ်ပြီး MNDAA တပ်များဘက်မှလည်း လားရှိုးမြို့နယ်အတွင်းကျေးရွာများနှင့် သီပေါအထွက်လမ်းတို့တွင် အင်အားများခေါ်ယူ စောင့်ကြပ်ခိုင်းမှုများရှိကြောင်း သိရသည်။

    MNDAA သည် စစ်ကော်မရှင်လက်ထဲသို့ လားရှိုးမြို့ကို ထည့်ပေးခဲ့ရသော်လည်း မြို့ပေါ် ၁၂ ရပ်ကွက်တွင်သာ စစ်ကော်မရှင်ကို စီမံခွင့်ပေး၍ ကျန်သည့် ကျေးရွာအုပ်စု ၇၀ ကျော်ကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ် ကြောင်း သိရသည်။

    စစ်ကော်မရှင်သည် ယခုဖေဖော်ဝါရီ ဒုတိယပတ်မှစကာ လားရှိုးမြို့ပေါ်ရပ်ကွက်များအတွင်း ဧည့်စာရင်းစစ်ဆေး၍ ဂိတ်များတွင်လည်း ကင်းပုန်းများ ချထားသည်အထိ လုံခြုံရေးတင်းကျပ် လိုက်ကြောင်း သိရသည်။

    စစ်ကော်မရှင်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက် မတိုင်ခင်ကတည်းက စစ်ကူအင်အား ရာချီ တင်ဆောင်လာသည့် စစ်ယာဉ်တန်းများကို လားရှိုးမြို့နှင့် အနီးပတ်ဝန်းကျင်သို့ ခေါ်သွင်းလာခြင်း ဖြစ်သည်။

    ပုံစာ-လားရှိုးမြို့ပေါ်တွင် ကိုးကန့် MNDAA တပ်များ တပ်စွဲထားစဉ်(ပုံဟောင်း)

  • ကချင်ဒေသ ၄ နေရာတွင် တိုက်ပွဲပြင်းထန်၊အရပ်သားအချို့သေဆုံး

    ကချင်ဒေသ ၄ နေရာတွင် တိုက်ပွဲပြင်းထန်၊အရပ်သားအချို့သေဆုံး

    KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

    ကချင်ပြည်နယ် ဖားကန့်၊​ ဝိုင်းမော်၊ ဗန်းမော်နှင့် အင်းတော်ကြီးဒေသတို့တွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်(KIA)တို့ ဖေဖော်ဝါရီ လဆန်းပိုင်းမှစတင်ကာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးနှင့် မိုင်းပေါက်ကွဲမှုများကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားအချို့ သေဆုံးမှုများရှိနေသည်ဟု ဒေသခံများထံက သိရသည်။

    ဝိုင်းမော်မြို့အရှေ့ဘက်တွင် မြို့နှင့် တစ်ဆက်တည်းရှိနေသည့် အမှတ်(၅၈)ခြေလျှင်တပ်ရင်း အနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဖေဖော်ဝါရီလ ၄ ရက်က KIA သိမ်းပိုက်ခဲ့သည့် ခလရ (၅၈) ၏ ကာကင်းစခန်းနှစ်ခုကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်နေသည်ဟု KIA ပြန်ကြားရေးထံက သိရသည်။

    ခလရ (၅၈) တပ်ရင်းဌာနချုပ်၏ မြောက်ဘက် နှစ်မိုင်ခန့်အကွာတွင်ရှိသည့် အဆိုပါ ကာကင်းစခန်း နှစ်ခုကို ဖေဖော်ဝါရီ ၄ ရက်တွင် KIA က သိမ်းပိုက်လိုက်သည့်အတွက် ၎င်းတို့၏ တပ်ရင်းဌာနချုပ်ကို ကာကွယ်ရန် စစ်တပ်က အဆိုပါ စခန်းနှစ်ခုကို ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    “မနေ့ကလည်း ထိုးတယ် ကျွန်တော်တို့လည်း ခုခံပြီးတိုက်နေတော့ မနေ့ကလည်း တိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက်လည်း တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးနဲ့ မြစ်ကြီးနားဘက်ကနေ ပစ်ကူတာရှိတယ်။ ခလရ ၅၈ ကလည်း ပစ်တာရှိတယ်။ မနေ့ကညနေကတော့ သူတို့ ပြန်ဆုတ်သွားတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    တိုက်ပွဲဖြစ်ပွားနေသည့် နေရာများသို့ စစ်တပ်က လက်နက်ကြီးများအပြင် လေကြောင်းပစ်ကူနှင့် အသေခံ ဒရုန်းများကိုပါ အသုံးပြုတိုက်ခိုက်နေပြီး လက်နက်ကြီးပစ်ခတ်သံများကို မြစ်ကြီးနားမြို့ပေါ်မှ ကြားနေရသည်ဟု ဒေသခံများထံက သိရသည်။

    ဝိုင်းမော်မြို့သည် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့နှင့် ဧရာဝတီမြစ်သာခြားပြီး အဖြောင့်တိုင်းလျှင် ခြောက်မိုင်ဝန်းကျင်ခန့်သာဝေးသည်။

    ယမန်နေ့ မွန်းလွဲပိုင်းတွင် ဝိုင်းမော်မြို့အနီး၌ တိုက်ပွဲပြင်းထန်နေစဉ် စစ်တပ်၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ)အနီးတွင်ရှိသည့် မြစ်ကြီးနားလေဆိပ်အနီးတွင် KIA ၏ ဒရုန်းတစ်စီးကို ပစ်ချနိုင်ခဲ့သည်ဟု စစ်တပ်ပြန်ကြားရေးသတင်းဌာနများက ထုတ်ပြန်သည်။

    သို့သော် အဆိုပါ ဒရုန်းသည် ၎င်းတို့၏ ဒရုန်း ဟုတ်၊ မဟုတ်အတည်မပြုနိုင်သေးကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

    “မနေ့က မြစ်ကြီးနားလေဆိပ်ထဲမှာ ဒရုန်းတစ်စီးကျတယ်ဆိုတဲ့ သတင်းတွေထွက်ပါတယ်။ စစ်ကောင်စီတပ်ကတော့ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ ဒရုန်းလို့ပြောတယ်။ ဒါပေမဲ့ အခုအချိန်မှာက ဘယ်သူ့ရဲ့ ဒရုန်းဆိုတာ ပြောဖို့ခက်ပါတယ်။ သူတို့ဘက်ကလည်း KIA ရှိတဲ့နေရာရော” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    ဒရုန်းတိုက်ခိုက်မှုကြောင့် မြစ်ကြီးနားလေဆိပ်ကို ယာယီပိတ်ခဲ့ရပြီး လေကြောင်းခရီးစဉ်အချို့လည်း ရွှေ့ဆိုင်းခဲ့ရသည်ဟု သိရသည်။

    ဖားကန့်မြို့ တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး ယမန်နေ့က မြို့အနောက်ဘက် ကပ်လျက်တွင်ရှိသည့် မရှီကထောင်ရပ်ကွက်အနီးတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် KIA, ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်တို့ ယမန်နေ့တစ်နေ့လုံးနီးပါး တိုက်ပွဲပြင်းထန်နေသည်ဟု KPDF တာဝန်ခံတစ်ဦးက ပြောသည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းကို KIA, KPDF ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်တွင် အကျအဆုံးများပြီး လက်နက်ကြီး၊ လေကြောင်း ပစ်ကူများကို အသုံးပြုခဲ့ရသည်ဟု သိရသည်။

    “မနေ့က ကျွန်တော်တို့ဘက် တက်လာလို့ဖြစ်ကြတယ်။ အခုက ဘယ်လိုလဲမသိသေးဘူး။ မနေ့ကတော့ (သေဆုံးတဲ့စစ်သားတွေကို)ကားနဲ့ကို တင်ယူရတယ်။ ခွေးတွေပုံသွားတယ်” ဟု အဆိုပါ KPDF တာဝန်ခံက ပြောသည်။

    ဖားကန့်မြို့ မြောက်ဘက် အမှိုက်ပုံရွာအနီးတွင်လည်း အပြန်အလှန်ပစ်ခတ်မှုများရှိနေပြီး စစ်တပ်က ဒရုန်းဗုံးများဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်အချို့ ပျက်စီးသလို ပြည်သူတစ်ဦးလည်း သေဆုံးခဲ့သည်ဟု သိရသည်။

    “အခု ဖားကန့်မှာက ပိုဆိုးလာတယ်။ ညက အမှိုက်ပုံရွာထိပ် ဒရုန်းမိုင်းချတာ ပြည်သူတစ်ဦး မီးလောင်သေဆုံးတယ်” ဟု အထက်ပါ KPDF တာဝန်ခံက ပြောသည်။

    သေဆုံးသူ၏ အမည်၊​ အသက်စသည့် အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ရန် မေးမြန်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

    ယနေ့နံနက်တွင်လည်း ဖားကန့်မြို့ တောင်ပြိုရွာအနီး ကလေးငယ်သုံးဦး ဆော့ကစားနေစဉ် စစ်တပ်စစ်ကြောင်းဝင်ပြီးနောက် ထောင်ထားခဲ့သည့် မိုင်းကိုနင်းမိရာမှ မိုင်းပေါက်ကွဲပြီး တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

    ယနေ့နံနက်တွင်လည်း မရှီကထောင်ရပ်ကွက် အနောက်ဘက်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်၊ သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    “မနေ့က မရှီကထောင်ဘက်မှာ တိုက်ပွဲတွေရှိပါတယ်။ (စစ်တပ်)သူတို့က ဗျူဟာကုန်းကနေပစ်လို့ ပြည်သူလူထုရှိတဲ့ ရပ်ကွက်တွေမှာကျတယ်။ နောက် ရွာသူရွာသားတွေလည်း ထိခိုက်တာတွေရှိတယ်။ ဒီနေ့မနက်ပိုင်းမှာ တိုက်ပွဲတစ်ခုရှိတယ်၊ နေ့လယ်ပိုင်းကတော့ မကြားရသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    ကချင်ပြည်နယ်၏ တောင်ဘက် ထွက်ပေါက်ဟု ဆိုနိုင်သည့် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး ယမန်နေ့က တိုက်ပွဲဖြစ်ပွားသည့်နေရာများသို့ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်မြို့တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ပေါ်ရပ်ကွက်အချို့နှင့် အရေးကြီးနေရာများတွင် တိုက်ပွဲများပြင်းထန်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    “သံချပ်ကာကားတပ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေရှိတယ်။ နောက် ဗန်းမော်မြို့ရဲ့ ဟန်တဲဆိုတဲ့ ရပ်ကွက်ဘက်မှာလည်း တိုက်ပွဲတွေရှိတယ်။ အဓိကကတော့ သုံးမိုင်ဘက်မှာ တိုက်ပွဲတွေနေ့တိုင်းလိုလိုရှိပါတယ်။ ကျွန်တော်တို့တပ်တွေ ဆုတ်သွားတာမရှိဘူး​၊ သူတို့လည်း ဆုတ်သွားတာမရှိဘူး။ အပြန်အလှန်ပစ်ခတ်နေကြတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    ကချင်ပြည်နယ်အတွင်း စစ်တပ်နှင့် KIA တို့ကြား အပြန်အလှန်ထိုးစစ်ဆင်မှုများ​ ရှိနေပြီး စစ်ရေးပိုမိုပြင်းထန်လာနိုင်ကြောင်း ပြီးခဲ့သည့် ရက်များအတွင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

    ပြီးခဲ့သည့်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

  • ကပစ ၁၆ ကို အေအေရောက်ဖို့ ကာကင်းသုံးခုသာကျန်

    ကပစ ၁၆ ကို အေအေရောက်ဖို့ ကာကင်းသုံးခုသာကျန်

    ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ် ပန်းတောင်မြို့နယ်ထဲက အမှတ် ၁၆ ကာကွယ်ရေး ပစ္စည်းထုတ်စက်ရုံ(ကပစ-၁၆)ကိုရောက်ဖို့ ပွိုင့် ၆၆၆ ခံတပ်အပါအဝင် ကာကင်း ၃ ခုသာ ကျန်တော့တယ်လို့ အာရက္ခတပ်တော်-AA ရဲ့ စစ်ရေးအခြေအနေတွေကို သိရှိသူက ပြောပါတယ်။

    ကပစ ၁၆ ရဲ့ ကာကင်းတွေကို ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ နောက်ဆုံးပတ်ကစလို့ သိမ်းယူနေတာဖြစ်ပြီး ဖေဖော်ဝါရီ ပထမပတ်ထဲမှာ ကာကင်းခံတပ်ပေါင်း ၇ ခုလောက်ကို သိမ်းယူထားနိုင်ပြီလို့လည်း ပြောပါတယ်။

    ဒီနေ့မှာလည်း တိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

    “AA နဲ့ ပူးပေါင်းတပ်စုတွေက စစ်ရှိန်မြှင့်ထားတယ်။ အခု ကပစ ၁၆ ထဲမှာ လုပ်ငန်းလည်ပတ်တာတွေ ရပ်လိုက်ပြီးတော့ ခံစစ်တွေ အခိုင်အမာ ပြင်နေတယ်။ စစ်အင်အားဖြည့်နေတယ်”လို့ စစ်ရေးအခြေအနေ သိရှိသူက ပြောပါတယ်။

    လက်ရှိ ဘယ်ကာကင်းနေရာကို ထိုးစစ်ဆင်နေတယ်ဆိုတာကိုတော့ မပြောပါဘူး။

    ပွိုင့် ၆၆၆ ကာကင်းဟာ ကပစ ၁၆ အတွက် အကြီးဆုံးနဲ့ အဓိကကျတဲ့ ကာကင်းဗျူဟာစခန်းကုန်းဖြစ်ပြီး ကျန်တဲ့ နှစ်ခုကတော့ အလတ်စားနဲ့ အငယ်စားကာကင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

    စစ်တပ်က လေကြောင်းပစ်ကူတွေ တောက်လျှောက်လုပ်နေပြီး လေယာဉ်တွေအပြင် ဒရုန်းတွေနဲ့ ဗုံးကြဲတဲ့အခါ ရေနံအဖြူပုလင်းတွေပါ တွဲပြီးကြဲတာကြောင့် ကျေးရွာတချို့ မီးလောင်တာတွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။

    ဒါ့အပြင် မီးလောင်ပြီးတဲ့အခါမှာ မြင်ကွင်းရှင်းဖို့ ရည်ရွယ်ချက်နဲ့ ကာကင်းစခန်းတွေနားက သစ်တောနဲ့ တောင်တန်းတွေကိုပါ ကြဲနေတယ်လို့ သိရပါတယ်။

    ကပစ ၁၆ ကို AA သိမ်းပိုက်နိုင်မယ်ဆိုရင်တော့ ပဲခူးတိုင်းထဲက တခြားမြို့နယ်တွေကိုပါ စစ်ရေးတိုးချဲ့သွားဖို့ လမ်းကြောင်းပေါ်သွားမှာဖြစ်တယ်လို့လည်း စစ်ရေးအခြေအနေ သိရှိသူက ပြောပါတယ်။