ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက ပြေးဆွဲနေသည့် YBS ၄၂ ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိနစ်ပိုင်းအတွင်း ယာဉ်တစီးလုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့မွန်းလွဲ ၁ နာရီ ၁၉ မိနစ်အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဃ/တိုးချဲ့) ရပ်ကွက်၊ သုဓမ္မာလမ်းမပေါ်ရှိ အဝိုင်းကြီးကားမှတ်တိုင်အနီးတွင် အဆိုပါယာဉ်မှာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ မီးမှာ အလွန်ပြင်းထန်ပြီး ၁၀ မိနစ်ခန့်အတွင်းမှာပင် ယာဉ်တစီးလုံးသို့ ကူးစက်လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မီးလောင်မှုသတင်းရရှိပြီးနောက် မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီးနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ မီးသတ်ယာဉ် တစီးတို့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း ရန်ကုန်နာရေးကူညီမှုအသင်း၏ သီးသန့်မီးသတ်တပ်ဖွဲ့က အတည်ပြုထားသည်။

အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု မရှိကြောင်း မြောက်ဥက္ကလာပမြို့နယ် (ဃ) ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံ တဦးကဆိုသည်။

“သွားရင်းနဲ့ မြောက်ဥက္ကလာ အဝိုင်းတည့်တည့် ဂိတ် ကျောက်ရေတွင်း ဂုံးတံတားပေါ်မတက်ခင်လေးမှာ လောင်တာ။ လူတွေဘာမှမဖြစ်ပါဘူး။ ဆင်းပြေးကြတယ်”ဟု မြောက်ဥက္ကလာပမြို့နယ် (ဃ) ရပ်ကွက်မှာ နေထိုင်သည့် ဒေသခံ တဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ နေ့အပူချိန်များ မြင့်တက်နေပြီး သင်္ဃန်းကျွန်း၊ မှော်ဘီနှင့် တိုက်ကြီးမြို့နယ်တို့တွင်လည်း မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့(MFSD) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယခု YBS ယာဉ် မီးလောင်ရသည့် အကြောင်းရင်းအတိအကျကိုမူ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။


Leave a Reply