KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။
ကချင်ပြည်နယ် ဖားကန့်၊ ဝိုင်းမော်၊ ဗန်းမော်နှင့် အင်းတော်ကြီးဒေသတို့တွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်(KIA)တို့ ဖေဖော်ဝါရီ လဆန်းပိုင်းမှစတင်ကာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးနှင့် မိုင်းပေါက်ကွဲမှုများကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားအချို့ သေဆုံးမှုများရှိနေသည်ဟု ဒေသခံများထံက သိရသည်။
ဝိုင်းမော်မြို့အရှေ့ဘက်တွင် မြို့နှင့် တစ်ဆက်တည်းရှိနေသည့် အမှတ်(၅၈)ခြေလျှင်တပ်ရင်း အနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဖေဖော်ဝါရီလ ၄ ရက်က KIA သိမ်းပိုက်ခဲ့သည့် ခလရ (၅၈) ၏ ကာကင်းစခန်းနှစ်ခုကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်နေသည်ဟု KIA ပြန်ကြားရေးထံက သိရသည်။
ခလရ (၅၈) တပ်ရင်းဌာနချုပ်၏ မြောက်ဘက် နှစ်မိုင်ခန့်အကွာတွင်ရှိသည့် အဆိုပါ ကာကင်းစခန်း နှစ်ခုကို ဖေဖော်ဝါရီ ၄ ရက်တွင် KIA က သိမ်းပိုက်လိုက်သည့်အတွက် ၎င်းတို့၏ တပ်ရင်းဌာနချုပ်ကို ကာကွယ်ရန် စစ်တပ်က အဆိုပါ စခန်းနှစ်ခုကို ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မနေ့ကလည်း ထိုးတယ် ကျွန်တော်တို့လည်း ခုခံပြီးတိုက်နေတော့ မနေ့ကလည်း တိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက်လည်း တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးနဲ့ မြစ်ကြီးနားဘက်ကနေ ပစ်ကူတာရှိတယ်။ ခလရ ၅၈ ကလည်း ပစ်တာရှိတယ်။ မနေ့ကညနေကတော့ သူတို့ ပြန်ဆုတ်သွားတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် နေရာများသို့ စစ်တပ်က လက်နက်ကြီးများအပြင် လေကြောင်းပစ်ကူနှင့် အသေခံ ဒရုန်းများကိုပါ အသုံးပြုတိုက်ခိုက်နေပြီး လက်နက်ကြီးပစ်ခတ်သံများကို မြစ်ကြီးနားမြို့ပေါ်မှ ကြားနေရသည်ဟု ဒေသခံများထံက သိရသည်။
ဝိုင်းမော်မြို့သည် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့နှင့် ဧရာဝတီမြစ်သာခြားပြီး အဖြောင့်တိုင်းလျှင် ခြောက်မိုင်ဝန်းကျင်ခန့်သာဝေးသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် ဝိုင်းမော်မြို့အနီး၌ တိုက်ပွဲပြင်းထန်နေစဉ် စစ်တပ်၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ)အနီးတွင်ရှိသည့် မြစ်ကြီးနားလေဆိပ်အနီးတွင် KIA ၏ ဒရုန်းတစ်စီးကို ပစ်ချနိုင်ခဲ့သည်ဟု စစ်တပ်ပြန်ကြားရေးသတင်းဌာနများက ထုတ်ပြန်သည်။
သို့သော် အဆိုပါ ဒရုန်းသည် ၎င်းတို့၏ ဒရုန်း ဟုတ်၊ မဟုတ်အတည်မပြုနိုင်သေးကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
“မနေ့က မြစ်ကြီးနားလေဆိပ်ထဲမှာ ဒရုန်းတစ်စီးကျတယ်ဆိုတဲ့ သတင်းတွေထွက်ပါတယ်။ စစ်ကောင်စီတပ်ကတော့ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ ဒရုန်းလို့ပြောတယ်။ ဒါပေမဲ့ အခုအချိန်မှာက ဘယ်သူ့ရဲ့ ဒရုန်းဆိုတာ ပြောဖို့ခက်ပါတယ်။ သူတို့ဘက်ကလည်း KIA ရှိတဲ့နေရာရော” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဒရုန်းတိုက်ခိုက်မှုကြောင့် မြစ်ကြီးနားလေဆိပ်ကို ယာယီပိတ်ခဲ့ရပြီး လေကြောင်းခရီးစဉ်အချို့လည်း ရွှေ့ဆိုင်းခဲ့ရသည်ဟု သိရသည်။
ဖားကန့်မြို့ တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး ယမန်နေ့က မြို့အနောက်ဘက် ကပ်လျက်တွင်ရှိသည့် မရှီကထောင်ရပ်ကွက်အနီးတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် KIA, ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်တို့ ယမန်နေ့တစ်နေ့လုံးနီးပါး တိုက်ပွဲပြင်းထန်နေသည်ဟု KPDF တာဝန်ခံတစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းကို KIA, KPDF ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်တွင် အကျအဆုံးများပြီး လက်နက်ကြီး၊ လေကြောင်း ပစ်ကူများကို အသုံးပြုခဲ့ရသည်ဟု သိရသည်။
“မနေ့က ကျွန်တော်တို့ဘက် တက်လာလို့ဖြစ်ကြတယ်။ အခုက ဘယ်လိုလဲမသိသေးဘူး။ မနေ့ကတော့ (သေဆုံးတဲ့စစ်သားတွေကို)ကားနဲ့ကို တင်ယူရတယ်။ ခွေးတွေပုံသွားတယ်” ဟု အဆိုပါ KPDF တာဝန်ခံက ပြောသည်။
ဖားကန့်မြို့ မြောက်ဘက် အမှိုက်ပုံရွာအနီးတွင်လည်း အပြန်အလှန်ပစ်ခတ်မှုများရှိနေပြီး စစ်တပ်က ဒရုန်းဗုံးများဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်အချို့ ပျက်စီးသလို ပြည်သူတစ်ဦးလည်း သေဆုံးခဲ့သည်ဟု သိရသည်။
“အခု ဖားကန့်မှာက ပိုဆိုးလာတယ်။ ညက အမှိုက်ပုံရွာထိပ် ဒရုန်းမိုင်းချတာ ပြည်သူတစ်ဦး မီးလောင်သေဆုံးတယ်” ဟု အထက်ပါ KPDF တာဝန်ခံက ပြောသည်။
သေဆုံးသူ၏ အမည်၊ အသက်စသည့် အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ရန် မေးမြန်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
ယနေ့နံနက်တွင်လည်း ဖားကန့်မြို့ တောင်ပြိုရွာအနီး ကလေးငယ်သုံးဦး ဆော့ကစားနေစဉ် စစ်တပ်စစ်ကြောင်းဝင်ပြီးနောက် ထောင်ထားခဲ့သည့် မိုင်းကိုနင်းမိရာမှ မိုင်းပေါက်ကွဲပြီး တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ယနေ့နံနက်တွင်လည်း မရှီကထောင်ရပ်ကွက် အနောက်ဘက်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်၊ သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မနေ့က မရှီကထောင်ဘက်မှာ တိုက်ပွဲတွေရှိပါတယ်။ (စစ်တပ်)သူတို့က ဗျူဟာကုန်းကနေပစ်လို့ ပြည်သူလူထုရှိတဲ့ ရပ်ကွက်တွေမှာကျတယ်။ နောက် ရွာသူရွာသားတွေလည်း ထိခိုက်တာတွေရှိတယ်။ ဒီနေ့မနက်ပိုင်းမှာ တိုက်ပွဲတစ်ခုရှိတယ်၊ နေ့လယ်ပိုင်းကတော့ မကြားရသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ကချင်ပြည်နယ်၏ တောင်ဘက် ထွက်ပေါက်ဟု ဆိုနိုင်သည့် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး ယမန်နေ့က တိုက်ပွဲဖြစ်ပွားသည့်နေရာများသို့ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်မြို့တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ပေါ်ရပ်ကွက်အချို့နှင့် အရေးကြီးနေရာများတွင် တိုက်ပွဲများပြင်းထန်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“သံချပ်ကာကားတပ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေရှိတယ်။ နောက် ဗန်းမော်မြို့ရဲ့ ဟန်တဲဆိုတဲ့ ရပ်ကွက်ဘက်မှာလည်း တိုက်ပွဲတွေရှိတယ်။ အဓိကကတော့ သုံးမိုင်ဘက်မှာ တိုက်ပွဲတွေနေ့တိုင်းလိုလိုရှိပါတယ်။ ကျွန်တော်တို့တပ်တွေ ဆုတ်သွားတာမရှိဘူး၊ သူတို့လည်း ဆုတ်သွားတာမရှိဘူး။ အပြန်အလှန်ပစ်ခတ်နေကြတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ကချင်ပြည်နယ်အတွင်း စစ်တပ်နှင့် KIA တို့ကြား အပြန်အလှန်ထိုးစစ်ဆင်မှုများ ရှိနေပြီး စစ်ရေးပိုမိုပြင်းထန်လာနိုင်ကြောင်း ပြီးခဲ့သည့် ရက်များအတွင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။
ပြီးခဲ့သည့်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။


Leave a Reply