Category: News

  • ယတြာခေါင်းလောင်း အကြောင်း အစီရင်ခံ အမြန်တင်ပြရန်  မင်းအောင်လှိုင်က ရှေးဟောင်း သုတေသနကို ညွှန်ကြား

    ယတြာခေါင်းလောင်း အကြောင်း အစီရင်ခံ အမြန်တင်ပြရန် မင်းအောင်လှိုင်က ရှေးဟောင်း သုတေသနကို ညွှန်ကြား

    AA က တူးဖော်ရရှိသွားသည့် ရခိုင်သမိုင်းဝင် ရှေးဟောင်း ယတြာခေါင်းလောင်း အကြောင်း အစီရင်ခံ အမြန်တင်ပြရန် မင်းအောင်လှိုင်က ရှေးဟောင်း သုတေသနကို ညွှန်ကြား

    ရခိုင်ပြည်တွင် အာရက္ခတပ်တော်-AA က တူးဖော်ရရှိသွားသည့် ရခိုင်ရှေးဟောင်း ယတြာခေါင်းလောင်း၏ အကြောင်း ကို အစီရင်ခံစာ အသေးစိတ် အမြန်တင်ပြရန် နေပြည်တော်စစ်ရုံးက ရှေးဟောင်းသုတေသနဦးစီးဌာနကို ညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ရခိုင်အခြေစိုက် မီဒီယာများက ရခိုင်သမိုင်းဝင် ရှေးဟောင်း ယတြာခေါင်း လောင်းကို AA က တူးဖော်ရရှိထားပြီဖြစ်ကြောင်း သတင်းများ ဖော်ပြခဲ့ရာ အဆိုပါ သတင်းများကြောင့် နေပြည်တော်စစ်ရုံးက ယတြာခေါင်းလောင်းနှင့်ပတ်သက်၍ အသေးစိတ် အစီရင်ခံစာများ ရေးသား၍ အမြန်ဆုံးတင်ပြရန် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကို ညွှန်ကြားခဲ့ကြောင်း၊ အဓိကအားဖြင့် စစ်ခေါင်းဆောင်က ယတြာခေါင်းလောင်းကိစ္စကို စိတ်ဝင်စားနေကြောင်း သိရှိရသည်။

    ” ယတြာခေါင်းလောင်းရဲ့ ရာဇဝင် သမိုင်းကြောင်းတွေ အမြန်ဆုံး တင်ပြပါဆိုပြီး တောင်းတယ်။ တောင်းတာက စစ်ရုံးက တောင်းတာ။ ဒါပေမယ့် တပ်ချုပ်ကြီးဆီက ဒီအမိန့် လာတယ်လို့ သိရတယ်။ ယတြာတွေ ဗေဒင်တွေကို တပ်ချုပ်ကြီးက အရမ်းစိတ်ဝင်စားတယ်။ မှတ်မိဦးမှာပေါ့ ၁၀၂၇ စစ်ဆင်ရေးတုန်းက အရှေ့မြောက်တိုင်းစစ်ဌာ နချုပ်ရုံးခန်းနဲ့လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်( ဒကစ)၊ ဆက်သွယ်ရေး တပ်ရင်း ၄ ရုံး၊ ဒုတပ် ရင်းမှူးရုံးခန်းတွေမှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ လာရောက် မတိုက်ခိုက်စေဖို့ မျောက်သုံးကောင်ဓာတ်ပုံကို ဇောက် ထိုး ချိတ်ဆွဲ ယတြာလုပ်ခိုင်းခဲ့တာ။ အဲဒီယတြာက တပ်ချုပ်ကြီးကိုးကွယ်တဲ့ ဆရာတော်ကြီး -၀စီပိတ်ဆရာတော်ရဲ့ ယတြာလို့ သိရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    ရခိုင်တွင် တူးဖော်ရရှိခဲ့သော သမိုင်းဝင် ယတြာခေါင်းလောင်းအား တစ်ကြိမ်တီးခတ်လိုက်လျှင် အရှေ့ပြည် ၃ ခါ ပြိုလေ့ရှိသဖြင့် မြန်မာဘုရင်များ အဆက်ဆက် ဖိန့်ဖိန့်တုန်ကာ ထိတ်လန့်တုန်လှုပ် ခြောက်ခြားခဲ့ရသည့် ရှေး ဟောင်း ခေါင်းလောင်းလည်း ဖြစ်သည်ဟု ရခိုင်အခြေစိုက် မီဒီယာများက သမိုင်းအချက်အလက်တချို့ကို ကိုးကား၍ ရေးသားဖော်ပြထားသည်။

    အဆိုပါ ယတြာခေါင်းလောင်းမှာ ရခိုင့်သမိုင်းတွင် ပြည်ပရန်ကို ကာကွယ်ပေးသော “ယတြာခေါင်းလောင်း” အဖြစ် ဖော်ပြကြပြီး ယခင် ရခိုင့်နိုင်ငံတော်အတွက် အလွန်အရေးပါသော ခေါင်းလောင်းဖြစ်ကာ မြောက်ဦးခေတ် ရှေးဟောင်းသမိုင်းဝင် ခေါင်းလောင်းလည်းဖြစ်သည်ဟု ဆိုသည်။

    ရှေးဟောင်း သမိုင်းဝင် ယတြာခေါင်းလောင်းကို မဟာမုနိဘုရားကုန်းတော်၌ မြှုပ်နှံထားခြင်းဖြစ်ပြီး မြှုပ်နှံထားသည့် နေရာကို သိသူမှာ မဟာမုနိဂေါပကအဖွဲ့ဝင်ဟောင်း အသက် ၈၄ နှစ်အရွယ် ဦးထွန်းအောင်ဖြစ်ကြောင်း၊ ရှေး ဟောင်း ယတြာခေါင်းလောင်းကို မြောက်ဦးခေတ် ရခိုင်ဘုရင် နရပတိကြီး (၁၆၃၈-၁၆၄၅) လက်ထက်တွင် ရခိုင့်နိုင်ငံတော်နှင့် စစ်ရေးကာကွယ်မှုများအတွက် သွန်းလုပ်ခဲ့ကြောင်း၊ ခေါင်းလောင်းမှာ အမြင့် ၈၆ စင်တီမီတာ၊ အောက် ခြေအချင်း ၆၅ စင်တီမီတာ၊ အောက်ခြေအဝန်း ၂၀၇ စင်တီမီတာ၊ အနားအထူ ၄ စင်တီမီတာ၊ ကိုယ်ထည်အဝန်း ၁၆၀ စင်တီမီတာနှင့် လုံးပတ် ၂၄ စင်တီမီတာရှိကြောင်း သိရသည်။

    ခေါင်းလောင်း၏ အပြင်ဘက် မျက်နှာပြင်တွင် ယတြာများကို ပါဠိ၊ သက္ကတ၊ ရက္ခဝဏ္ဏ ဘာသာ ၃ မျိုးဖြင့် ရေးထိုးထားပြီး အင်း၊ အိုင်၊ ခါးလှည့် သုံးမျိုးပါဝင်သော ရခိုင့်ရှေးဟောင်း ယတြာခေါင်းလောင်း ဖြစ်ကြောင်း၊ ယင်း ခေါင်း လောင်းမှာ မဟာမုနိကုန်းတော်၌ရှိခဲ့ကြောင်းကို “မဟာမုနိဘုရားနှင့် ယတြာခေါင်းလောင်း” ဟု အမည်တပ်ကာ ဓါတ်ပုံနှင့်တကွ ဖော်ပြခဲ့သူမှာ ဆွဇ်လူမျိုး ရှေးဟောင်းသုတေသနပညာရှင် Dr.Emmanuel Forchhammer (1851-1890) ပင် ဖြစ်သည်။

    အလားတူ ၁၉၅၇ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့သည့် Mr. R.B Smart ၏ Burma Gazetteer, Akyab District, Volume A တွင်လည်း မဟာမုနိဘုရားကုန်း၏ အရှေ့မြောက်ဘက်၌ ယတြာခေါင်းလောင်း ရှိကြောင်း ဖော်ပြထားသည်။

    အဆိုပါ ယတြာခေါင်းလောင်းနှင့် ပတ်သက်၍ သပ္ပဒါနပကာရဏ ကျမ်းတွင် “အရှေ့၊ အနောက်၊ တောင်၊ မြောက် ပြည်ရွာ မင်းတကာတို့ကို တထိန့်ထိန့် တလန့်လန့် ပြိုပျက်စေလိုမူကား၊ ကုလားတန်ဘက်ကို ဇာတီမုခ်လေးဝနှင့် တည်လေ။ ယတြာခေါင်းလောင်းကိုလည်း အရှေ့မုခ်ဝတွင် ဆွဲ၍တီး၊ အရှေ့ တိုင်းပြည်တို့သည် တထိန့်လန့်လန့် ပြိုပျက်လေ၏” ဟု ဖော်ပြထားသည်။

    ယတြာခေါင်းလောင်းတွင် အင်းကွက်ကြီး ၈ ကွက်ပါရှိပြီး ယင်းအင်းကွက်များမှာ မြေ – မြီ (ပထဝီ) အင်း၊ မီး (တေဇော) အင်း၊ ရေ – ရီ (အာပေါ) အင်း၊ လေ – လီ (ဝါယော) အင်း တို့ဖြစ်ပြီး အဆိုပါ ဓါတ်ကြီး ၄ ပါးကို အတိုက်တစ်ကွက်၊ အခံတစ်ကွက်ဖြင့် တစ်မျိုးလျှင် နှစ်ကွက်ကျစီ စီမံပြုလုပ်ထားသည်ဟု သိရှိရသည်။

    အင်းဆရာကြီး ကျွန်းဒေါင်း၏ မှတ်တမ်းတွင် ဤ ယတြာခေါင်းလောင်းသည် ငါတို့ တိုက်ခိုက်သိမ်းပိုက်လိုသော တိုင်းပြည် (ဝါ) တို့အားကျူးကျော်လာသည့် ရန်သူကို –

    (၁) ရေ – ရီအင်းဖြင့် တိုက်ခိုက်စီနိုင်၏ (ဝါ) ရီအင်းဖြင့် ကာကွယ်စီနိုင်၏။

    (၂) မြေ – မြီအင်းဖြင့်တိုက်ခိုက်စီနိုင်၏ (ဝါ) မြီအင်းဖြင့် ကာကွယ်စီနိုင်၏။

    (၃) လေ – လီအင်းဖြင့်တိုက်ခိုက်စီနိုင်၏ (ဝါ) လီအင်းဖြင့် ကာကွယ်စီနိုင်၏။

    (၄) မီးအင်းဖြင့် တိုက်ခိုက်စီနိုင်၏ (ဝါ) မီးအင်းဖြင့် ကာကွယ်စီနိုင်၏။ ဟု ဖော်ပြထားသည်။

    အကြမ်းဖက် မင်းအောင်လှိုင်မှာ ဗေဒင်နှင့်ယတြာ အမြဲလိုလို ချေသူဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးကာလ တစ်နိုင်ငံလုံးတွင် ကိုးနဝင်း ယတြာ အဖြစ် မဟာသမယသုတ်နှင့် ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်ခြင်း၊ ကျောက်ကျော၊ ဘယာကြော်နှင့် မုန့်လုံး ရေပေါ် များ နံနက် ၉ နာရီမတိုင်ခင် ကပ်လှူခြင်းများ ပြုလုပ်ရန် ညွှန်ကြားခဲ့သည်။

  • ကပစ ၂၄ တွင် လက်နက်ကြီးကျည် ထုတ်လုပ်မှု လုံးဝရပ်

    ကပစ ၂၄ တွင် လက်နက်ကြီးကျည် ထုတ်လုပ်မှု လုံးဝရပ်

    မီးတိုင်များကို ဖျက်ဆီးပြီးနောက် ကပစ ၂၄ တွင် လက်နက်ကြီးကျည် ထုတ်လုပ်မှု လုံးဝရပ်

    ကပစ ၂၁ နှင့် ၂၂ တွင် လေယာဉ်ဗုံး ထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်းရပ်

    မကွေးတိုင်းအတွင်းရှိ ကပစစက်ရုံများသို့ သွယ်တန်းထားသည့် မီးတိုင် ၁၀၀ကျော် ဖျက်ဆီးခံ ရပြီးနောက် စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းအချို့ ရပ်တန့်နေကြောင်းသိရသည်။

    ဒီဇင်ဘာလအတွင်း မကွေးတိုင်း၊ ပေါက်မြို့နယ် ကပစ ၂၄၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၁နှင့် ၂၂တို့သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးတိုင် ၁၀၀ကျော်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

    “သူတို့လျှပ်စစ်မီးရတဲ့ အခြေအနေတော့ မရှိသေးဘူးခင်ဗျ။ ဆိပ်ဖြူဘက်ကလည်း ဖြတ်တောက် ထားတာဆိုတော့ ထုတ်လုပ်နိုင်တာတော့ မရှိသေးပါဘူး။ ၂၂ နဲ့ ၂၃ ကတော့ လည်ပတ်မှုအားနည်း သွားမှာပေါ့။ ၂၄ ကတော့ ရပ်တန့်နေတယ်လို့တော့ သိရတယ်ဗျ။ ၂၂ နဲ့ ၂၃ ကလည်း ဥပ‌မာပေါ့။ ၁၀၀ရာခိုင်နှုန်း အရင်ကလည်ပတ်နေတယ်ဆိုရင် ၂၅ ရာခိုင်နှုန်းလောက်တော့ ကုန်ကြမ်းဘာညာ ထုတ်တာတော့ ရှိနိုင်တာပေါ့။ ၂၁ ကတော့ လုပ်ငန်းရပ်တာဝောာ့ပါတယ်။ ၂၃ကလည်း မိုင်းခွဲဖျက် ဆီးတာပါပါတယ်။ ပါတယ်ဆိုတာ သူတို့(MOD)ဆီကို video file တို့ဘာတို့ မရောက်တာတွေ ရှိနိုင်မှာပေါ့။” ဟု မြိုင်ပကဖ သတင်းတာဝန်ခံက ပြောသည်။

    ပျက်စီးသွားသည့် မီးတိုင်များကို စစ်တပ်ဘက်က ‌လာရောက်ပြုပြင်ခြင်းမရှိသေးကြောင်းသိရသည်။

    “အင်နဲ့အားနဲ့ဆိုရင်တော့ လာပြင်ချင်ပြင်မှာ။ ခုလောလောဆယ်တော့ ပြန် ပြင်တာဆင်တာ မရှိသေး ဘူးဗျ” ဟု ၎င်းကပြောသည်။

    ပေါက်ကပစ ၂၄ သည် လက်နက်ကြီးကျည်ဆန်များထုတ်လုပ်ပြီး ဆိပ်ဖြူ ကပစ ၂၁ နှင့် ၂၂ သည် လေယာဉ်ဗုံးများထုတ်လုပ်သည့် စက်ရုံများဖြစ်ကြောင်းသိရသည်။

    ဓာတ်ပုံ – မြိုင်ပကဖ

  • ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး

    ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး

    ဗင်နီဇွဲလား ရေနံတွေ တင်ဆောင်လာတယ်လို့ ယုံကြည်ရတဲ့ ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး

    ဗင်နီဇွဲလား ရေနံတွေ တင်ဆောင်သွားတယ်လို့ စွပ်စွဲခံရတဲ့ ရုရှား ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန်က ကြားဖြတ် ထိန်းချုပ်ခဲ့ပြီးတဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ဖို့ အိမ်ဖြူတော်က ပြင်ဆင်နေပါတယ်။

    Marinera ရေနံတင် သင်္ဘောဟာ ဗင်နီဇွဲလား ကမ်းလွန်ရေပြင်မှာ အမေရိကန် စစ်တပ်ရဲ့ ကြားဖြတ် ဖမ်းဆီးမယ့် အခြေအနေကနေ ရှောင်တိမ်းလာနိုင်ခဲ့ပြီး ရုရှားဆီ အသည်းအသန် ပြန်လည် ခုတ်မောင်းလာချိန် အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ဇန်နဝါရီ ၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

    အမေရိကန်ဟာ မဟာမိတ် နိုင်ငံတွေရဲ့ အကူအညီကိုပါ အသုံးပြုပြီး အဲဒီသင်္ဘောရဲ့ ခရီးစဉ်ကို တောက်လျှောက် စောင့်ကြည့်နေခဲ့တဲ့နောက် အိုက်စ်လန်ကျွန်းနဲ့ ဗြိတိန်နိုင်ငံကြားမှာ ကြားဖြတ် ဖမ်းဆီးခဲ့တာပါ။ Marineraဟာ အစောပိုင်းတုန်းက Bella 1ဆိုတဲ့ နာမည်ကိုလည်း အသုံးပြုခဲ့ဖူးပါတယ်။

    အမေရိကန် အစိုးရက ဗင်နီဇွဲလား ရေနံတင် သင်္ဘောတွေကို ပစ်မှတ်ထား စီးနင်းမှုတွေ စတင်လာတဲ့နောက် Marineraဟာလည်း အမေရိကန် ကမ်းခြေစောင့်တပ်ရဲ့ ပစ်မှတ်ထားမှုကို ခံလာရပါတယ်။ ဒါပေမဲ့ အမေရိကန် ကမ်းခြေစောင့်တပ်က ရေယာဉ်ပေါ် တက်ရောက်ခွင့် တောင်းဆိုတာကို Marineraက ငြင်းဆိုပြီး ရုရှားဆီ ပြန်သွားဖို့ ကြိုးစားခဲ့တာပါ။

    ရုရှားအလံ လွှင့်ထူထားတဲ့ ရေနံတင် သင်္ဘောကို ကြားဖြတ် ဖမ်းဆီးတဲ့ မစ်ရှင်ကို အမေရိကန် ကမ်းခြေစောင့်တပ်နဲ့ စစ်တပ်တို့ ပူးပေါင်း အကောင်အထည် ဖော်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အစိုးရ သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့ပါတယ်။

    အမေရိကန်ဟာ ဗင်နီဇွဲလား ရေနံတွေနဲ့ ပတ်သက် ဆက်စပ်နေတဲ့ M/T Sophiaဆိုတဲ့ နောက်ထပ် သင်္ဘောတစ်စီးကိုလည်း ကာရေဘီယန် ပင်လယ်ပြင်မှာ ထိန်းသိမ်းထားခဲ့ပါတယ်။

    Marinera သင်္ဘောနောက်ကို အမေရိကန်က အပူတပြင်း ခြေရာခံ လိုက်နေကြောင်း သိရှိခဲ့တဲ့နောက် ရုရှားဟာ အဲဒီ ရေယာဉ်ကို လုံခြုံရေး ကူညီ စောင့်ကြပ်ပေးဖို့ ရေငုပ်သင်္ဘော တစ်စီးနဲ့ စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပေမယ့် အချိန်မမီလိုက်ဘဲ အမေရိကန်က ကြားဖြတ် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

    ရုရှား အစိုးရကတော့ Marineraကို စီးနင်း ဟန့်တားခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ရေကြောင်းဥပဒေတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

    ရုရှား ရေနံတင် သင်္ဘောတစ်စီးကို ဖမ်းဆီးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်း ကြေညာဖို့ အိမ်ဖြူတော်က ပြင်ဆင်နေပြီး မကြာခင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့ ရှိနေပါတယ်။

    ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ရုရှားရေယာဉ်ကို ကြားဖြတ် ဖမ်းဆီးခဲ့တဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးမှာ ဗြိတိန် လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း ပူးပေါင်း ကူညီပေးခဲ့ကြောင်း အတည်ပြု ကြေညာထားပါတယ်။

    ကိုးကား: Independent

  • ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ  ၂၀ ဦးခန့်ဖမ်းမိ

    ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ ၂၀ ဦးခန့်ဖမ်းမိ

    ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ ၂၀ ဦးခန့်ဖမ်းမိ

    ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ကနေဒီတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ အပါအဝင် သုံ့ပန်း ၂၀လောက် ဖမ်းမိပြီး လက်နက် အလက် ၃၀ ကျော် ရရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

    PDF ဇိုလဲန်းက အရင်ကတည်းက သိမ်းပိုက်ထားတဲ့ တီးတိန်မြို့နယ် ကနေဒီတောင် အပါအဝင် ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ စစ်ကောင်စီတပ်က ၂၀၂၅ အောက်တိုဘာလကုန်မှာ တီးတိန်မြို့ကို ရဟတ်ယာဉ်နဲ့ ၂၆ ကြိမ် စစ်အင်အားဖြည့်တင်းထိုးစစ်ဆင်လာလို့ ကနေဒီတောင် အပါအဝင် နေရာအချို့ကို ယာယီလက်လွှတ်ခဲ့ရပါတယ်။

    ၂၀၂၅ နိုဝင်ဘာ ၁၉ရက်မှာလည်း ချင်းညီနောင်တပ်ဖွဲ့က ကနေဒီတောင်ကို ပြန်သိမ်းပိုက်ခဲ့ပေမယ့် တပ်စွဲခြင်းမပြုတဲ့ အခြေအနေမှာ စစ်ကောင်စီက အင်အား ၆၀ ကျော်နဲ့ တပ်စွဲလာလို့ ဒီဇင်ဘာ ၂၆ရက်မှာ PDF ဇိုလဲန်းက ဦးဆောင်ပြီး ချင်းဒေသကာကွယ်ရေးတပ် CDF စီးယင်းနဲ့ အတူ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    အဲဒီစစ်ဆင်ရေး ၁၀ရက်ကြာမြင့်ခဲ့ပြီး ၂၀၂၆ ဇန်နဝါရီ ၄ရက်မှာ ကနေဒီတောင်ကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ်က ကိုဂိဒွန်က ပြောပါတယ်။

    ကနေဒီတောင်ကို စစ်ကောင်စီ ရဲ့ ခလရ(၈၇)နဲ့ ခလရ(၂၆၉) တပ်က ဗိုလ်မှူး ၂ဦး ဦးစီးတဲ့ စစ်အင်အား ၆၄ ဦး အထိုင်ချတပ်စွဲထားတာလို့ အသိပေးပါတယ်။

    “စစ်သုံ့ပန်းကတော့ ဗိုလ်မှူး အပါအဝင် ၂၀ လောက်ကို ဖမ်းဆီးရမိတယ်။ လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိတယ်ပေါ့။ နယ်မြေရှင်းလင်းရေး အသေးစိတ် မပြီးသေးတဲ့အခါကျတော့။ လက်နက်ငယ် အလက် ၃၀ ကျော် အဲဒီလောက်ရရှိတယ်”လို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ်က ပြောပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာ ၁၉ရက် ကနေဒီတောင်ကို နယ်မြေရှင်းလင်းစဉ်ကလည်း ခဲယမ်းအချို့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

    ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲမှာ PDF ဇိုလဲန်းနဲ့အတူ တိုက်ပွဲဝင်ခဲ့တာက ချင်းပြည်ကောင်စီ အဖွဲ့ဝင် CDF စီးယင်းတပ်ဖွဲ့ဖြစ်ပါတယ်။

    ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ တပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ချင်းပြည်မြောက်ပိုင်းထိုးစစ်ကို အတူပူးပေါင်းပြီး ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဖလမ်းမြို့နယ် တိုက်ပွဲတွေမှာဆိုရင်လည်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)နဲ့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်ဖွဲ့တွေ အတူလက်တွဲ တိုက်ခိုက်လျက်ရှိရာ ဖလမ်းမြို့နယ် ခွန်လီရွာတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သေဆုံးထိခိုက်များပြားလျက်ရှိပါတ်ယ။ ဇန်နဝါရီ ၅ရက်မှာ ခွန်လီရွာအနီး စစ်ကောင်စီတပ်နေရာအချို့ကို ချင်းပူးပေါင်းတပ်က ပြန်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေလည်း ရရှိခဲ့ပါတယ်။

    စစ်ကောင်စီဟာ ချင်းမြောက်ပိုင်းက ဆုံးရှုံးဒေသတွေ ပြန်ရဖို့ ၂၀၂၅ နှစ်လယ်ပိုင်းကတည်းက ကလေးဘက်ကနေ စစ်အင်အားအများအပြားနဲ့ မြေပြင်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး ချင်းပူးပေါင်းတပ်ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် ဇူလိုင်လမှာ တပ်လှန် ဆုတ်ခွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၅ အောက်တိုဘာ လကုန်မှာ မြေပြင်နဲ့ လေကြောင်းက စစ်အင်အား ထပ်မံ ဖြည့်တင်း ထိုးစစ်ဆင်နေလို့ တီးတိန်၊ ဖလမ်းနဲ့ ဆက်စပ်နယ်မြေဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

    (စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတချို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်မေးနေစဥ်။ ရုပ်သံ – Cin Pii/FB)

  • ပဲခူးအနောက်ခြမ်း မြို့နယ်လေးခုက စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တိုက်ခိုက်

    ပဲခူးအနောက်ခြမ်း မြို့နယ်လေးခုက စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တိုက်ခိုက်

    ပဲခူးအနောက်ခြမ်း မြို့နယ်လေးခုက စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တိုက်ခိုက်

    ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်လေးခုမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်နက်တိုက်ခိုက်လို့ တိုက်ပွဲပြင်းထန်နေပြီး မှော်ဘီနဲ့တောင်ငူလေတပ်က တိုက်လေယာဉ်တွေ ဆက်တိုက်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    သာယာဝတီခရိုင်ထဲက လက်ပံတန်း၊ ကြို့ပင်ကောက် ၊ မင်းလှမြို့နယ်နဲ့ နတ်တလင်းခရိုင်ထဲက နတ်တလင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဒီနေ့ (ဇန်နဝါရီလ ၇ ရက်) မနက်အစောပိုင်းမှာ ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပါတယ်။

    “တောင်ငူကနေ ခဏချင်း တစ်စီးပြီးတစ်စီး တက်နေတယ်။ တဝေါဝေါပဲ။ မင်းလှဘက်မှာ PDF တွေက စခ စခန်းတွေကိုချနေကြတယ်တဲ့”လို့ တောင်ငူမြို့ခံက ပြောပါတယ်။

    မှော်ဘီလေတပ်ကနေလည်း ဂျက်ဖိုက်တာတွေ မိနစ်ပိုင်းသာခြားပြီးတစ်စီးပြီးတစ်စီး တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    “မနက် ၄ နာရီ​​ကျော်လောက်ထဲက တောက်လျှောက်ကို ပစ်နေတာပါ။ PDF ဘက်က မင်းလှ တာကလေးကျေးရွာက တပ်စွဲထားတဲ့နေရာနဲ့ စစ်ကွင်းတာဆုံ တပ်စွဲထားတဲ့ နေရာ နှစ်ခုကိုလို့ ကြားပါတယ်။ နှစ်နေရာလုံးက ရန်ကုန်-ပြည်လမ်းဘေးက ရွာတွေဆိုတော့ ပြည်လမ်းကိုပါ လမ်းတွေပိတ်လိုက်တာပါ။ စစ်တပ်က အကျအဆုံးရှိတယ်လို့တော့ ကြားပေမယ့် ဘယ်သူမှထွက်မကြည့်ရဲကြဘူး။ မီးသတ်ကားနဲ့ လူနာတင်ကားအချို့ကိုတော့ သွားခွင့်ပေးထားတယ်။ စစ်ကွင်းတာဆုံက စခန်းက အကုန်မီးလောင်သွားပြီ။ စစ်သားတွေက အခု စစ်ကွင်းမြို့ထဲဘက်ကို ဆင်းလာပြီး တပ်စခန်းတစ်ခုထပ်လုပ်မယ် ကြားတယ်။ စစ်ကွင်းမြို့ထဲရော စျေးထဲမှာပါ ခုတမနက်လုံး လူမရှိကြဘူး။ လက်နက်ကြီးသံတွေကြောင့် အပြင်ကိုလည်း မထွက်ရဲကြတော့ဘူး။ တချို့ လူကြီးပိုင်းနဲ့ ကလေးအချို့လည်း သာယာဝတီနဲ့ အုတ်ဖိုဘက်ကို ရွေ့နေကြတယ်။ ကားလမ်းဘက်က ဝက်လှကြီးရွာဆိုရင်လည်း တော်တော်များများ ဆက်မနေရဲလို့ ရွေ့သွားကြပြီ” လို့ မင်းလှမြို့နယ် စစ်ကွင်းမြို့နေ ပြ​ည်သူတစ်ဦးက ပြောပါတယ်။

    လက်ပံတန်းနဲ့ မင်းလှမြို့နယ်အကြားမှာ ဒီကနေ့မနက်ပိုင်းစ စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် မင်းလှမြို့နယ်၊ကိုင်းပြင်ကြီးရွာနဲ့ လက်ပံတန်းမြို့အနယ်အကြား ရန်ကုန် – ပြည်လမ်းနဲ့ အုတ်ဖိုမြို့နယ်အကြားမှာ ယာဉ်အသွားအလာ ပိတ်ထားခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

    ဒါပေမယ့် နေ့လည် ၁၂ နာရီနောက်ပိုင်းမှာ လက်နက်ကြီး ပစ်ခတ်သံတွေရပ်နားသွားပြီး ရန်ကုန်-ပြည်လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    “အခုတော့ ပစ်ခတ်သံတွေလည်း ခဏနားသွားပြီ။ ကားလမ်းတွေလည်း ပြန်ဖွင့်ပေးထားတယ်။ တချို့လည်း ဆက်မသွားရဲလို့ ရန်ကုန်ဘက် ပြန်လှည့်သွားတာတွေလည်း ရှိတယ်။ ကားလမ်းတွေသာ ပိတ်ထားပေမယ့် ရထားလမ်းကတော့ မနက်ထဲက သွားနေတာ တွေ့ရတယ်” လို့ မင်းလှမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

    ပဲခူးတိုင်းအနောက်ခြမ်းက မြိုနယ်လေးခုမှာ ဖော်ဆောင်နေတဲ့တိုက်ပွဲနဲ့ပတ်သက်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

    လက်ရှိမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းထဲက စစ်ကောင်စီထိန်းချုပ် မြို့နယ်တချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ဆင်ရေးဖော်ဆောင်ပြီး တိုက်ခိုက်နေပါတယ်။