ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ ၂၀ ဦးခန့်ဖမ်းမိ

ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ကနေဒီတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ အပါအဝင် သုံ့ပန်း ၂၀လောက် ဖမ်းမိပြီး လက်နက် အလက် ၃၀ ကျော် ရရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

PDF ဇိုလဲန်းက အရင်ကတည်းက သိမ်းပိုက်ထားတဲ့ တီးတိန်မြို့နယ် ကနေဒီတောင် အပါအဝင် ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ စစ်ကောင်စီတပ်က ၂၀၂၅ အောက်တိုဘာလကုန်မှာ တီးတိန်မြို့ကို ရဟတ်ယာဉ်နဲ့ ၂၆ ကြိမ် စစ်အင်အားဖြည့်တင်းထိုးစစ်ဆင်လာလို့ ကနေဒီတောင် အပါအဝင် နေရာအချို့ကို ယာယီလက်လွှတ်ခဲ့ရပါတယ်။

၂၀၂၅ နိုဝင်ဘာ ၁၉ရက်မှာလည်း ချင်းညီနောင်တပ်ဖွဲ့က ကနေဒီတောင်ကို ပြန်သိမ်းပိုက်ခဲ့ပေမယ့် တပ်စွဲခြင်းမပြုတဲ့ အခြေအနေမှာ စစ်ကောင်စီက အင်အား ၆၀ ကျော်နဲ့ တပ်စွဲလာလို့ ဒီဇင်ဘာ ၂၆ရက်မှာ PDF ဇိုလဲန်းက ဦးဆောင်ပြီး ချင်းဒေသကာကွယ်ရေးတပ် CDF စီးယင်းနဲ့ အတူ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ဆင်ရေး ၁၀ရက်ကြာမြင့်ခဲ့ပြီး ၂၀၂၆ ဇန်နဝါရီ ၄ရက်မှာ ကနေဒီတောင်ကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ်က ကိုဂိဒွန်က ပြောပါတယ်။

ကနေဒီတောင်ကို စစ်ကောင်စီ ရဲ့ ခလရ(၈၇)နဲ့ ခလရ(၂၆၉) တပ်က ဗိုလ်မှူး ၂ဦး ဦးစီးတဲ့ စစ်အင်အား ၆၄ ဦး အထိုင်ချတပ်စွဲထားတာလို့ အသိပေးပါတယ်။

“စစ်သုံ့ပန်းကတော့ ဗိုလ်မှူး အပါအဝင် ၂၀ လောက်ကို ဖမ်းဆီးရမိတယ်။ လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိတယ်ပေါ့။ နယ်မြေရှင်းလင်းရေး အသေးစိတ် မပြီးသေးတဲ့အခါကျတော့။ လက်နက်ငယ် အလက် ၃၀ ကျော် အဲဒီလောက်ရရှိတယ်”လို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာ ၁၉ရက် ကနေဒီတောင်ကို နယ်မြေရှင်းလင်းစဉ်ကလည်း ခဲယမ်းအချို့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲမှာ PDF ဇိုလဲန်းနဲ့အတူ တိုက်ပွဲဝင်ခဲ့တာက ချင်းပြည်ကောင်စီ အဖွဲ့ဝင် CDF စီးယင်းတပ်ဖွဲ့ဖြစ်ပါတယ်။

ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ တပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ချင်းပြည်မြောက်ပိုင်းထိုးစစ်ကို အတူပူးပေါင်းပြီး ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဖလမ်းမြို့နယ် တိုက်ပွဲတွေမှာဆိုရင်လည်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)နဲ့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်ဖွဲ့တွေ အတူလက်တွဲ တိုက်ခိုက်လျက်ရှိရာ ဖလမ်းမြို့နယ် ခွန်လီရွာတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သေဆုံးထိခိုက်များပြားလျက်ရှိပါတ်ယ။ ဇန်နဝါရီ ၅ရက်မှာ ခွန်လီရွာအနီး စစ်ကောင်စီတပ်နေရာအချို့ကို ချင်းပူးပေါင်းတပ်က ပြန်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေလည်း ရရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ ချင်းမြောက်ပိုင်းက ဆုံးရှုံးဒေသတွေ ပြန်ရဖို့ ၂၀၂၅ နှစ်လယ်ပိုင်းကတည်းက ကလေးဘက်ကနေ စစ်အင်အားအများအပြားနဲ့ မြေပြင်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး ချင်းပူးပေါင်းတပ်ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် ဇူလိုင်လမှာ တပ်လှန် ဆုတ်ခွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၅ အောက်တိုဘာ လကုန်မှာ မြေပြင်နဲ့ လေကြောင်းက စစ်အင်အား ထပ်မံ ဖြည့်တင်း ထိုးစစ်ဆင်နေလို့ တီးတိန်၊ ဖလမ်းနဲ့ ဆက်စပ်နယ်မြေဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

(စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတချို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်မေးနေစဥ်။ ရုပ်သံ – Cin Pii/FB)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *