ပဲခူးအနောက်ခြမ်း မြို့နယ်လေးခုက စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တိုက်ခိုက်
ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်လေးခုမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်နက်တိုက်ခိုက်လို့ တိုက်ပွဲပြင်းထန်နေပြီး မှော်ဘီနဲ့တောင်ငူလေတပ်က တိုက်လေယာဉ်တွေ ဆက်တိုက်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သာယာဝတီခရိုင်ထဲက လက်ပံတန်း၊ ကြို့ပင်ကောက် ၊ မင်းလှမြို့နယ်နဲ့ နတ်တလင်းခရိုင်ထဲက နတ်တလင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဒီနေ့ (ဇန်နဝါရီလ ၇ ရက်) မနက်အစောပိုင်းမှာ ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပါတယ်။
“တောင်ငူကနေ ခဏချင်း တစ်စီးပြီးတစ်စီး တက်နေတယ်။ တဝေါဝေါပဲ။ မင်းလှဘက်မှာ PDF တွေက စခ စခန်းတွေကိုချနေကြတယ်တဲ့”လို့ တောင်ငူမြို့ခံက ပြောပါတယ်။
မှော်ဘီလေတပ်ကနေလည်း ဂျက်ဖိုက်တာတွေ မိနစ်ပိုင်းသာခြားပြီးတစ်စီးပြီးတစ်စီး တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက် ၄ နာရီကျော်လောက်ထဲက တောက်လျှောက်ကို ပစ်နေတာပါ။ PDF ဘက်က မင်းလှ တာကလေးကျေးရွာက တပ်စွဲထားတဲ့နေရာနဲ့ စစ်ကွင်းတာဆုံ တပ်စွဲထားတဲ့ နေရာ နှစ်ခုကိုလို့ ကြားပါတယ်။ နှစ်နေရာလုံးက ရန်ကုန်-ပြည်လမ်းဘေးက ရွာတွေဆိုတော့ ပြည်လမ်းကိုပါ လမ်းတွေပိတ်လိုက်တာပါ။ စစ်တပ်က အကျအဆုံးရှိတယ်လို့တော့ ကြားပေမယ့် ဘယ်သူမှထွက်မကြည့်ရဲကြဘူး။ မီးသတ်ကားနဲ့ လူနာတင်ကားအချို့ကိုတော့ သွားခွင့်ပေးထားတယ်။ စစ်ကွင်းတာဆုံက စခန်းက အကုန်မီးလောင်သွားပြီ။ စစ်သားတွေက အခု စစ်ကွင်းမြို့ထဲဘက်ကို ဆင်းလာပြီး တပ်စခန်းတစ်ခုထပ်လုပ်မယ် ကြားတယ်။ စစ်ကွင်းမြို့ထဲရော စျေးထဲမှာပါ ခုတမနက်လုံး လူမရှိကြဘူး။ လက်နက်ကြီးသံတွေကြောင့် အပြင်ကိုလည်း မထွက်ရဲကြတော့ဘူး။ တချို့ လူကြီးပိုင်းနဲ့ ကလေးအချို့လည်း သာယာဝတီနဲ့ အုတ်ဖိုဘက်ကို ရွေ့နေကြတယ်။ ကားလမ်းဘက်က ဝက်လှကြီးရွာဆိုရင်လည်း တော်တော်များများ ဆက်မနေရဲလို့ ရွေ့သွားကြပြီ” လို့ မင်းလှမြို့နယ် စစ်ကွင်းမြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။
လက်ပံတန်းနဲ့ မင်းလှမြို့နယ်အကြားမှာ ဒီကနေ့မနက်ပိုင်းစ စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် မင်းလှမြို့နယ်၊ကိုင်းပြင်ကြီးရွာနဲ့ လက်ပံတန်းမြို့အနယ်အကြား ရန်ကုန် – ပြည်လမ်းနဲ့ အုတ်ဖိုမြို့နယ်အကြားမှာ ယာဉ်အသွားအလာ ပိတ်ထားခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။
ဒါပေမယ့် နေ့လည် ၁၂ နာရီနောက်ပိုင်းမှာ လက်နက်ကြီး ပစ်ခတ်သံတွေရပ်နားသွားပြီး ရန်ကုန်-ပြည်လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အခုတော့ ပစ်ခတ်သံတွေလည်း ခဏနားသွားပြီ။ ကားလမ်းတွေလည်း ပြန်ဖွင့်ပေးထားတယ်။ တချို့လည်း ဆက်မသွားရဲလို့ ရန်ကုန်ဘက် ပြန်လှည့်သွားတာတွေလည်း ရှိတယ်။ ကားလမ်းတွေသာ ပိတ်ထားပေမယ့် ရထားလမ်းကတော့ မနက်ထဲက သွားနေတာ တွေ့ရတယ်” လို့ မင်းလှမြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းက မြိုနယ်လေးခုမှာ ဖော်ဆောင်နေတဲ့တိုက်ပွဲနဲ့ပတ်သက်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
လက်ရှိမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းထဲက စစ်ကောင်စီထိန်းချုပ် မြို့နယ်တချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ဆင်ရေးဖော်ဆောင်ပြီး တိုက်ခိုက်နေပါတယ်။


Leave a Reply