Category: News

  • မြန်မာပြည်က သရုပ်ဆောင်အကောင်းဆုံးစုံတွဲ

    မြန်မာပြည်က သရုပ်ဆောင်အကောင်းဆုံးစုံတွဲ

    လွန်ခဲ့တဲ့ ၁ နှစ်ခွဲ ကျော်ကျော်လောက်က ဖြစ်မယ်။

    အဲဒီအချိန်တုန်းက ကျတော်က အလုပ်ထဲမှာ သုံးဖို့အတွက် တက်စီလေး ၁ စီး စီစဥ်ထားတဲ့အချိန်ပေါ့။

    ကျတော်လည်း အဲဒီတက်စီလေးကို ကိုယ်တိုင်မောင်းပြီး မြောက်ဒဂုံဘက်ကနေ တောင်ဒဂုံဘက်က ချုပ်ရုံတွေဆီကို ကိစ္စ တစ်ခု နဲ့ ပြည်ထောင်စုလမ်းမကြီးအတိုင်း သွားနေတုန်း တံတားထိပ်ဆိုတဲ့ ဘတ်စ်ကားမှတ်တိုင်အကျော်လေး အရောက် လမ်းမှာ တံတားလေးတစ်ခု ရှိတယ်ဗျ။

    အဲဒီ တံတားလေး အကျော်မှာ မြို့ဦးဘုရားရှိတယ်။

    ဇာတ်လမ်းက အဲ့မှာ စတာ၊ ကျတော်က တံတားလေးကျော်ကျော်လေး မြို့ဦးဘုရားနဲ့တော့ နည်းနည်းလေးလှမ်းသေးတဲ့ ကားလမ်းဘေး တနေရာမှာ အခု ဓါတ်ပုံထဲ ပါတဲ့ အဖိုးရယ် အဖွားရယ် ကို တွေ့တယ်ပေါ့ဗျာ။

    ကျတော်လည်း သူတို့ကြည့်ရတာ အခြေနေ မဟန်တာနဲ့ ကား ကို ထိုးရပ်လိုက်ပြီး ကျတော် ဘာများ ကူညီနိုင်မလဲ ဆိုပြီးစပ်စုစုံစမ်းနေတုန်းရှိသေးတယ်။

    ကျတော့် ကားကို ကျော်ပြီး အိမ်စီးကား တစ်စီးထိုးရပ်လိုက်တယ်။ ပြီးတော့ အမျိုးသား နှစ်ဦး ဆင်းလာတယ်။

    ကျတော့်ဆီကို အရင်လာပြီး ဘာဖြစ်တာလဲ မေးတော့တာပေါ့။

    ကျတော်လည်း အကျိုးအကြောင်းပြောပြတော့မှ သူတို့နှစ်ဦးလည်း အဲ့ဒီ့လမ်းဘေးမှာ ထိုင်နေတဲ့ အဘိုးနှင့် အဖွားဆီသွားပြီး မေးကြစမ်းကြလုပ်ကြတော့တာပေါ့

    အဖိုးနှင့်အဖွားက သန်လျင်ကိုပြန်ရမှာဖြစ်ကြောင်း နေမကောင်းကြောင်း စသည်ဖြင့် ပြောပြနေကြတာပေါ့။

    သူတို့တွေ စကားပြောနေကြတဲ့ အချိန် ကျတော်လည်းဘေးမှာ ရှိနေတာပေါ့။

    စကားတွေ ဘာတွေ ပြောလို့ပြီးတော့ အိမ်စီးကားပေါ်ကနေ ပထမ ကျတော့်ကို ပြဿနာ ရှာမလို့ ဆင်းလာတဲ့ အမျိုးသားနှစ်ယောက်က ကားဆရာရေတဲ့ သူတို့ကို သန်လျင် လိုက်ပို့ပေးလိုက်ပါတဲ့။ တက်စီခ ဘယ်လောက်ပေးရမလဲတဲ့။

    ကျတော်လည်း အစထဲက ဘာများကူညီရမလဲ ဆိုပြီးကားရပ်ပြီး ကူညီမယ်လို့ စိတ်ကူးထားတာဖြစ်နေလို့ ကျတော်ပဲ လိုက်ပို့ပေးလိုက်ပါမယ်ပေါ့။

    အဲဒီအမျိုးသားနှစ်ဦးက အဲ့လိုတော့ မလုပ်ပါနဲ့ ကျတော်တို့ ကားဆီဖိုးလေး ဖြစ်ဖြစ် ပေးလိုက်ပါ့မယ်ဆိုပြီး ကျတော့်ကို တစ်သောင်းတန်နှစ်ရွက် (နှစ်သောင်း) အတင်းပေးသွားလေရဲ့

    အဲဒီအဖိုးနဲ့ အဖွားကိုလဲ တစ်သိန်း (ခန့်မှန်း)ထုတ်ပေးသွားပြီး အဖိုးနဲ့ အဖွား ဒီတက်စီ နဲ့ အိမ်ပြန်လိုက်နော်ဆိုပြီး သူတို့က ကျတော် နဲ့ စိတ်ချလက်ချ ထားခဲ့လေရဲ့။

    အဖိုးနဲ့ အဖွားလည်း ကျတော့်ကားပေါ်ကို တော်တော်လေး အားယူ အချိန်ယူ တက်ရတယ်ဗျ။

    ကျတော်လည်း နည်းနည်းပါးပါး ကူညီရတာပေါ့ဗျာ။ သူတို့နဲ့ ပါလာတဲ့ အထုပ်လေးတွေ ဘာတွေ ဝိုင်းတင်ပေါ့။

    ကျတော်လည်း ကားစက်တွေဘာတွေ နိုးပြီး စမောင်းမယ်လည်း လုပ်ရော သူတို့နှစ်ယောက်က ကားဆရာရေ ရှေ့မှာ မြို့ဦးစေတီရှိတယ် သိလားတဲ့

    ကျတော်လဲ သိတယ်ပေါ့။

    သိရင် အဲဒီကိုမောင်းတဲ့၊ မြို့ဦးဘုရားထဲကို ဝင်ခိုင်းလို့ ဝင်ပြီးတော့ ရပ်လိုက်တော့တဲ့၊ ကျတော်လဲ စိတ်ထဲ ထင်တာ မြို့ဦး ဘုရားဖူးချင်လို့လားပေါ့။

    ဒါနဲ့ ကျတော်လဲ စောင့်နေပေးပါမယ်ပေါ့။

    မဟုတ်ဘူးဗျ။

    သူတို့နှစ်ယောက် ထဲမှာမှ အဖွားက ချက်ချင်းကြီး နေကောင်းသွားတာဗျ။

    ကားတံခါးပိတ်ချလိုက်တာဆိုတာ ကားမှန်ကွဲသွားမလားတောင် ထင်ရတယ်။

    ကားပေါ်ကလည်း ဆင်းပြီးရော ခုနက ဟိုလူတွေ မင်းကို ကားခ ပေးသွားတဲ့ နှစ်သောင်းထဲက ငါတို့ကို တစ်သောင်းခွဲပေးခဲ့တဲ့ ပြီးရင် မင်းပြန်တော့တဲ့ ဆိုပြီး ဘိုးတော်က ဒေါသတကြီးပြောပါလေရော။

    ကျတော်ဆိုသည်မှာလည်း ဘယ်ရမလဲဗျ။

    တခါတည်း တစ်သောင်းတန် နှစ်ရွက်ပေးခဲ့လိုက်တာပေါ့။

    ငါးထောင်ပြန်အမ်းတာတောင် မစောင့်ခဲ့ဘူး။ ကြောက်လို့။

    နောက်ရက်တွေ အဲ့ဒီ့ မြောက်ဒဂုံ ပြည်ထောင်စုလမ်းမကြီး အားကစားကွင်းမှတ်တိုင်ကနေ မြို့ဦးစေတီ နားအထိ ကျန်းမာရေး မကောင်းကြတဲ့သူတို့ကို မကြာခဏ တွေ့ရနေရတယ်။

    အခုဒီစာကိုရေးတာက လူမှုကွန်ရက်ပေါ် က တချို့ ဆယ်လီတွေ ဘာတွေက သူတို့ကို လှူတာတို့ ဘာတို့ တွေ့တွေနေရလို့ အားလုံး သတိထားလို့ရအောင် ရေးတင်ရတာပါ။

  • မြန်မာနိုင်ငံတွင် ကျားဖြန့်  Online Scam အကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု တရုတ်က လက်မခံဟုဆို

    မြန်မာနိုင်ငံတွင် ကျားဖြန့် Online Scam အကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု တရုတ်က လက်မခံဟုဆို

    အမေရိကန်က ကျားဖြန့် တိုက်ဖျက်ရေး အရှိန်မြှင့်လာချိန် မြန်မာနိုင်ငံတွင် ကျားဖြန့် Online Scam အကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု တရုတ်က လက်မခံဟုဆို

    မြန်မာနိုင်ငံတွင် ကျားဖြန့် Online Scam ကိုအကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု တရုတ်က လက်မခံကြောင်း တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိက ပြောဆိုသည်။

    ယမန်နေ့ နေပြည်တော်တွင် စစ်တပ်ခန့် ပြည်ထဲရေးဝန်ကြီး ဆိုသူ ထွန်းထွန်းနောင်နှင့်တွေ့ဆုံစဉ် တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

    နှစ်နိုင်ငံ တွေ့ဆုံစဉ် Online Scam တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံ များအကြား ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ရေး၊ Online Scam ကိုအကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု လက်မခံရေး၊ အွန်လိုင်းလိမ် လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု များတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံအနေ ဖြင့် ထောက်ခံကြောင်း၊ ပါဝင်ပူးပေါင်းပြီး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

    မြန်မာ – တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရာဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသများရှိ အွန်လိုင်းလိမ်လည်မှု (Online Scams)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ တရုတ် နိုင်ငံသားများကို ရှာဖွေကူညီကယ်တင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်လွှဲပြောင်းပေးရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ မူဆယ်-တယ်ဟုန် ခရိုင်အဆင့် ရဲတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(မူကြမ်း)တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

    တရုတ်ကိုယ်စားလှယ်အဖွဲ့က မြဝတီဒေသရှိ Online Scam တိုက်ဖျက်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကွင်းဆင်းလေ့လာရန် ရှိနေကြောင်း သိရှိရသည်။

    ဒီဇင်ဘာလ ၄ ရက်နေ့ အမေရိကန် အောက်လွှတ်တော်တွင် အမေရိကန်နိုင်ငံသားအများအပြားကို ပစ်မှတ်ထား လိမ်လည်နေသော နိုင်ငံဖြတ်ကျော်ကျားဖြန့်ဂိုဏ်းများကို ဖြိုခွင်းနှိမ်နင်းရေး ဥပဒေကို အတည်ပြု လိုက်ခဲ့သင်္ည။

    အဆိုပါဥပဒေအရ H.R. 5490 – ကျားဖြန့် နိုင်ငံခြားသားလိမ်လည်မှုဂိုဏ်းများကို ဖြိုခွဲရေးဥပဒေ ကို အတည်ပြုလိုက်ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံသားများကို အစုလိုက်အပြုံလိုက် အွန်လိုင်းမှ လိမ်လည်မှုများ ကျူးလွန်နေသော နိုင်ငံဖြတ်ကျော် ကျားဖြန့် ရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲရေး ဥပဒေကို ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန်ပါတီ ၂ ရပ်စလုံးက ထောက်ခံခဲ့ကြခြင်းဖြစ်သည်။

  • ကူးပ်ယန့်စ်မြို့ထဲမှ ရုရှားတပ်ဖွဲ့များကို ပိတ်ဆို့ဖြတ်တောက်ထားပြီဟု ယူကရိန်းစစ်တပ်ပြော

    ကူးပ်ယန့်စ်မြို့ထဲမှ ရုရှားတပ်ဖွဲ့များကို ပိတ်ဆို့ဖြတ်တောက်ထားပြီဟု ယူကရိန်းစစ်တပ်ပြော

    ရုရှားက နိုဝင်ဘာလ ၂၁ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်ဟုဆိုသော ခါကိဗ်မြောက်ပိုင်းဒေသရှိ မြို့ငယ် ကူးပ်ယန့်စ်၏ နယ်မြေအစိတ်အပိုင်းများကို ယူကရိန်းက ပြန်လည်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ပြောသည်။

    သမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီးသည် သောကြာနေ့က ကူးပ်ယန့်စ်မြို့သို့ သွားရောက်ကာ ကာကွယ်ရေးတပ်များကို ချီးကျူးဂုဏ်ပြုခဲ့သည်။ ယူကရိန်းစစ်ဗိုလ်ချုပ်တဦးက မြို့တွင်းရှိ ရုရှားတပ်ဖွဲ့ဝင်များ လုံးဝပိတ်ဆို့ခံထားရပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

    “ဒီနေ့မှာတော့ မြို့ထဲက ရုရှားတွေကို ပိတ်ဆို့ဖြတ်တောက်လိုက်ပြီလို့ ပြောနိုင်ပါတယ်။ ဘာတွေဖြစ်နေလဲဆိုတာ အချိန်အတော်ကြာတဲ့အထိ သူတို့ မသိခဲ့ကြဘူး။ ဒါပေမဲ့ အခုတော့ သူတို့ အဝိုင်းခံထားရမှန်း သိသွားကြပြီ” ဟု Khartiia ပြည်စောင့်တပ်အကြီးအကဲ အီဟော အိုဘိုလီယန်စကီးက ပြောကြားခဲ့သည်။

    မြို့၏ မြောက်ပိုင်းဒေသများကို လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း တိုက်ခိုက်ရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ကူးပ်ယန့်စ်မြို့သည် “ရုရှားတပ်ဖွဲ့များလက်ထဲသို့ ရောက်ရှိနေပြီ” ဟု နိုဝင်ဘာလ ၄ ရက်နေ့က ပြောကြားခဲ့သည်။ “ကျွန်တော်တို့အဖွဲ့တွေက လူသူကင်းမဲ့တဲ့ ရပ်ကွက်တွေနဲ့ လမ်းတွေကို ရှင်းလင်းရေးလုပ်နေကြပါပြီ။ အဲဒီအချိန်ကတည်းက မြို့ရဲ့အနာဂတ်ကို သတ်မှတ်ပြီးသားပါ” ဟု ပူတင်က ပြောကြားခဲ့သည်။

    “ရုရှားရဲ့ လိမ်ညာမှုအတိုင်းအတာဟာ ရုရှားတပ်တွေ တကယ့်ချီတက်မှု အရှိန်ထက်ကို အများကြီး ပိုပါတယ်။ ယူကရိန်းကို တိုက်တဲ့ ဗျူဟာအစုံသုံးစစ်ပွဲမှာ ရန်သူတွေဟာ သတင်းအမှားတွေနဲ့ မြေပုံအတုတွေကို ထုတ်ပြန်ကြပါတယ်။” ဟု ယူကရိန်း စစ်ဦးစီးချုပ် အိုလက်ဆန္ဒား ဆာစကီးက တယ်လီဂရမ်တွင် ရေးသားခဲ့သည်။

    ရုရှားက အရှေ့ပိုင်းရှိ ပိုကရော့ဗ်စ်မြို့ကို လုံးဝသိမ်းပိုက်လိုက်ပြီဟု ပြောဆိုနေသော်လည်း ယူကရိန်းက ယခုအပတ်တွင် ထိုမြို့တွင် ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်သည်။

    “ပိုခရော့ဗ်စ်မြို့ ကာကွယ်ရေးကို ဆက်လက်လုပ်ဆောင်နေပြီး ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေဟာ မြို့ရဲ့ မြောက်ပိုင်းမှာ ၁၃ စတုရန်းကီလိုမီတာနီးပါး (စတုရန်းမိုင် ငါးမိုင်) ကို ထိန်းချုပ်ထားပါတယ်။ အလွန်ခက်ခဲတဲ့ အဆင့်ပါပဲ” ဟု ဆာစကီက အင်္ဂါနေ့က ပြောခဲ့သည်။

    ရုရှားက ပိုကရော့ဗ်စ်မြို့အပေါ် လုံးဝထိန်းချုပ်နိုင်ခဲ့ကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြောဆိုခဲ့သည်။

    ဆာစကီးက ယူကရိန်းတပ်များသည် ပိုကရော့ဗ်စ်မှ ဗျူဟာအရ ဆုတ်ခွာခဲ့သော်လည်း တကျော့ပြန် ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ။

    “ဆောင်းဦးရာသီ တချို့အချိန်မှာ စွမ်းရည်အကန့်အသတ်တွေကြောင့် ပိုကရော့ဗ်စ်မြို့မှာ ကျွန်တော်တို့တပ်တွေ မထားခဲ့တာပါ” ဟု ဆာစကီးက ဗုဒ္ဓဟူးနေ့တွင် ယူကရိန်းမီဒီယာများကို ပြောကြားခဲ့သည်။

    ယူကရိန်းတပ်ဖွဲ့များသည် မြို့၏အနောက်ဘက် ၅၄ စတုရန်းကီလိုမီတာ (၂၁ စတုရန်းမိုင်) ကို ထိန်းချုပ်ထားဆဲဟု ဆိုသည်။

    ယူကရိန်းတပ်ဖွဲ့များသည် ပိုကရော့ဗ်စ်၏ အရှေ့ဘက်ရှိ မင်နရက်ဒ်မြို့တွင်လည်း ရုရှား၏ထိုးစစ်များကိုလည်း ခုခံနေသည်ဟု ဆာစကီးက ပြောခဲ့သည်။

    မြို့နှစ်မြို့စလုံးသည် ရုရှားတပ်ဖွဲ့များ၏ ဝိုင်းရံခြင်းကို ခံနေရပြီး ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးလမ်းကြောင်းများသည် အနောက်ဘက်ရှိ လမ်းကျဉ်းမှသာ ဖြတ်သန်းသွားနေရသည်။

    ယူကရိန်းစစ်ဦးစီးချုပ်ရုံးက ၎င်းတို့၏တပ်များသည် ပိုကရော့ဗ်စ်နှင့် မင်နရက်ဒ်အပြင် မြို့နှစ်မြို့အနီးရှိ အစွန်အဖျားရွာများတွင် တိုက်ခိုက်မှုများကို ဆက်လက်ခုခံနေဆဲဖြစ်ကြောင်း ကြာသပတေးနေ့က ပြောသည်။

    လွန်ခဲ့သည့်လက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တင်ပြခဲ့သော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ယူကရိန်းလက်မှတ်ရေးထိုးစေရန် ဖိအားပေးစစ်ဆင်ရေး၏ တစိတ်တပိုင်းအဖြစ် ရုရှားက နယ်မြေများသိမ်းပိုက်ထားပြီဖြစ်ကြောင်း ပြောဆိုနေခြင်းဖြစ်သည်ဟု ဝါရှင်တန်အခြေစိုက် စစ်ပညာလေ့လာရေးဌာန (Institute for the Study of War – ISW) က ပြောကြားခဲ့သည်။

    ရုရှားက ပိုကရော့ဗ်စ်နှင့် ဒိုးနက်စ်ဒေသအရှေ့ပိုင်းရှိ “ခံတပ်ခါးပတ်” မြို့များအားလုံးကို ယူကရိန်း လက်လွှတ်ရန် တောင်းဆိုထားသည်။ ယူကရိန်းသည် ထိုဒေသကို ကာကွယ်ရန်အတွက် ပြီးခဲ့သည့်နှစ်က ဒေါ်လာ တဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားသည်။

    “ယူကရိန်းက အခိုင်အမာခံတပ်ဆောက်ထားသည့် ခံတပ်ခါးပတ်မြို့များအပါအဝင် ဒိုးနက်စ်ဒေသ၏ ကျန်ရှိနေသည့်နေရာများကို သိမ်းပိုက်မည့် ရုရှားစစ်ဆင်ရေးသည် အနည်းဆုံး နှစ်နှစ်မှ သုံးနှစ်ကြာမြင့်နိုင်ပြီး သိသာထင်ရှားသည့် စိန်ခေါ်မှုဖြစ်လာနိုင်ကြောင်းနှင့် ရုရှားအနေဖြင့် ဆက်ထိန်းရန် မတတ်နိုင်သည့် ခက်ခဲပြီး ကုန်ကျစရိတ်များသော တိုက်ပွဲများ ဖြစ်ပေါ်စေနိုင်သည်” ဟု ISW က ပြောသည်။

    ဇယ်လန်းစကီးက ယူကရိန်းသည် မူရင်းငြိမ်းချမ်းရေးအစီအစဉ်ပါ နယ်မြေတောင်းဆိုချက်များကို သဘောမတူသေးကြောင်းနှင့် အဆိုပါအဆိုပြုချက်ကို ဆက်လက်ဆွေးနွေးနေကြောင်း ပြောနေသော်လည်း လေ့လာသူအများအပြားက လမ်းဆုံးနေပြီဟု ယူဆထားကြသည်။

    “လက်ရှိ အမေရိကန် ဦးဆောင်တဲ့ ယူကရိန်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လေးနက်တယ်လို့ ကျွန်တော်မထင်ဘူး။ ထရမ့်က ကိစ္စကို အမြန်ဖြတ်ချင်တာ။ ပဋိပက္ခဖြစ်ရတဲ့ အကြောင်းရင်းတွေကို သိဖို့ သူစိတ်မဝင်စားဘူး။” ဟု အောက်စဖို့ဒ်သမိုင်းပညာရှင် တီမိုသီဂါတန်အက်ရှ်က Substack သတင်းလွှာတွင် ရေးသားခဲ့သည်။

    ပူတင်က ဒိုးနက်စ်ကို သိမ်းပိုက်ရန် အပါအဝင် ရုရှား၏ စစ်ပွဲရည်မှန်းချက်များ မပြောင်းလဲသေးကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့က ပြောကြားခဲ့သဖြင့် ရုရှားအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အလေးအနက်ထားခြင်း ရှိ၊ မရှိမှာ သံသယဖြစ်စရာ ဖြစ်သည်။

    ရုရှားက ကျေးရွာများနှင့် ကျေးလက်ဒေသများအား သိမ်းပိုက်မှုအကြောင်းများကို အများသိအောင် ကြေညာနေသော်လည်း လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း ရုရှား၏ စစ်ရေးလှုပ်ရှားမှုမှာ နှေးကွေးနေကြောင်း ကိန်းဂဏန်းများက ပြသနေသည်။

    ရုရှားသည် ပြီးခဲ့သည့်နှစ်က ယူကရိန်းပိုင်နက် ၀ ဒသမ ၆၉ ရာခိုင်နှုန်းနှင့် ညီမျှသော ၄,၁၆၈ စတုရန်းကီလိုမီတာ (၁,၆၀၉ စတုရန်းမိုင်) ကို သိမ်းပိုက်ခဲ့သည်။ ယခုနှစ်တွင်မူ ယူကရိန်း၏ ၀ ဒသမ ၇၇ ရာခိုင်နှုန်းခန့်ဖြစ်သည့် ၄,၆၆၉ စတုရန်းကီလိုမီတာ (၁,၈၀၂ စတုရန်းမိုင်) ကို သိမ်းပိုက်ခဲ့သည်ဟု ISW က ခန့်မှန်းသည်။ ထိုကာလအတွင်း ရုရှားသည် သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူ ၈၂၀,၀၀၀ ခန့် ရှိလောက်သည်။

    ရုရှား ဒုတိယဝန်ကြီးချုပ် ဒန်းနစ် မန်တူရော့ဗ်က ရုရှား၏ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်သား ၂ ဒသမ ၃ သန်းခန့် လိုအပ်နေကြောင်း ယခုအပတ်တွင် ပြောကြားခဲ့သည်။

    စစ်ပွဲ၏ ပထမသုံးနှစ်ကို အောင်မြင်စွာကျော်ဖြတ်ပြီးနောက် ၂၀၂၅ ခုနှစ်တွင် ရုရှားစီးပွားရေး နှေးကွေးသွားပြီး ဘဏ္ဍာရေး၊ ဗဟိုဘဏ်နှင့် စွမ်းအင်ကော်ပိုရေးရှင်းများတွင် ဘဏ္ဍာငွေပြန်လပ်ကာ ကာကွယ်ရေးအသုံးစရိတ်များကို လျှော့ချရမည့်အခြေအနေရှိသည်။

    ဥရောပသမဂ္ဂသည် ရုရှား၏ မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှု ယူရို ၂၁၀ ဘီလီယံ (ဒေါ်လာ၂၄၆ ဘီလီယံ) ကို သောကြာနေ့က အကန့်အသတ်မရှိ ထိန်းချုပ်လိုက်ကာ ထိုငွေများကို ယူကရိန်း စစ်ရေးအတွက် ရန်ပုံငွေအဖြစ် အသုံးပြုရန် ခြေလှမ်းတရပ်စတင်ခဲ့သည်။

    ယူကရိန်းတပ်ဖွဲ့ဝင်များသည် လက်နက်အင်အား နည်းသော်လည်း တိုက်ပွဲဝင်လိုစိတ် မပျောက်ဆုံးသေးကြောင်း ရုရှားတိုက်ခိုက်ရေးတပ်ခွဲမှ တပ်မှူး ဗလာဒီမီယာက ပြောသည်။

    “အခက်ခဲဆုံးကတော့ နှစ်ထပ်အဆောက်အအုံတွေကို ရှင်းတဲ့ နောက်ဆုံးတိုက်ပွဲပါပဲ။ ရန်သူက လက်မလျှော့ဘူး။ အညံ့ခံဖို့ ပြောတာကိုလည်း ငြင်းခဲ့တယ်။ သူတို့စခန်းကို မခွါဘူး။ သူတို့ အရေးနိမ့်ခဲ့တယ်။ တချို့က ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။ ထွက်ပြေးသွားတဲ့လူတွေကိုလည်း ကျွန်တော်တို့ လိုက်ရှင်းတယ်။” ဟု ရုရှားတပ်မှူးက ပြောသည်။

    Aljazeera မှ Russian forces ‘completely cut off’ from Kupiansk, says Ukrainian commander အား Brownie ဘာသာပြန်သည်။

  • ရခိုင်မြို့သုံးမြို့ကို စစ်တပ်က ဆင့်ကဲပေါက်ကွဲစေတဲ့ Cluster ဗုံးတွေကြဲ တိုက်ခိုက်နေဟု AAထုတ်ပြန်

    ရခိုင်မြို့သုံးမြို့ကို စစ်တပ်က ဆင့်ကဲပေါက်ကွဲစေတဲ့ Cluster ဗုံးတွေကြဲ တိုက်ခိုက်နေဟု AAထုတ်ပြန်

    လေကြောင်းရန် အထူးသတိထားဖို့ AA သတိပေး

    စစ်ကောင်စီဟာ ရခိုင်ပြည်နယ်က မြို့သုံးမြို့ကို ဒီကနေ့ညပိုင်းမှာ ဆင့်ကဲပေါက်ကွဲစေတဲ့ Cluster ဗုံးတွေအပါအဝင် ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

    ဒီကနေ့ ဒီဇင်ဘာ ၁၂ရက်ည ၉နာရီကစပြီး စစ်ကောင်စီဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောရွာ၊ ဝါဘိုရွာဝန်းကျင်၊ ပေါက်တောမြို့နယ်၊ သဲခုံရွာ ဝန်းကျင်နဲ့ မြောက်ဦးမြို့နယ်၊ရဲတပ်ရင်း (၃၁)ဝန်းကျင်နေရာတွေကို ဗုံးကြဲတိုက်ခိုက်နေတာလို့ AA က ထုတ်ပြန်ပါတယ်။

    စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေလို့ လေကြောင်းရန် အထူး သတိထားကြဖို့လည်း AA က သတိပေးတိုက်တွန်းထားပါတယ်။

    မြန်မာစစ်တပ်ဟာ နိုင်ငံတကာက အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ Cluster ဗုံးကို အသုံးပြုနေတဲ့အတွက် ဒီဗုံးအသုံးပြုမှုကို ချက်ချင်းရပ်တန့်ဖို့ Cluster ဗုံးနဲ့ လက်နက်တွေ တားဆီးပိတ်ပင်ရေး လှုပ်ရှားနေတဲ့ Cluster Munition Coalition (CMC)အဖွဲ့က ၂၀၂၃ မှာ တောင်းဆိုထားပါတယ်။

    မြန်မာစစ်တပ်ဟာ ဆင့်ကဲပေါက်ကွဲစေတဲ့ Cluster ဗုံးလက်နက်တွေကို ၂၀၂၁ ဖေဖော်ဝါရီမှာ အာဏာသိမ်းပြီးကတည်းက အကြိမ်ကြိမ် အသုံးပြုခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်လက နောက်ဆုံးအကြိမ် အသုံးပြုခဲ့တယ်လို့ CMC အဖွဲ့က ပြောပါတယ်။ဒီ Cluster ဗုံးကို မြန်မာစစ်တပ်က အသုံးပြုနေတဲ့အကြောင်း ဓါတ်ပုံသက်သေတွေအပြင် သတင်းအချက်အလက် တွေ CMC အဖွဲ့က ရထားတယ်လို့လည်း ဆိုပါတယ်။မြန်မာစစ်တပ်က အခုလို Cluster ဗုံး အသုံးပြုခဲ့တာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှုဖြစ်တယ်လို့လည်း ဒီအဖွဲ့က ပြောပါတယ်။

    Cluster ဗုံးတွေကို လေယာဉ်ပေါ်က ကြဲချလိုက်တဲ့အခါ ဒါမှမဟုတ် ဒုံးပျံ၊ လောင်ချာတွေကနေ ပစ်ခတ်လိုက်တဲ့အခါ လေထဲမှာတင် ရာနဲ့ချီနဲ့ ဗုံးသီးအသေးစားလေးတွေအဖြစ် ခွဲထွက်သွားပြီး၊ မြေပြင်ပေါ်က ကျယ်ပြန့်တဲ့ ဧရိယာတစ်ခုလုံးကို လွှမ်းခြုံပြီး ကျရောက်ပေါက်ကွဲစေမှာ ဖြစ်ပါတယ်။ မြေပြင်ပေါ် ကျရောက်ပြီးတဲ့နောက် မပေါက်ကွဲဘဲ ကျန်နေတဲ့ ဗုံးသီးတွေဟာ နောက်နှစ်ပေါင်းများစွာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

    အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ရက်ည ၉နာရီကျော်မှာ စစ်တပ်က မြောက်ဦးဆေးရုံကြီးကို ဗုံးကြဲခဲ့လို့ ကလေးငယ် အပါအဝင် ပြည်သူ ၃၃ဦးထက်မနည်းသေဆုံးကာ ၇၆ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်အပြီး ၂ရက်အကြာမှာ မြောက်ဦးမြို့ကိုထပ်မံတိုက်ခိုက်လာတာ ဖြစ်ပါတယ်။

    မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူတွေကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုအတွက် စစ်ကောင်စီ တာဝန်ခံရမှာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေ တရားမျှတမှုရရှိဖို့အတွက်လိုအပ်သလိုလက်တုန့်ပြန်သွားမယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

    မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုအတွက် စစ်ကောင်စီကို ကုလသမဂ္ဂက ရှုံ့ချထားသလိုအာဆီယံလွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်အရေးအဖွဲ့(APHR)ကလည်းအကြမ်းဖက်စစ်ရာဇဝတ်မှု ကျုးလွန်သူအဖြစ် ထုတ်ပြန်ထားပါတယ်။

    ဒါပေမယ့် စစ်ကောင်စီကဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကျောက်ဖြူမြို့ကို လေကြောင်းကနေတိုက်ခိုက်တာမှာ စစ်ဘေးရှောင် ၈ဦး သေဆုံးခဲ့သလို ဒီနေ့ညလည်း ရခိုင်ပြည်နယ်ကမြို့နယ်တွေကို ဆက်လက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

    (၂၀၂၂ ခုနှစ်မှာအာဏာသိမ်းစစ်တပ်ရဲ့ဂျက်ဖိုက်တာ တိုက်လေယာဉ်တစ်စီးကို ထိုင်းနယ်စပ်မှရိုက်ကူးထားစဉ်။ ဓာတ်ပုံ – AP)

  • ထရမ့်နှင့် ဖုန်းခေါ်စကားပြောလင့်ကစား ကမ္ဘောဒီးယားနှင့် အပစ်ရပ်မှု မရှိသေးဟု ထိုင်းဝန်ကြီးချုပ် ပြော

    ထရမ့်နှင့် ဖုန်းခေါ်စကားပြောလင့်ကစား ကမ္ဘောဒီးယားနှင့် အပစ်ရပ်မှု မရှိသေးဟု ထိုင်းဝန်ကြီးချုပ် ပြော

    ကမ္ဘောဒီးယားနှင့် အပစ်ရပ်စဲမှု မရှိသေးဘဲ တိုက်ခိုက်မှုတို့ ဆက်ရှိနေကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန် ဝီရာကူးလ်က ဒီဇင်ဘာ ၁၂ ရက်တွင် ပြောသည်။

    ထိုင်းဝန်ကြီးချုပ် အနုတင်က ၎င်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဖုန်းဆက်စကားပြောမှုနှင့်ပတ်သက်ပြီး မီဒီယာကို ရှင်းလင်းပြီးနောက် သတင်းထောက်တဦး၏ မေးမြန်းမှုကို တုံ့ပြန်ဖြေကြားခြင်းလည်း ဖြစ်သည်။

    ကမ္ဘောဒီးယားနှင့် ဖြစ်ပွားသည့် ပဋိပက္ခ၌ ထိုင်းသည် ရန်လိုကျူးကျော်သူ မဟုတ်ဘဲ မိမိတို့ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်သူကို ကာကွယ်ခြင်းသာ ဖြစ်သည်ဟု မိမိအနေဖြင့် ထရမ့်ကို ပြောခဲ့ကြောင်း မစ္စတာ အနုတင်က ပြောသည်။

    ထရမ့်က ၎င်းအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်းနှင့် ထိုင်းဘက်က စစ်ဆင်ရေးများ ရပ်တန့်ပြီး ယခင်သဘောတူထားသည့် အပစ်ရပ်စဲမှုဆီ ပြန်သွားစေချင်သည်ဟု မိမိကို ထရမ့်က ပြောကြောင်း အနုတင်က ဆိုသည်။

    ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ပြင်းထန်သည့် နယ်စပ် ပဋိပက္ခ တိုက်ပွဲက ငါးရက်မြောက်အဖြစ် ဆက်ဖြစ်သည်။ နှစ်နိုင်ငံသည် ၈၁၇ ကီလိုမီတာ ရှိ အငြင်းပွား နယ်စပ်မျဉ်းတလျောက် တည်နေရာအများအပြား၌ ရော့ကတ်များ၊ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေကြသည်။

    ယခု ပြန်လည်ဖြစ်ပွားသည့် ပဋိပက္ခတို့က ဒေါ်နယ်ထရမ့် ကြားဝင်စေ့စပ်ပေးခဲ့သည့် အပစ်ရပ်စဲမှုတရပ်ကို နှစ်နိုင်ငံ သဘောမတူခင် လူဒါဇင်ချီ သေဆုံးခဲ့သော ဇူလိုင်လက ငါးရက်ကြာ တိုက်ပွဲတခုနောက်ပိုင်း အပြင်းထန်ဆုံး ထိပ်တိုက်တွေ့မှုအနက်မှ တချို့ဖြစ်သည်။

    ယခုသီတင်းပတ် ပဋိပက္ခတို့ကြောင့် လူ ၂၀ ထက်မနည်း သေဆုံးပြီး ၂၆၀ ကျော် ဒဏ်ရာရထားကြောင်း နှစ်နိုင်ငံစလုံး၏ စာရင်းများအရ သိရသည်။ ပဋိပက္ခ ပြန်စခြင်းအတွက် နှစ်နိုင်ငံက တဖက်နှင့်တဖက် အပြန်အလှန် အပြစ်ပုံချထားသည်။

    (CNA မှ Thai PM Anutin says on ceasefire with Cambodia despite Trump call အား ကိုလူအေး ဘာသာပြန်သည်)