ကမ္ဘောဒီးယားနှင့် အပစ်ရပ်စဲမှု မရှိသေးဘဲ တိုက်ခိုက်မှုတို့ ဆက်ရှိနေကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန် ဝီရာကူးလ်က ဒီဇင်ဘာ ၁၂ ရက်တွင် ပြောသည်။

ထိုင်းဝန်ကြီးချုပ် အနုတင်က ၎င်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဖုန်းဆက်စကားပြောမှုနှင့်ပတ်သက်ပြီး မီဒီယာကို ရှင်းလင်းပြီးနောက် သတင်းထောက်တဦး၏ မေးမြန်းမှုကို တုံ့ပြန်ဖြေကြားခြင်းလည်း ဖြစ်သည်။

ကမ္ဘောဒီးယားနှင့် ဖြစ်ပွားသည့် ပဋိပက္ခ၌ ထိုင်းသည် ရန်လိုကျူးကျော်သူ မဟုတ်ဘဲ မိမိတို့ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်သူကို ကာကွယ်ခြင်းသာ ဖြစ်သည်ဟု မိမိအနေဖြင့် ထရမ့်ကို ပြောခဲ့ကြောင်း မစ္စတာ အနုတင်က ပြောသည်။

ထရမ့်က ၎င်းအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်းနှင့် ထိုင်းဘက်က စစ်ဆင်ရေးများ ရပ်တန့်ပြီး ယခင်သဘောတူထားသည့် အပစ်ရပ်စဲမှုဆီ ပြန်သွားစေချင်သည်ဟု မိမိကို ထရမ့်က ပြောကြောင်း အနုတင်က ဆိုသည်။

ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ပြင်းထန်သည့် နယ်စပ် ပဋိပက္ခ တိုက်ပွဲက ငါးရက်မြောက်အဖြစ် ဆက်ဖြစ်သည်။ နှစ်နိုင်ငံသည် ၈၁၇ ကီလိုမီတာ ရှိ အငြင်းပွား နယ်စပ်မျဉ်းတလျောက် တည်နေရာအများအပြား၌ ရော့ကတ်များ၊ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေကြသည်။

ယခု ပြန်လည်ဖြစ်ပွားသည့် ပဋိပက္ခတို့က ဒေါ်နယ်ထရမ့် ကြားဝင်စေ့စပ်ပေးခဲ့သည့် အပစ်ရပ်စဲမှုတရပ်ကို နှစ်နိုင်ငံ သဘောမတူခင် လူဒါဇင်ချီ သေဆုံးခဲ့သော ဇူလိုင်လက ငါးရက်ကြာ တိုက်ပွဲတခုနောက်ပိုင်း အပြင်းထန်ဆုံး ထိပ်တိုက်တွေ့မှုအနက်မှ တချို့ဖြစ်သည်။

ယခုသီတင်းပတ် ပဋိပက္ခတို့ကြောင့် လူ ၂၀ ထက်မနည်း သေဆုံးပြီး ၂၆၀ ကျော် ဒဏ်ရာရထားကြောင်း နှစ်နိုင်ငံစလုံး၏ စာရင်းများအရ သိရသည်။ ပဋိပက္ခ ပြန်စခြင်းအတွက် နှစ်နိုင်ငံက တဖက်နှင့်တဖက် အပြန်အလှန် အပြစ်ပုံချထားသည်။

(CNA မှ Thai PM Anutin says on ceasefire with Cambodia despite Trump call အား ကိုလူအေး ဘာသာပြန်သည်)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *