လွန်ခဲ့တဲ့ ၁ နှစ်ခွဲ ကျော်ကျော်လောက်က ဖြစ်မယ်။
အဲဒီအချိန်တုန်းက ကျတော်က အလုပ်ထဲမှာ သုံးဖို့အတွက် တက်စီလေး ၁ စီး စီစဥ်ထားတဲ့အချိန်ပေါ့။
ကျတော်လည်း အဲဒီတက်စီလေးကို ကိုယ်တိုင်မောင်းပြီး မြောက်ဒဂုံဘက်ကနေ တောင်ဒဂုံဘက်က ချုပ်ရုံတွေဆီကို ကိစ္စ တစ်ခု နဲ့ ပြည်ထောင်စုလမ်းမကြီးအတိုင်း သွားနေတုန်း တံတားထိပ်ဆိုတဲ့ ဘတ်စ်ကားမှတ်တိုင်အကျော်လေး အရောက် လမ်းမှာ တံတားလေးတစ်ခု ရှိတယ်ဗျ။
အဲဒီ တံတားလေး အကျော်မှာ မြို့ဦးဘုရားရှိတယ်။
ဇာတ်လမ်းက အဲ့မှာ စတာ၊ ကျတော်က တံတားလေးကျော်ကျော်လေး မြို့ဦးဘုရားနဲ့တော့ နည်းနည်းလေးလှမ်းသေးတဲ့ ကားလမ်းဘေး တနေရာမှာ အခု ဓါတ်ပုံထဲ ပါတဲ့ အဖိုးရယ် အဖွားရယ် ကို တွေ့တယ်ပေါ့ဗျာ။
ကျတော်လည်း သူတို့ကြည့်ရတာ အခြေနေ မဟန်တာနဲ့ ကား ကို ထိုးရပ်လိုက်ပြီး ကျတော် ဘာများ ကူညီနိုင်မလဲ ဆိုပြီးစပ်စုစုံစမ်းနေတုန်းရှိသေးတယ်။
ကျတော့် ကားကို ကျော်ပြီး အိမ်စီးကား တစ်စီးထိုးရပ်လိုက်တယ်။ ပြီးတော့ အမျိုးသား နှစ်ဦး ဆင်းလာတယ်။
ကျတော့်ဆီကို အရင်လာပြီး ဘာဖြစ်တာလဲ မေးတော့တာပေါ့။
ကျတော်လည်း အကျိုးအကြောင်းပြောပြတော့မှ သူတို့နှစ်ဦးလည်း အဲ့ဒီ့လမ်းဘေးမှာ ထိုင်နေတဲ့ အဘိုးနှင့် အဖွားဆီသွားပြီး မေးကြစမ်းကြလုပ်ကြတော့တာပေါ့
အဖိုးနှင့်အဖွားက သန်လျင်ကိုပြန်ရမှာဖြစ်ကြောင်း နေမကောင်းကြောင်း စသည်ဖြင့် ပြောပြနေကြတာပေါ့။
သူတို့တွေ စကားပြောနေကြတဲ့ အချိန် ကျတော်လည်းဘေးမှာ ရှိနေတာပေါ့။
စကားတွေ ဘာတွေ ပြောလို့ပြီးတော့ အိမ်စီးကားပေါ်ကနေ ပထမ ကျတော့်ကို ပြဿနာ ရှာမလို့ ဆင်းလာတဲ့ အမျိုးသားနှစ်ယောက်က ကားဆရာရေတဲ့ သူတို့ကို သန်လျင် လိုက်ပို့ပေးလိုက်ပါတဲ့။ တက်စီခ ဘယ်လောက်ပေးရမလဲတဲ့။
ကျတော်လည်း အစထဲက ဘာများကူညီရမလဲ ဆိုပြီးကားရပ်ပြီး ကူညီမယ်လို့ စိတ်ကူးထားတာဖြစ်နေလို့ ကျတော်ပဲ လိုက်ပို့ပေးလိုက်ပါမယ်ပေါ့။
အဲဒီအမျိုးသားနှစ်ဦးက အဲ့လိုတော့ မလုပ်ပါနဲ့ ကျတော်တို့ ကားဆီဖိုးလေး ဖြစ်ဖြစ် ပေးလိုက်ပါ့မယ်ဆိုပြီး ကျတော့်ကို တစ်သောင်းတန်နှစ်ရွက် (နှစ်သောင်း) အတင်းပေးသွားလေရဲ့
အဲဒီအဖိုးနဲ့ အဖွားကိုလဲ တစ်သိန်း (ခန့်မှန်း)ထုတ်ပေးသွားပြီး အဖိုးနဲ့ အဖွား ဒီတက်စီ နဲ့ အိမ်ပြန်လိုက်နော်ဆိုပြီး သူတို့က ကျတော် နဲ့ စိတ်ချလက်ချ ထားခဲ့လေရဲ့။
အဖိုးနဲ့ အဖွားလည်း ကျတော့်ကားပေါ်ကို တော်တော်လေး အားယူ အချိန်ယူ တက်ရတယ်ဗျ။
ကျတော်လည်း နည်းနည်းပါးပါး ကူညီရတာပေါ့ဗျာ။ သူတို့နဲ့ ပါလာတဲ့ အထုပ်လေးတွေ ဘာတွေ ဝိုင်းတင်ပေါ့။
ကျတော်လည်း ကားစက်တွေဘာတွေ နိုးပြီး စမောင်းမယ်လည်း လုပ်ရော သူတို့နှစ်ယောက်က ကားဆရာရေ ရှေ့မှာ မြို့ဦးစေတီရှိတယ် သိလားတဲ့
ကျတော်လဲ သိတယ်ပေါ့။
သိရင် အဲဒီကိုမောင်းတဲ့၊ မြို့ဦးဘုရားထဲကို ဝင်ခိုင်းလို့ ဝင်ပြီးတော့ ရပ်လိုက်တော့တဲ့၊ ကျတော်လဲ စိတ်ထဲ ထင်တာ မြို့ဦး ဘုရားဖူးချင်လို့လားပေါ့။
ဒါနဲ့ ကျတော်လဲ စောင့်နေပေးပါမယ်ပေါ့။
မဟုတ်ဘူးဗျ။
သူတို့နှစ်ယောက် ထဲမှာမှ အဖွားက ချက်ချင်းကြီး နေကောင်းသွားတာဗျ။
ကားတံခါးပိတ်ချလိုက်တာဆိုတာ ကားမှန်ကွဲသွားမလားတောင် ထင်ရတယ်။
ကားပေါ်ကလည်း ဆင်းပြီးရော ခုနက ဟိုလူတွေ မင်းကို ကားခ ပေးသွားတဲ့ နှစ်သောင်းထဲက ငါတို့ကို တစ်သောင်းခွဲပေးခဲ့တဲ့ ပြီးရင် မင်းပြန်တော့တဲ့ ဆိုပြီး ဘိုးတော်က ဒေါသတကြီးပြောပါလေရော။
ကျတော်ဆိုသည်မှာလည်း ဘယ်ရမလဲဗျ။
တခါတည်း တစ်သောင်းတန် နှစ်ရွက်ပေးခဲ့လိုက်တာပေါ့။
ငါးထောင်ပြန်အမ်းတာတောင် မစောင့်ခဲ့ဘူး။ ကြောက်လို့။
နောက်ရက်တွေ အဲ့ဒီ့ မြောက်ဒဂုံ ပြည်ထောင်စုလမ်းမကြီး အားကစားကွင်းမှတ်တိုင်ကနေ မြို့ဦးစေတီ နားအထိ ကျန်းမာရေး မကောင်းကြတဲ့သူတို့ကို မကြာခဏ တွေ့ရနေရတယ်။
အခုဒီစာကိုရေးတာက လူမှုကွန်ရက်ပေါ် က တချို့ ဆယ်လီတွေ ဘာတွေက သူတို့ကို လှူတာတို့ ဘာတို့ တွေ့တွေနေရလို့ အားလုံး သတိထားလို့ရအောင် ရေးတင်ရတာပါ။


Leave a Reply