Category: News

  • လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်ယူသုံးစွဲကြရန် စိုးဝင်း ညွှန်ကြား

    လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်ယူသုံးစွဲကြရန် စိုးဝင်း ညွှန်ကြား

    နေပြည်တော်စစ်ရုံးပင် ဆိုလာဓာတ်အားပေးစနစ်သုံးနေရပြီး လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်ယူသုံးစွဲကြရန် စိုးဝင်း ညွှန်ကြား

    ဆိုလာပြားနှင့်ဓာတ်အားထုတ်စက်များကို မင်းအောင်လှိုင်သားနှင့် ဗိုလ်ချုပ်အသိုင်းအ၀ိုင်းက တင်သွင်းချုပ်ကိုင်ထား

    နေပြည်တော်စစ်ရုံးပင် ဆိုလာဓာတ်အားပေးစနစ်သုံးနေရပြီး လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်ထုတ်ယူသုံးစွဲကြရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ညွှန်ကြားလိုက်သည်။

    ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းအစည်းအဝေးတွင် အကြမ်းဖက် စိုးဝင်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

    အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက လျှပ်စစ်ရရှိရေးအတွက် တင်ပြချက်များ ရရှိကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အသိပညာပေးလိုသည်မှာ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်း ၂၀ မဂ္ဂါဝပ်ရှိ ဆိုလာဓာတ်အားပေးစနစ်ကို လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စတင်တည်ဆောက် အသုံးပြုခဲ့ရာ လာမည့် ၁ နှစ်ခွဲအတွင်း အရင်းကျေကာလပြည့်မြောက်မည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ တိုင်း/ပြည်နယ်များရှိ စက်မှုဇုန် မြေလွတ်နေရာများနှင့် အခြားမြေလွတ်နေရာများတွင် ဆိုလာစနစ် ဖြင့် တစ်ပိုင်တစ်နိုင် လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်စေလိုကြောင်း စိုးဝင်းက ဆိုသည်။

    လက်ရရှိနေသော လျှပ်စစ်ဓာတ်အားမှာ တစ်နိုင်ငံလုံးသို့ ဖြန့်ဝေခြင်းဖြစ်သည့် အတွက် အချိုးအစားအလိုက်ဓာတ်အား ရရှိမည်ဖြစ်ပြီး လုပ်ငန်းရပ်များ အလိုက် ကိုယ်ပိုင် Solar စနစ်ဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါ လုပ်ငန်းများ ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း စိုးဝင်းက ပြောဆိုသည်။

    UMFCCI အဖွဲ့ဝင်ဖြစ်သော အသေးစားလုပ်ငန်းရှင်တစ်ဦးကမူ ဆိုလာစနစ်အ တွက် စိုက်ထုတ်ရသော အရင်းအနှီးမှာ လုပ်ငန်းစတင်တည်ထောင်သကဲ့သို့ပင် အရင်းအနှီး အလွန်ကြီးမားကြောင်း၊ ထို့ကြောင့် ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ်ယူ သုံးစွဲရန် စရိတ် မတတ်နိုင်ပါကြောင်း ပြောဆိုသည်။

    မြန်မာနိုင်ငံအတွင်းသို့ ဆိုလာပြားနှင့်ဓာတ်အားထုတ်စက်များကို မင်းအောင် လှိုင်သား အောင်ပြည့်စုံ နှင့်ဗိုလ်ချုပ် အသိုင်းအ၀ိုင်းက တင်သွင်းချုပ်ကိုင်ထားပြီး စျေးနှုန်းမှာလည်း လက်ဝါးကြီးအုပ်ထားသဖြင့် ၎င်းတို့သတ်မှတ်သော စျေးနှုန်းအတိုင်းသာ လုပ်ငန်းရှင်နှင့် ပြည်သူများက ဝယ်ယူရကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြော ဆိုသည်။

  • ထိုင်းနိုင်ငံက လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ပြီးနောက် BGF နှင့်  DKBA က  ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းတိုက်ဖျက်မည်ဟု ကြေညာ

    ထိုင်းနိုင်ငံက လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ပြီးနောက် BGF နှင့် DKBA က ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းတိုက်ဖျက်မည်ဟု ကြေညာ

    ထိုင်းနိုင်ငံက လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ပြီးနောက် BGF နှင့် DKBA က လူကုန်ကူးမှု တိုက်ဖျက်ပြီး မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ရာဇဝတ်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း နှိမ်နင်းမည်ဟု ကြေညာလာကြသည်။

    ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် – DKBA အနေဖြင့် နိုင်ငံတကာက တိုက်ဖျက်လျက်ရှိသည့် လူကုန်ကူးခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးလုပ်ငန်းများကို နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း DKBA တပ်မဟာ ၁ တပ်မမှူးက ပြော ကြားသည်။

    ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဗဟိုစစ်ဌာနချုပ်ရုံး (ဆုံဆည်းမြိုင်) ၌ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) ဝင်များ အစည်းအဝေးဖြင့် ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်း နှိမ်နှင်းရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

    ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် – DKBA အဖွဲ့အစည်းအနေဖြင့် လက်ရှိနိုင်ငံတကာမှ တိုက် ဖျက်လျက်ရှိသည့် လူကုန်ကူးခြင်း၊ လူလူချင်း ညှင်းပန်းနှိပ်စက်ခြင်းတို့ကို နိုင်ငံတကာနှင့်အတူ ပူး ပေါင်းတိုက်ဖျက်သွားမည်ဖြစ်ဖြစ်ပြီး မိမိတို့ထိန်းချုပ်နယ်မြေအတွင်း လူကုန်ကူးခံရသူများကို မြန်မာ နိုင်ငံသံရုံးနှင့်အတူ နိုင်ငံတကာ သံရုံးများမှ တောင်းခံလာပါက ရှာဖွေပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

    ထို့အပြင် ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး တားဆီးနှိမ်နှင်းသွားမည် ဖြစ်ပြီး ဒေသခံပြည်သူ လူထု စားဝတ်နေရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကို အကောင် အ ထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်က်ပြောဆိုသည်။

    “ရည်ရွယ်ချက်ကတော့ ထုတ်ပြန်ချက်ထားတဲ့အချက် ၄ ချက်ပေါ့၊ လူကုန်ကူးမှုနဲ့ ပတ်သက်တာ တော့လုံးဝ၊ လုံးဝ တိုက်ဖျက်သွားမှာပေါ့။ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ၊ အချက် ၄ ချက်အပေါ်မှာ ဆုံးဖြတ်ထားတာပေါ့၊ ပြောရရင် ထိုင်းကလည်း ကျနော်တို့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ကို ဆီတို့၊ မီးတို့အင်တာနက်တို့ အကုန်ဖြတ်ချတာကိုး၊ ဒါတွေကလည်း DKBA နယ်မြေထဲမှာလည်း တချို့ရှိ သလို လူမိုက်လူဆိုး တွေသန့်ရှင်းရေးလုပ်ဖို့အတွက် တပ်ဗိုလ်တပ်မှူးတွေ ပူးပေါင်း တိုက် ဖျက်သွားဖို့ ဆုံးဖြတ်ချက်ချတာပေါ့။” ဟု DKBA တပ်မဟာ ၁ တပ်မမှူးက ပြောကြားသည်။

    အလားတူ ကရင်ပြည်နယ်၊ နယ်စပ်ဒေသများတွင် တရားမဝင် ရာဇဝတ်မှုများကို အစိုးရ၊ နိုင်ငံတကာတို့နှင့် ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမည်ဟု စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF က ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ထုတ်ပြန် သည်။

    ကရင်ပြည်နယ် နယ်ခြားစောင့်တပ်အနေနှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများတွင် ဆောင်ရွက်ခဲ့သော နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုစီမံကိန်းများသည် ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် စတင်ဆောင်ရွက်ခဲ့သော အိမ်ရာ၊ ဟိုတယ်နှင့် အပန်းဖြေရိပ်သာ စီမံကိန်းများဖြစ်ပြီး ပါဝင် ရင်းနှီးမြှုပ်နှံသည့် အကျိုးတူလုပ်ငန်းရှင်အဖြစ်မဟုတ်ဘဲ မြေငှား ရမ်းသည့် မြေရှင်သာဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါအိမ်ရာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံသူများထံမှ ထပ်ဆင့်ငှားရမ်းသည့် လုပ်ငန်းရှင် အချို့သည် လိမ်လည်လှည့်ဖျားခြင်း၊ လူကုန်ကူးခြင်း စသည့်အလုပ်များကို လုပ်ကိုင်ကြသည့် အတွက် အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းလက်တွဲကာ တိုက်ဖျက်နှိမ်နှင်းလျက်ရှိကြောင်း၊ လူကုန်ကူးခြင်း၊ မသမာမှုပြုခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ကလေးလုပ်သားအသုံးပြုခြင်း၊ လိမ်လည် လှည့်ဖျားခြင်း၊ မူးယစ်ဆေးဝါးရောင်းချသုံးစွဲခြင်းတို့ကိုလည်း ဖော်ထုတ်အရေးယူ၍ မသမာလုပ်ငန်းများကို ပိတ်သိမ်းစေကာ သက်ဆိုင်ရာသို့ အပ်နှံအရေးယူလျက်ရှိကြောင်းသည်ဟု BGF က ဆိုသည်။

    လူကုန်ကူးခံရသည့်ဖြစ်စဉ်များတွင် ၂၀၂၃ ခုနှစ်မှ ယနေ့အထိ လူကုန်ကူးခံရသူပေါင်း ၂၀၀၀ ကျော်ကို သက်ဆိုင်ရာနိုင်ငံအလိုက် ဆက်သွယ်ကာ နေရပ်ပြန်ပို့ရန် ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

    ထိုင်းနိုင်ငံက ယမန်နေ့မှစတင်၍ မြ၀တီ၊ တာချီလိတ်နှင့် ဘုရားသုံးဆူမြို့များသို့ လျှပ်စစ်မီးဖြတ်တောက်ခြင်းနှင့် လောင်စာတင်ပို့မှုများကို စတင်ဖြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။

  • မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီလေကြောင်း အလွန်အကျွံသုံး တိုက်ခိုက်

    မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီလေကြောင်း အလွန်အကျွံသုံး တိုက်ခိုက်

    ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံအသုံးပြုနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက ပြောသည်။

    မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီ၏ ထိုးစစ်ရက်ပေါင်း ၆၀ကျော် အတွင်း ယမန်နေ့(ဖေဖော်ဝါရီ ၅ရက်)တွင် လေကြောင်းမှ တိုက်ခိုက်မှုအကြိမ်ရေအများဆုံးဟု ကရင်နီစစ် ဘက်သတင်းရင်းမြစ်အချို့​ကလည်း ဆိုသည်။

    “မိုးဗြဲမှာ မနေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်။ဒီနေ့ (ဖေဖော်ဝါရီ ၆ ရက်)အထိလည်း စစ်ရေးတင်းမာမှုတွေရှိနေတုန်းပဲ။စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကိုအဆမတန် အသုံးပြုတယ်။အကြိမ်ပေါင်းများစွာလုပ်ခဲ့တယ်”ဟု KNDF တာဝန်ရှိသူက ပြောသည်။

    ယမန်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတွင် Y 12၊ဂျက်ဖိုက်တာနှင့် ကင်းထောက်လေယာဥ်များစွာ အသုံးပြုခဲ့ကြောင်းလည်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်က အသိပေးသည်။

    “နေ့လည်ပိုင်းကတည်း​ လေယာဥ်နဲ့စကြဲတာ ည ၁၀ နာရီလောက်အထိ ရှိတယ်။အခု ဒီမနက်လည်း ကင်း ထောက်လေယာဥ်ဝဲနေသလို လက်နက်ကြီးနဲ့ ပစ်ခတ်တာ ရှိတယ်”ဟု ၎င်းက ပြောသည်။

    တိုက်ပွဲပြင်းထန်နေရသည့် စစ်ရေးအခြေအနေကိုမူ KNDF နှင့် ကရင်နီတပ်ပေါင်းစု ဘက်က အသိပေးခြင်းမရှိပေ။

    သို့သော် စစ်တပ်ဝါဒဖြန့်သူများကမူ “မိုးဗြဲမြို့ကို ကရင်နီတပ်ပေါင်းစု ၁၂၀၀ခန့် ပြင်းပြင်းထန်ထန် စတင်တိုက်ခိုက်နေပါပြီ။ KNDFထိုးစစ်စပြီ”ဟု ယမန်နေ့ နေ့လည်ပိုင်းကစ၍ ဖြန့်ဝေခဲ့သည်။

    စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော မိုးဗြဲမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ထိန်းချုပ်ထားနိုင်ဆဲဟု KNDF က ယခုလဆန်းပိုင်းတွင် ထုတ်ပြန်သည်။

    မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်တွင် စုဖွဲ့ရောက်ရှိနေသော စစ်ကောင်စီ၏ စစ်ကြောင်းအချို့မှာ မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် စစ်ကြောင်းထိုး၍ နေ့စဉ် ထိတွေ့မှုများရှိကြောင်း အသိပေးထားသည်။

    ထို့အပြင် ထိုးစစ်ဆင်နေသော စစ်ကြောင်းများ ဝင်မလာနိုင်စေရန်အတွက် ကာကွယ်ရေးတပ်ပေါင်းစုံမှ ကြိုးစားခုခံလျှက်ရှိကာ ကျွံထွက်လာသော စစ်ကောင်စီတပ်မျာအား ချေမှုန်းတိုက်ခိုက် မည်ဟု KNDF က ဆိုသည်။

    စစ်ရေးအခြေနေများကြောင့် မိုးဗြဲလမ်းမကြီးပေါ်တွင် အသွားအလာအသုံးပြုမူကို သတိပြုရန်အပါအဝင် သက်ဆိုင်ရာလုံခြုံရေးဂိတ်များနှင့် ပူးပေါင်းလုပ် ဆောင်ပေးရန်လည်း တိုက်တွန်းထားသည်။

    ၂၀၂၃ နှစ်ကုန်ပိုင်းကစ၍ မြို့စောင့်တပ် ခမရ (၄၂၂)မှအပ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်စွဲရာ ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း နှင့် စည်ကား၂ နှင့် စက်တော်ရာတောင်ကုန်း(ခ) ဗျူဟာကုန်းကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့သည်။

    ၂၀၂၃ နှစ်ကုန်ပိုင်းက မိုးဗြဲ မြို့စစ်ဆင်ရေး၌ ကရင်နီပူးပေါင်းတပ် ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်(ဓာတ်ပုံ KNDF တပ်ရင်း ၃)

  • ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား လူငယ်များကို စစ်မှုထမ်းရန်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးထား

    ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား လူငယ်များကို စစ်မှုထမ်းရန်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးထား

    ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား လူငယ်အမျိုးသား များကို စစ်မှု ထမ်း ရန်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးထားကြောင်း ဖမ်းဆီးခံရသည့် လူငယ်များ၏ မိဘဆွေမျိုးများက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၂ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ စည်ပင်အေးကျေးရွာနေ ဦးမင်းသောင် ၏ သားဖြစ်သူ မောင်ကျော်ဇင်သက်နှင့် ဦးဌေးလွင်၏ သားဖြစ်သူ မောင်ရဲမင်းအောင် အပါအဝင် လူ ၅ ဦးသည် ပရိုဘောက်ကား 9E/2970 ဖြင့် ပဲခူးမင်္ဂလာ ဆောင်မှ ပြန်လာခဲ့ကြောင်း၊ ထိုသို့ ပြန်လာစဉ် ရန်ကုန်-မန္တလေး အမြန်လမ်း၊ အုတ်တွင်းမြို့စစ် ဆေးရေးဂိတ်တွင် စစ်တပ်က အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံး ဝင်သည်ဟုဆိုကာ မောင်ကျော်ဇင်သက်နှင့် မောင်ရဲမင်းအောင်တို့ ၂ ဦးကို စစ်မှုထမ်းတပ်သား အဖြစ် စုဆောင်းဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

    “ပဲခူးမှာ မင်္ဂလာဆောင်သွားပြီး ပြန်လာတာ။ ကားနဲ့သွားတာ လူ ၅ ဦး။ မောင်လေး ကျော်ဇင်သက်နဲ့ ရဲမင်းအောင်က စစ်မှုထမ်းရမယ့် အသက်အရွယ်ထဲဝင်နေတဲ့ လူငယ်တွေ။ အဲဒါ ရန်ကုန်-မန္တလေးအမြန်လမ်း အုတ်တွင်းဂိတ်မှာ အဖမ်းခံရတာ။ မှတ်ပုံ တင်စစ်ပြီး အသက်မီတယ်ဆိုပြီး ဖမ်းထားလိုက်တာ။ အခု လိုက်မေးတာလည်း ဘာမှ မတုံ့ပြန်ဘူး။ ရဲစခန်းကိုမေးတော့လည်း သူတို့နဲ့မဆိုင်ဘူး တပ်က လုပ်တာလို့ ပြောတယ်။ ဘယ်မှာ ဖမ်းထားလို့ ဖမ်းထားမှန်းလဲမသိရသေးဘူး” ဟု ဖမ်းဆီးခံရသူ၏ ဆွေမျိုးတစ်ဦးက ပြောဆိုသည်။

    ယင်သို့ စစ်မှုထမ်းရန်ဟုဆိုကာ လမ်းတွင် ဖမ်းဆီးမှုအတွက် မောင်ကျော်ဇင်သက်နှင့် မောင်ရဲမင်းအောင်တို့၏ မိဘများက သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များထံသို့ တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အကြောင်းမထူးကြောင်း၊ ဖမ်းဆီးခံရသူ လူငယ် ၂ ဦးလုံးသည် ကျေးရွာတွင် မိဘနှင့်အတူ နေထိုင်ပြီး စိုက်ပျိုးရေး လုပ်ကိုင်ကြသူများဖြစ်ကြောင်း၊ ပြစ်မှု တစ်စုံ တစ်ရာ ကျူးလွန်ခြင်းမရှိကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယင်းကဲ့သို့ လူငယ်များကို စစ်မှုထမ်းရန် ခေါ်ဆောင် ဖမ်းဆီးမှုများ ဖြစ်ပေါ်လျက်ရှိရာ ဖေဖော်ဝါရီလဆန်းပိုင်း နေပြည်တော်အဝင် စစ်ဆေးရေးဂိတ်တွင် ပျက်စီးနေသော မှတ်ပုံတင်ကို အသစ်လဲလှယ်ခြင်းမပြုဘဲ ကိုင်ဆောင်သည်ဟုဆိုကာ ဆယ်ကျော်သက် လူငယ် ၁ ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးခဲ့သေးကြောင်း သိရှိရသည်။

    ဓာတ်ပုံ- စစ်တပ်က ကားလမ်းများတွင် စစ်ဆေးရေးဂိတ်များဖြင့် ဖမ်း​ဆီးမှုလုပ်ဆောင်နေစဉ်။

  • တော်လှန်ရေးပူး‌ပေါင်းတပ်များ၏ထိုးစစ် ပဲခူး အနောက်ခြမ်းရှိ ကပစစက်ရုံများ အနီးသို့ရောက်ရှိလာ

    တော်လှန်ရေးပူး‌ပေါင်းတပ်များ၏ထိုးစစ် ပဲခူး အနောက်ခြမ်းရှိ ကပစစက်ရုံများ အနီးသို့ရောက်ရှိလာ

    ခံစစ်စည်းများ အထပ်ထပ်ပြင်ဆင်ခုခံသော်လည်း တော်လှန်ရေးပူး‌ပေါင်းတပ်များ၏ထိုးစစ် ပဲခူး အနောက်ခြမ်းရှိ ကပစစက်ရုံများ အနီးသို့ရောက်ရှိလာ

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာ၌ အထူးခံစစ်ပြင်ထားသည့် စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။

    တောင်ကုတ်နှင့် ပဲခူးအစပ်ရှိ တောင်ပုံကြီးစခန်း AA လက်ထဲကျရောက်ပြီးနောက် စစ်ကောင်စီတပ်များ ပဲခူးတိုင်းအတွင်းရှိ မိုးထိဗျူဟာတွင် ခံစစ်ပြင် ခုခံခဲ့သော်လည်း မိုးထိဗျူဟာကိုပါ AA က သိမ်းပိုက်ခဲ့သည်။

    တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်မှာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်းရှိ ညောင်ကျိုးသို့ ရောက်ရှိလာပြီး စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ (ကပစ) များထံမှ အင်အားများကို တိုက်ပွဲဖြစ်နေသည့် ညောင်ကျိုးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

    “ခုတိုက်ပွဲတွေက ပန်းတောင်းမြို့နယ်ထဲကိုရောက်နေပြီလို့ပြောရမယ်။ ညောင်ကျိုး ပုဂံကွဲဆိုတာ ပန်းတောင်းထဲမှာပါ။ တိုက်ပွဲပြင်းထန်နေပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ညောင်ကျိုး တိုက်ခိုက်ခံနေရချိန်တွင် စစ်ကောင်စီက ကပစစက်ရုံများရှိသည့် ညောင်ခြေထောက် ကျေးရွာတွင်ပါ ခံစစ်အခိုင်အမာပြင်ဆင်နေကြောင်း သိရသည်။

    “ကပစစက်ရုံတွေက လက်ရှိမှာ ထုတ်လုပ်ဖို့ထက် ကာကွယ်ဖို့အဓိကဖြစ်နေတယ်။ တိုက်ပွဲဖြစ်နေတဲ့ ညောင် ကျိုးနဲ့ ကပစစက်ရုံရှိတဲ့ ညောင်ခြေထောက်နဲ့က လက်နက်ကြီးတစ်ကမ်းပဲကွာတော့တယ်။ AA ရဲ့ လက်နက်ကြီးပစ်စွမ်းရည်ကလည်း မသေးတော့ ညောင်ကျိုးကျသွားရင် ကပစစက်ရုံတွေအတွက် မလွယ်ဘူး”ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

    ညောင်ခြေထောက်ကျေးရွာတွင် ကပစ (၆) နှင့် အမှတ် (၁၀၆) ဒုံးတပ်ရင်းတို့တည်ရှိပြီး တိုက်ပွဲ ဖြစ်ပွားနေသည့် ညောင်ကျိုးနှင့် မိုင်အနည်းငယ်ခန့်သာကွာဝေးပြီး ကြားထဲတွင် မည်သည့်တပ်စခန်းမျှ မရှိကြောင်း သိရသည်။

    ညောင်ကျိုး ထိုးစစ်ဆင်တိုက်ခိုက်ခံနေရသည့် အတွက် စစ်ကောင်စီက ပုဂံကွဲကျေးရွာ စာသင်ကျောင်း မှနေ၍ လက်နက်ကြီးပစ်ကူများပေးနေပြီး ပြည်ဘက်မှနေ၍ အင်အားအများအပြားပို့‌ဆောင်လျက် ရှိကြောင်း သိရသည်။

    ညောင်ကျိုးတိုက်ပွဲတွင် ပို့လွှတ်ခံရသည့် အင်အားအများစုမှာ တောင်ပုံကြီးနှင့် မိုးထိတောင်မှ ထွက်ပြေး တပ်ဆုတ်လာသည့် ထုတ်နုတ်အင်အားများဖြစ်ပြီး ဥသျှစ်ပင်နှင့် ပြည်ဘက်မှ ခေါ်ယူလာသည့် တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

    ခံစစ်ပြင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သိမ်းပိုက်ခံလိုက်ရသော တပ်စခန်းနှစ်ခုမှထွက်ပြေး ဆုတ်ခွာလာသည့် အင်အားများဖြစ်သည့်အတွက် ညောင်ကျိုးတွင် နေ့စဉ်စခန်းစွန့်ခွာ ထွက်ပြေးမှု များရှိနေပြီး ပြန်လည်ဖမ်းမိသူများကို အပြစ်ပေး အချုပ်ချထားကြောင်း သိရသည်။

    တိုက်ပွဲမှာ ပန်းတောင်းမြို့နယ်အတွင်းသို့ ရောက်ရှိလာပြီဖြစ်ပြီး ကပစ (၃) ၊ ကပစ (၉) နှင့် ကပစ (၅) တို့တည်ရှိသည့်အတွက် စစ်ကောင်စီက ညောင်ကျိုးမကျစေရေး အပြင်းအထန်ခုခံနေရကြောင်း သိရသည်။

    ပန်းတောင်းရှိ စစ်လက်နက်ပစ္စည်းထုတ်စက်ရုံများမှာ ပေါင် ၅၀၀ ဗုံး၊ မီးလောင်ဗုံး၊ လက်နက်ကြီး ကျည်ဆံများနှင့် လက်ပစ်ဗုံးများကို အဓိကထုတ်လုပ်ပေးနေပြီး ညောင်ကျိုးကျသွားပါက ကပစ စက်ရုံများကို အလွယ်တကူဝင်ရောက် တိုက်ခိုက်ယူနိုင်သည့် အခြေအနေဖြစ်သည့်အတွက် စစ်ကောင်စီ က အဆိုပါ ကပစ စက်ရုံများတွင်ပါ စစ်အင်အားတိုးချဲ့ထားကြောင်း သိရသည်။