Category: News

  • မိတ္တီလာတွင် အုပ်ချုပ်ရေးမှူးအသစ် ဇော်မင်းဦး ပစ်သတ်ခံရပြီးနောက် ပြည်သူ ၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီး

    မိတ္တီလာတွင် အုပ်ချုပ်ရေးမှူးအသစ် ဇော်မင်းဦး ပစ်သတ်ခံရပြီးနောက် ပြည်သူ ၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီး

    မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ တွင် အုပ်ချုပ်ရေးမှူးအသစ် ဇော်မင်းဦး ပစ်သတ်ခံရပြီးနောက် ပြည်သူ ၅၀ ကျော်ကို စစ်တပ်က ဖမ်းဆီးထားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်း မိတ္ထီလာမြို့တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော စည်းခုံကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်မင်းဦး ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ၊ ပခုက္ကူတိုက်တန်း ရမ်းကြီး လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၊ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ဇော်မင်းဦးသည် အကြမ်းဖက် စစ်တပ် သတင်းပေးဖြစ်ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၍ စစ်မှုထမ်းရန် အတင်း အဓမ္မ ခိုင်းစေနေသူဖြစ်ကြောင်း၊ စစ်တပ် အလိုကျ စေခိုင်းမှုများတွင် ပါ၀င်နေသောကြောင့် ရာအိမ်မှူး အဆင့်မှ အုပ်ချုပ်ရေးမှူးသို့ အဆင့်သို့ တိုးမြှင့် တာ၀န်ထမ်းဆောင်နေသည်မှာ ၂ ရက်ခန့်သာရှိသေးကြောင်း သိရှိရသည်။

    “သေသွားတဲ့အုပ်ကြီးက ငွေလည်းချမ်းသာတယ်။ စစ်ဘောကို ကြိုက်လို့ မတဲ့သူပေါ့။ အဲဒါက အခု သူသေဆုံးမှုနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ လူငယ်တွေကို လျှောက်ဖမ်းနေတာ။ အဖမ်းခံရာ ၅၀ ကျော်လောက်လောက်ရှိတယ်။ အကုန်ဆက်ဖမ်းနေတာ” ဟု ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

    ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တချို့ကမူ အုပ်ချုပ်ရေးမှူး ဇော်မင်းဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့သော ရဲဘော်များမှာ လွတ် ကင်းကြောင်း၊ စစ်တပ်က ပြည်သူများကို အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

    သေဆုံးသူ အုပ်ချုပ်ရေးမှူး ဇော်မင်းဦးသည် စက်သုံးဆီရောင်းဝယ်ရေးလုပ် ကိုင် သူဖြစ်ပြီး စစ်တပ်၊ ရဲများနှင့် တပူးပူး တတွဲတွဲ ပူးပေါင်းသွားလာနေသူဖြစ် ကြောင်း၊ သေဆုံးချိန်တွင် ဇော်မင်းဦးမှာ အသက် ၅၂ နှစ်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

  • ရန်သူ့ အပေါ် မထောက်မညှာတမ်း တိုက်ခိုက်ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလ ညွှန်ကြား

    ရန်သူ့ အပေါ် မထောက်မညှာတမ်း တိုက်ခိုက်ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလ ညွှန်ကြား

    စစ်အာဏာရှင်များကို တိုက်ခိုက်နေရာတွင် ရန်သူ့ အပေါ် မထောက်မညှာတမ်း တိုက်ခိုက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ညွှန်ကြားလိုက်သည်။

    ယမန်နေ့ နံနက် ၁၀ နာရီအချိန် ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

    ရန်သူအပေါ် မညှာတမ်းတိုက်ခိုက်ရမည်ဖြစ်ပြီး ပြည်သူများအပေါ်တွင် အဖြောင့်မတ်ဆုံးရိုးသားရမည်ဖြစ်ကြောင်း၊ ယင်းမှာ တော်လှန်ရေး၏ ကျင့်ဝတ်ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။

    “ကျနော်တို့ဟာ ရန်သူ့ အပေါ်မှာ မထောက်မညှာတမ်း တိုက်ခိုက်ပြီး၊ ပြည်သူ့အပေါ်မှာတော့ အဖြောင့်မတ်ဆုံး ရိုးသားနိုင်ဖို့ လိုပါတယ်။ ဒါဟာ တော်လှန်ရေးကျင့်ဝတ်ဖြစ်သလို၊ ကျွန်တော်တို့ ခံယူရမယ့် သဘောထားလို့လည်း ထင်ပါသည်။ ကျွန်တော်တို့ အစိုးရအပေါ် ဝေဖန်လာတဲ့ဝေဖန်ချက်တွေကို အလုပ်နဲ့ သက်သေပြပြီး ပြန်လည် ချေပနိုင်စွမ်း ရှိရမယ်လို့ ပြောချင်ပါတယ် ”ဟု ယာယီသမ္မတ ဒူဝါလရှီးလက က ပြောဆိုသည်။

    ထို့ပြင် မြန်မာနိုင်ငံ ပြည်တွင်းရေး ပဋိပက္ခ အခြေအနေမှာ ဒေသတွင်း အင်အားကြီး နိုင်ငံများ၏ ပါဝင်ပတ်သက်မှုကြောင့် သက်ဆိုးရှည်စေရန် ပံ့ပိုးမှုဖြစ်နေကြောင်း၊ NUG အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် မဟာဗျူဟာမြောက်ချည်းကပ်ဆက်ဆံနိုင်ရေး အဖြေရှာရန် လိုအပ်နေကြောင်း ယာယီ သမ္မတက ပြောဆိုသည်။

    “ ကျနော်တို့ နိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ပထဝီနိုင်ငံရေးအားပြိုင်မှု တွေကြားထဲမှာပြည်တွင်းနိုင်ငံရေးကို ရုန်းထ နေရတဲ့ အခြေအနေမှာ ရှိပါသည်။အထူးသဖြင့် ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုတွေဟာ ပြည်တွင်းရေးအခြေအနေတွေကို ပဋိပက္ခသက်ဆိုး ရှည်အောင် အပံ့အပိုးဖြစ်နေတာတွေ တွေ့ရပါသည်။ကျွန်တော်တို့အနေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ လက်တွေ့နိုင်ငံရေးအခင်းအကျင်းကို လက်တွေ့ကျကျ ရှုမြင်ပြီးတော့ အလှည့်အပြောင်းဖြစ်လာတဲ့ နိုင်ငံရေးအတိမ်းအညွှတ်တွေမှာ လူထုအတွက် ဘယ်လို အကောင်း ဖြစ်အောင် လုပ်ကြမလဲဆိုတာကြိုတင် စဉ်းစားထားကြဖို့ လိုပါသည်။ ကျွန်တော်တို့အနေနဲ့လက်ရှိ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် အိန္ဒိယနိုင်ငံတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမဟာဗျူဟာမြောက်ချည်းကပ်မှုတွေ ထပ်တိုးလုပ်ဆောင်မလဲဆိုတာ လေးလေးနက်နက် အဖြေရှာကြဖို့ ဖြစ်ပါတယ်။ ” ဟု ၎င်းက ပြောဆိုသည်။

    အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်များက ယခုလပိုင်းအတွင်း ပဲခူးနှင့်ရန်ကုန်ဒေသများကို စိုးမိုးနိုင်ရေးအတွက် တပ်များ စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်ထားသည်။

  • ရွှေဘိုက ပျူစောထီးစခန်း ၃ ခု ဒရုန်းဗုံးချတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံး

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ပျူစောထီးကင်းစခန်း ၃ ခု ဒရုန်းဗုံးချတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရတယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ PDF အဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။

    ဖေဖော်ဝါရီ ၂၄ ရက် မနေ့ နေ့လယ် ၁ နာရီခန့်မှာ ခွန်တောင်ကြီးရွာနဲ့ ခွန်တောင်ကြီး-ညောင်ကန်ရွာလမ်းပေါ်ရှိ ပျူစောထီးအဖွဲ့တွေရဲ့ ကင်းစခန်းနေရာနေရာ ၃ ခုကို ဒရုန်းနဲ့ဗုံးသီး ၁၈ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    ” ညောင်ကန်ဘက်ကို ဝင်လာတာမို့လို့ ဒီဘက်နေပြီးတော့ သူတို့ရွာကင်းတွေပြန်ဆုတ်သွားတဲ့အချိန်မှာ ဒရုန်းတွေနဲ့ဗုံးချတာ”လို့ တိုက်ခိုက်မှုအတွင်းပါဝင်တဲ့ ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    ဒရုန်းဗုံးချတိုက်ခိုက်မှုမှာ ခွန်တောင်ကြီးရွာပျူစောထီးစခန်းက ပျူစောထီး ၁ ဦးသေဆုံးပြီး တိုက်ခိုက်ခံရတဲ့ ပျူစောထီးစခန်း ၃ ခုက ဒဏ်ရာရရှိသူ ပျူစောထီး ၈ ဦးရှိတယ်လို့ ၎င်းက ဆိုပါတယ်။

    ခွန်တောင်ကြီးကျေးရွာက ပျူစောထီးအားကောင်းတဲ့ကျေးရွာဖြစ်ပြီး လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင် ၅၀ ခန့်ရှိသလို စစ်ကောင်စီအင်အားလည်း ၂၀ ခန့်ရှိတယ်လို့ သိရပါတယ်။

    ဖေဖော်ဝါရီ ၁၉ ရက်က ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာက ပျူစောထီးခေါင်းဆောင် အောင်ကျော်ရဲ့ညီမဖြစ်သူ ဦးဆောင်ပြုလုပ်နေတဲ့ ရှင်ပြုအလှူ ဒရုန်းဗုံးချခံရလို့ ကလေး ၁ ဦးသေ ဆုံးပြီး အများအပြားဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

    ပုံစာ – ကန့်ဘလူမြို့နယ်မှပြည်သူ့စစ်တပ်ဖွဲ့ဝင်များ(ပုံဟောင်း)။

  • ဧည့်စာရင်းစစ်မည်ဟုဆိုကာ အမျိုးသမီး ၂ ဦးကို ခေါ်ဆောင် မုဒိမ်းကျင့်

    ဧည့်စာရင်းစစ်မည်ဟုဆိုကာ အမျိုးသမီး ၂ ဦးကို ခေါ်ဆောင် မုဒိမ်းကျင့်

    ကော့သောင်း၊ ပုလုံးတုံတုံးရွာတွင် အုပ်ချုပ်ရေးမှူး ထွန်းထွန်း၊ နယ်ထိန်းရဲ၊ မီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် စစ်ဆေးရေးအဖွဲ့ဝင် ၆ ဦးက ဧည့်စာရင်းစစ်မည်ဟုဆိုကာ အမျိုးသမီး ၂ ဦးကို ခေါ်ဆောင် မုဒိမ်းကျင့်၊ ရဲစခန်းက အမှုလက်မခံဘဲ အမျိုးသမီး ၂ ဦးကို ပြန်လည် ခြိမ်းခြောက်

    တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးရွာမှ အိမ်ထောင်သည် အမျိုးသမီး ၂ ဦးကို အုပ်ချုပ်ရေးမှူး ထွန်းထွန်း ဦးဆောင်သော အဖွဲ့က ဧည့်စာရင်း ဝင်ရောက် စစ်ဆေးမည်ဟု အကြောင်းပြ၍ မုဒိမ်းပြုကျင့်ခဲ့ကြောင်း ပြုကျင့်ခံရသော အမျိုးသမီး ၂ ဦး၏ ဆွေမျိုးနှင့်မိတ်ဆွေများက ပြောဆိုသည်။

    ပုလုံးတုံတုံးရွာ ပသျှူးပိုင်းဘက်ရှိ ၃ မိုင်တွင် အိမ်ခန်းငှားနေသော အိမ်ထောင်သည် အမျိုးသမီး ၂ ဦး၏ အမျိုးသားများ ငါးဖမ်းထွက်နေစဉ် အုပ်ချုပ်ရေးမှူး ထွန်းထွန်း ဦးဆောင်သော အဖွဲ့က ဧည့်စာရင်း ဝင်ရောက် စစ်ဆေးခဲ့ပြီး ဧည့်စာရင်း တိုင်ကြားထားခြင်းမရှိဟုဆိုကာ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

    ထိုသို့ ဖမ်းဆီးသွားပြီးနောက် အိမ်ထောင်သည် အမျိုးသမီး ၂ ဦးကို ပုလုံးတုံတုံးကမ်းခြေ ရွှေကျွန်းသာဘက်ကို ခေါ်ဆောင်သွားပြီး အုပ်ချုပ်ရေးမှူး ထွန်းထွန်း၊ အုပ်ချုပ်ရေးမှူး တပည့်ဖြစ်သူ မီးလောင်၊ မီးသတ်တပ်ဖွဲ့ဝင် စိုးနိုင်၊ နယ်ထိန်း ပြည့်ဖြိုးအောင်၊ ၃မိုင်စာရေး ဟင်သူဖြိုးနှင့် အမည်မသိသူ ၁ ဦးက တစ်လှည့်စီ မုဒိမ်းပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ မုဒိမ်းပြုကျင့်ပြီးနောက် အမျိုးသမီး ၂ ဦးကို ၎င်းတို့ နေထိုင်သော အခန်းသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကာယကံရှင်များက ကော့သောင်း ရဲစခန်းတွင် သွားရောက်အမှုဖွင့် တိုင်ကြားခဲ့ရာတွင် ရဲများက အုပ်ချုပ်ရေးမှူး ထွန်းထွန်းကို စခန်းသို့ ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ သို့ရာတွင် ယင်းသို့ ပြုကျင့်မှုမှာ အမျိုးသမီးများက အခငွေကြေးယူ ပြည့်တန်ဆာလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဖြေကြား၍ တိုင်ကြားသူ အမျိုးသမီးများကို ပြန်လည် အရေးယူမည်ဟု ခြိမ်းခြောက်လာကြောင်း သိရှိရသည်။

    ထိုသို့ တိုင်ကြားခံရခြင်းကြောင့် အုပ်ချုပ်ရေးမှူး ထွန်းထွန်းက ကျေးရွာအတွင်းရှိ ပြည်သူများကို အစည်းအဝေးခေါ်၍ ခြိမ်းခြောက်ခဲ့ကြောင်း ၊ မုဒိမ်းပြုကျင့်ခံရသော အမျိုးသမီး ၂ ဦးကိုလည်း အုပ်ချုပ်ရေးမှူး ထွန်းထွန်းက ခြိမ်းခြောက်ခဲ့သဖြင့် ရဲများက လာရောက် စစ်ဆေးစဉ်တွင် အုပ်ချုပ်ရေးမှူး ထွန်းထွန်းပြောဆိုခိုင်းသည့်အတိုင်း အခကြေးငွေ ယူဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့ရကြောင်း သိရှိရသည်။

    “အုပ်ချုပ်ရေးမှူး ထွန်းထွန်း ဦးဆောင်တဲ့ အဖွဲ့က ရွာထဲမှာဧည့်စာရင်းလိုက်စစ်ပြီး ပုလုံးတုံတုံးရွာ ပသျှူးပိုင်းဘက်ရှိတဲ့ ၃မိုင်က အိမ်ခန်းငှားနေတဲ့ လင်မယား ၂ တွဲအခန်းကိုပါ သွားစစ်တာ သူတို့အမျိုးသားတွေက ငါးဖမ်းလှေ ထွက်နေတဲ့ အချိန်ဆိုတော့ အိမ်မှာမရှိဘူး။ အဲတာကို အခွင့်အရေးယူပြီး ဧည့်စာရင်း မတိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး မုဒိမ်းပြုကျင့်ကျတာ မုဒိမ်းမှုဖြစ်ပြီးတော့ အမှုကို ငွေနဲ့ ဖုံးပြီး ပိတ်လိုက်တာ ကာယကံရှင် အမျိုးသမီး ၂ ဦးလည်း အုပ်ချုပ်ရေးမှူး ထွန်းထွန်းက ခြိမ်းခြောက်ထားလို့ ကြောက်ပြီး မပြောရဲကျဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

  • ရွှေပြည်သာမြို့ နယ်၊  ခလရ ၆ စစ်တပ်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်တပ်ဘက်မှ အထိအခိုက်ရှိနိုင်

    ရွှေပြည်သာမြို့ နယ်၊ ခလရ ၆ စစ်တပ်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်တပ်ဘက်မှ အထိအခိုက်ရှိနိုင်

    ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက် ခလရ ၆ စစ်တပ်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ရွှေပြည်သာမြို့ အခြေစိုက် ခလရ ၆ အောက်မင်္ဂလာဒုံ စစ်တပ်ဝင်းကို ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်(ပကဖ)၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်း ဖောက်ခွဲ တိုက်ခိုက်မှု အတွင်း ပေါက်ကွဲအား ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိ၊မရှိကို အတည်ပြု စုံစမ်းနေဆဲဖြစ်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် (ပကဖ) ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ခလရ ၆ အောက်မင်္ဂလာဒုံ စစ်တပ်ဝင်းကို ဖောက်ခွဲ တိုက် ခိုက်ခဲ့ပါတယ်။ ပေါက်ကွဲမှုပြင်းထန်တယ်လို့ သိရတယ်။ အကြမ်းဖက် စစ်ခွေးတွေ ထိခိုက်မှုကို ဆက်လက်စုံစမ်းနေပါတယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။