Category: News

  • ဓညဝတီရေတပ်ဌာနချုပ် အပါအဝင်​ ကျောက်ဖြူရှိတပ်ရင်းများအားလုံးကို AA ဝိုင်းပိတ်ဆို့ထား

    ဓညဝတီရေတပ်ဌာနချုပ် အပါအဝင်​ ကျောက်ဖြူရှိတပ်ရင်းများအားလုံးကို AA ဝိုင်းပိတ်ဆို့ထား

    ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်ရှိသော ဓညဝတီရေတပ်ဌာနချုပ် အပါအဝင် ​စစ်​ကောင်စီတပ်ရင်းများအားလုံးကို အာရက္ခတပ်တော် (AA) က ဝိုင်းပတ်ပိတ်ဆို့ထားနိုင်​ကြောင်း စစ်​ရေးသတင်းအရင်းမြစ်များထံမှ သိရသည်။

    စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်၊ မြို့အနီးရှိ အမှတ်(၃၂) ရဲတပ်ရင်း၊ တောင်မော်ကြီးရေတပ်ဌာနခွဲ၊ ကျောက်တလုံးဘုရားအနီးရှိ ​ခမရ (၅၄၂)၊ ဂုံးချွိန်ရွာအနီးရှိ ခမရ (၅၄၃)၊ ခလရ (၃၄) တို့ကို ပိတ်ဆို့ထားနိုင်​ကြောင်း CDM ဗိုလ်ကြီးဇင်​ယော်က ပြောသည်။

    “အာရက္ခတပ်​တော်(AA)က စစ်​ကောင်စီရဲ့တပ်​တွေ ဓညဝတီ​ရေတပ်ဌာနချုပ်ကို​ရော၊ကျန်တဲ့တပ်ရင်း နှစ်ရင်းကို​ရော ဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ထားပြီးပြီ။မ​နေ့ကတုန်းဆိုသစ်ပုတ်​တောင် ဓညဝတီ​ရေတပ်စခန်းဌာနချုပ်က​နေလက်နက်ကြီးနဲ့ပစ်တယ်။လက်နက်ကြီးနဲ့ပစ်တဲ့အချိန်မှာ အာရက္ခတပ်​တော်(AA)ဘက်က ​ကောင်တာပြန်ပစ်လို့ သူတို့လက်နက်ကြီး​နေရာ​ရွှေ့ရတယ်ဆို​တဲ့တပ်တွင်းသတင်းအရင်းအမြစ်​တွေဆီက​နေကျွန်​တော်တို့ ချက်ချင်းရတယ်”ဟု ၎င်းက​ ပြောသည်။

    ​ကျောက်ဖြူမြို့ကို အာရက္ခတပ်​တော်(AA) က ဝိုင်းပတ်ပိတ်ဆို့ထားနိုင်ပြီး ပြီးခဲ့သည့် ​(ဖေ​​ဖော်ဝါရီလ ၂၂ ရက်​နေ့နှင့် ၂၃ ရက်​နေ့)တွင် အာရက္ခတပ်​​တော်(AA) က သစ်ပုတ်​တောင်လမ်းခွဲတွင် စစ်​ကြောင်းထိုး​နေ​သော အမှတ်(၃၂)ရဲတပ်ရင်းမှစစ်​ကောင်စီတပ်ကို လမ်းတွင်ဖြတ်တိုက်ခဲ့​ခြင်း​ကြောင့်စစ်​ကောင်စီတပ်သားအများအပြား​သေဆုံးခဲ့​ကြောင်း ​ကျောက်ဖြူမြို့ရှိ ​AA နှင့်နီးစပ်သည့်သတင်းရင်းမြစ်က​ ပြောသည်။

    “တ​​နေ့ကနဲ့မ​နေ့ကသစ်ပုတ်​တောင်လမ်းခွဲကစစ်တပ်ကား​တွေကို AA က ဝင်စီးတာ၊ အ​ယောက် ၃၀ ​လောက်​သေတယ်။လက်နက်ကြီး၊လက်နက်ငယ်​တွေနဲ့အပြန်အလှန်ပစ်ကြတယ်။ ဓညဝတီ​ရေတပ်နားကို AA က ဝိုင်း​တော့ဝိုင်းထားတယ်”ဟု ၎င်းက ပြောသည်။

    လက်ရှိတွင်ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီ​ရေတပ်ဌာနချုပ်အနီး သစ်ပုတ်​တောင်​ကျေးရွာတွင်တိုက်ပွဲဖြစ်ပွားပြီး​နောက်ရွာကိုစစ်​​ကောင်စီက​လေ​ကြောင်းမှဗုံးကြဲပြီး​ရေတပ်မှလက်နက်ကြီးများဖြင့်တိုက်ခိုက်​နေ​ကြောင်းသိရသည်။

    စစ်​ကောင်စီသည် သစ်ပုတ်​တောင်​ကျေးရွာကို ဖေ​ဖော်ဝါရီလ ၂၃ ရက် ည ၈ နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် သုံးကြိမ်လာ​​ရောက်ကြဲချခဲ့သလို ယ​နေ့​ဖေ​ဖော်ဝါရီလ ၂၄ ရက်နံနက်ပိုင်းမှ​ မွန်းလွဲပိုင်းအထိ လက်နက်ကြီးများ​ တောက်​လျှောက်ပစ်ခတ်​နေ​ကြောင်း ​ကျောက်ဖြူမြို့သတင်းရင်းမြစ်တဦးက​ ပြောသည်။

    “​သစ်ပုတ်​တောင်ရွာနား နှစ်ရက်ရှိပြီတိုက်ပွဲဖြစ်တာ။ဒီ​​​နေ့တိုက်ပွဲမဖြစ်​သေးဘူး။မ​နေ့ညကသုံး​ခေါက်လာကြဲတာ။​ထိခိုက်သေဆုံးတာ​တွေ က သတင်းမရ​သေးဘူး။ အခု က လက်နက်ကြီး​တွေနဲ့ပစ်​နေတာ” ဟု ၎င်းက​ ပြောသည်။

    တိုက်ပွဲဖြစ်ပြီး​နောက် ​လေ​ကြောင်းအပြင် ​ရေတပ်က​နေလည်းမြင်​တွေ့သမျှကိုရမ်းသမ်းပစ်ခတ်​နေ​ကြောင်း ဗိုလ်ကြီးဇင်​ယော််က​​ဆိုသည်။

    “နေဗွီနဲ့လည်း မင်း​ချောင်းထဲက​နေ​​တောက်​လျှောက်သွားပြီး​တော့ထင်ရာမြင်ရာ​တွေ ​ရေထဲက​နေပစ်​နေတဲ့အ​နေအထား​တွေရှိတယ်။ အာရက္ခတပ်​တော်ဘက်ကလက်နက်ကြီး​တွေကစစ်​တွေမှာ​ရော ​ကျောက်ဖြူမှာ​ရောအထိုင်ချပြီးသွားပြီဖြစ်တဲ့အ​နေအထားပါ။တိုက်ပွဲအရှိန်မြင့်လာကို​စောင့်ကြည့်ရမယ့်အ​နေအထား ​အောက်​ခြေမှာ ready ဖြစ်ပြီ တပ်မှူးချုပ်​တွေမီးစိမ်းပြတာနဲ့တိုက်မယ့်အ​နေအထားပါ”ဟု ၎င်းက သုံးသပ်သည်။

    အာရက္ခတပ်​တော်(AA) က ရခိုင်ပြည်နယ်၊​ကျောက်ဖြူမြို့ရှိ အကြီးဆုံး ရေတပ်စခန်းဖြစ်​သော ဓညဝတီ ရေတပ်စခန်းဌာနချုပ်ကို ယမန်နှစ် ၂၀၂၄ ခုနှစ် (ဇန်နဝါရီလ ၈ ရက်)တွင် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့​သေးသည်။

    နပခ တိုင်းစစ်ဌာနချုပ် အပါအဝင် မြို့ ၁၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် အာရက္ခတပ်တော်(AA)အနေဖြင့် ရခိုင်ပြည်နယ်အတွင်း မြို့သုံးမြို့သာသိမ်းပိုက်ရန်ကျန်တော့ပြီး ထိုမြို့သုံးမြို့မှာ ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သော စစ်တွေ၊ ကျောက် ဖြူနှင့် မာန်အောင်မြို့တို့ ဖြစ်သည်။

  • တပ်ပျက်၍ ထွက်ပြေး နေသော စစ်တပ်စစ်ကြောင်းကို  လိုက်လံ တိုက်ခိုက်

    တပ်ပျက်၍ ထွက်ပြေး နေသော စစ်တပ်စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်

    မင်းကင်းမြို့နယ်၊ သင်တောရွာအနီး တိုက်ပွဲတွင် တပ်ပျက်၍ ထွက်ပြေး နေသော စစ်တပ်စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး ထပ်မံ သေဆုံး

    စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သင်တော်ရွာအနီး တိုက်ပွဲတွင် တပ်ပျက်၍ ထွက်ပြေးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးထပ်မံ သေဆုံးခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် မင်းကင်းမြို့နယ်၊ ပန်းဆက်ပျူစောထီးရွာမှ ထွက်လာသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး စစ်ကြောင်းသည် ဗိုလ်သံလုံးကင်းစခန်းကို ဝင်ရောက်စီးနင်းပြီးနောက် သင်တောရွာနှင့်ညောင်ပင်သာရွာ အကြားကို ဆက်လက် ထွက်ခွာလာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး တပ်ပျက်၍ ပြန်လည်ဆုတ်ခွာရန် ပြင်ဆင်နေချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များဘက်မှ တပ်ကူ စစ်ကြောင်းများ ထပ်မံ ရောက်ရှိလာပြီး စစ်ကောင်စီ တပ်သားများ ဆုတ်ခွာမည့် လမ်းကြောင်း အားလုံးကို ပိတ်ဆို့ တိုက်ခိုက်ခြင်းကြောင့် စစ်တပ် ဘက်မှ ထိခိုက်မှုများပြားခဲ့ကြောင်း၊ ထွက်ပေါက်ပိတ်သွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လေကြောင်း ပစ်ကူဖြင့် ညနေ ၅ နာရီ ၃၀ မိနစ်မှ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “ပထမ တိုက်ပွဲဖြစ်တော့ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုများတော့ တပ်ပျက်ပြီး ထွက်ပြေးဖို့ အလုပ်မှာ တော်လှန်ရေးတပ်တွေဘက်က စစ်ကူတွေ ရောက်ရှိလာလို့ ထပ်ပြီး ပိတ်ဆို့ တိုက်ခိုက်တာ တိုက်ပွဲက တနေကုန်ကိုဖြစ်တာ အခုထပ်သိရတဲ့ သတင်းက စစ်ခွေး ၆ ကောင် ထပ်သေတယ်လို့ သိရတယ်။ တိုက်ပွဲအတွင်းမှာ စစ်ခွေး အလောင်း ၄ လောင်းနဲ့ ၁ ကောင်အရှင်မိတယ်။ တော်လှန်ရေး တပ်ဖွဲ့ဘက်က ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး” ဟု ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်လုပ်သေနတ် (၃) လက်၊ကာဘိုင် (၁) လက်၊ MA ကျည်ဘောက်(၅) ခု၊ ကာဘိုင်ကျည်ဘောက် (၆) ခု ၊ ဗုံးသီး (၂) လုံး ၊ i-con (၂) လုံး ၊ ကာဘိုင်ကျည် ၁၂၀ တောင့် ၊ 7.62ကျည် ၁၅ တောင့် ၊5.56 ကျည် ၁၅ တောင့် ၊ ဖုန်း ၁ လုံး၊ ဆေးကပ် ၅ ကပ် ၊ စစ်သားမသာ အလောင်း ၄ လောင်း သိမ်းဆည်းရရှိပြီး စစ်ကောင်စီ တပ်သား ၁ ဦး အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) (အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့တပ်ခွဲ-၂) ၊UCLAတပ်ဖွဲ့ ၊ မင်းကင်းမြို့နယ် တပ်ရင်း ၁ ၊ မင်းကင်းမြို့နယ် တပ်ရင်း(၄) ၊ မင်းကင်းမြို့နယ် ပကဖရွေ့လျားတပ်ဖွဲ့ ၊ မင်းကင်းမြို့နယ် လိုကယ်တပ်ပေါင်းစု ၊ ကနီမြို့နယ် ပကဖ ၊ ကျောက်လုံးကြီးအဖွဲ့ ၊ SRF အဖွဲ့ ၊ မဟူရာ Dragon အဖွဲ့ ၊ စစ်ကိုင်း တပ်ရင်း (၃) ၊ ချင်းတွင်းတော်လှန်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

  • မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဦး ပစ်ခတ်ခံရ၍ သေဆုံး

    မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဦး ပစ်ခတ်ခံရ၍ သေဆုံး

    လက်ပံတန်းတွင် စစ်မှုထမ်းရမည့် လူငယ်များ စာရင်းကို ထွေ/အုပ်ရုံးသို့ သွားပို့သည့် မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဦး ပစ်ခတ်ခံရ၍ သေဆုံးပြီး လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရရှိ

    ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်းရမည့် လူငယ်များ၏ စာရင်းကို ထွေ/အုပ်ရုံးသို့ သွားရောက်ပို့ဆောင်သည့် မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သန်းဦးသည် ၄င်း၏ အပေါင်းအပါ ပျူစောထီး ၁ ဦး ၊ ရာအိမ်မှူး ၁ ဦးနှင့်အတူ လက်ပံတန်းမြို့နယ် ထွေ/အုပ်ရုံးသို့ စစ်မှုထမ်းရမည့် လူငယ်များ၏ စာရင်းကို ဆိုင်ကယ်ဖြင့်သွားရောက်ပို့ဆောင်စဉ် လွှစင်ကုန်းတာဆုံ၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နှင့် တပ်ခွဲ ၃ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေနတ်ကျည် ၁၂ ချက် ထိမှန်ပြီး အုပ်ချုပ်ရေးမှူး သန်းဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    အုပ်ချုပ်ရေးမှူး သန်းဦး ပစ်ခတ်ခံရပြီးနောက် ၎င်းနှင့် လိုက်ပါလာသော ပျူစောထီး ၁ ဦးနှင့် ရာအိမ်မှူး ၁ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ သန်းဦးထံမှ လက်ပစ်ဗုံး ၂ လုံး ၊ ငွေသားကျပ် ၁ သိန်း ၊ ဆိုင်ကယ် ၁ စီး ၊ စည်းတံဆိပ်တုံး ၂ ခု ၊ မှတ်ပုံတင် ၂ ခု ၊ စစ်မှုထမ်း ရမည့် အမည်စာရင်းပါ စာရွက်စာတမ်းများ နှင့် အခြား စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သန်းဦး သည် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီး အဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး လူငယ်များကို စစ်မှုထမ်းရန် ဖိအားပေး လူစုခြင်း၊ စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ် ကောက်ခံပြီး ငွေမပေးနိုင်သူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းခြင်း၊ အကြမ်းဖက် စစ်တပ်က ထုတ်ပေးထားသော လက်ပစ်ဗုံး နှင့် သေနတ်ပြကာ ပြည်သူများကို ခြိမ်းခြောက်ပြီး အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

    “ဒီမနက် အုပ်ကြီးသန်းဝင်း က စစ်မှုထမ်းရမည့် လူငယ်တွေရဲ့ စာရင်းကို ထွေ/အုပ်ရုံး သွားပို့မယ် သတင်းရလို့ လွှစင်ကုန်းတာဆုံမှာ စောင့်နေတုန်း အုပ်ကြီးက ဆိုင်ကယ် ၁ စီး ပျူစောထီးနဲ့ ရာအိမ်မှူးက ဆိုင်ကယ် ၁ စီးကို အတူစီးလာကြပါတယ်။ အဲ့မှာအုပ်ကြီးကို သေနတ်နဲ့ ၁၂ ချက် ပစ်တာ ရင်ဘတ်နဲ့ ခေါင်းတွေရော တခြားနေရာတွေရော မှန်ပြီးသေပါတယ်။ အုပ်ကြီးသေတာမြင်ရော ပျူနဲ့ ရာအိမ်မှူးက ဆိုင်ကယ်နဲ့ ထွက်ပြေးကြပါတယ်။ ဒီအုပ်ကြီးက စစ်ခွေးတွေပေးထားတဲ့ သေနတ်နဲ့လက်ပစ်ဗုံးကိုင်ပြီး ပြည်သူကိုခြိမ်းခြောက်နေတာ လူငယ်တွေကို စစ်ခွေးတပ်ထဲ အတင်းအကြပ်ထည့်နေတာကြာပြေ အခြေအနေပေးလို့ ခုမှရှင်းနိုင်တာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက် စစ်ကောင်စီ နှင့် စစ်ကောင်စီ ထောက်တိုင်များကို အရှိန်မြှင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင် ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် မေတ္တာရပ်ခံကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

  • AA ထိန်းချုပ်ထားသည့် မြို့နယ် ၁၅ ခု၌ မီးဘေးအန္တရာယ် အသိပေး

    AA ထိန်းချုပ်ထားသည့် မြို့နယ် ၁၅ ခု၌ မီးဘေးအန္တရာယ် အသိပေး

    အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့မှာ အာရက္ခပြည်သူ့အစိုးရရဲ့ မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် သတိပေးမှုနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို စစ်ဆေးပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ​မီးသတ်ဦးစီးဌာန တာဝန်ရှိသူတွေဟာ AA ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၅ ခုစလုံးက မြို့ရွာတွေမှာ မီးဘေးအန္တရာယ် အသိပညာပေးမှုနဲ့ မီးဘေးကြုံလာရင် ငြှိမ်းသတ်နိုင်ဖို့ လိုအပ်တဲ့ အသုံးအဆောင်တွေကို အိမ်တိုင်းမှာ မဖြစ်မနေဆောင်ထားဖို့ တင်းတင်းကျပ်ကျပ် ညွှန်ကြားထားတယ်လို့ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်က ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

    “ရခိုင်မှာတော့ ဒီဇင်ဘာလကတည်းက မီးဘေးအန္တရာယ် သတိပေးတာတွေ၊ နောက် မီးဘေးကြုံလာရင် လျှင်မြန်စွာ ငြှိမ်းသတ်နိုင်အောင် အိမ်တိုင်းမှာ လှေကားတွေ၊ မီးသတ်တံတွေ၊ သဲနဲ့ ရေတွေကို အမြဲမပြတ်ဆောင်ထားဖို့ ညွှန်ကြားထားတယ်။ လူနေထူထပ်တဲ့ မြို့တွေနဲ့ စစ်ဘေးရှောင်စခန်းတွေဆိုရင် ပိုပြီးတော့ တင်းတင်းကျပ်ကျပ်ကို မီးဘေးသတိထားဖို့နဲ့ မီးသတ်ကိရိယာတွေ ဆောင်ထားကြဖို့ ညွှန်ကြားထားရှိတယ်။”

    အာရက္ခတပ်တော် (AA) ဟာ သူတို့မသိမ်းပိုက်ရသေးတဲ့ မြို့နယ်တွေမှာ စစ်ဆင်ရေးတွေ ပြုလုပ်နေသလို သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာလည်း အုပ်ချုပ်ရေးယန္တရားကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။

    ရခိုင်ပြည်နယ်အတွင်း မြို့နယ်တွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အရင်က မီးသတ်ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ မီးသတ်ဌာနကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း မီးကြွင်းမီးကျန်နဲ့ ပေါ့ဆမီးတွေကြောင့် မီးလောင်မှု အများဆုံးဖြစ်ပွားခဲ့ပြီး မြောက်ဦး၊ မင်းပြား၊ ပေါက်တောနဲ့ မောင်တောမြို့နယ်အပြင် ပလက်ဝမြို့နယ်တို့မှာလည်း မီးလောင်မှု ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

  • အောင်ပြည့်စုံ သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်နှင့်ဘူဒိုဇာကားများရောက်ရှိ

    အောင်ပြည့်စုံ သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်နှင့်ဘူဒိုဇာကားများရောက်ရှိ

    ပြင်ဦးလွင်၊ ရေချမ်းအိုးရပ်ကွက်ရှိ မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်နှင့်ဘူဒိုဇာကားများရောက်ရှိ၊ စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထား

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရေချမ်းအိုး ရပ်ကွက်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံက သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်များနှင့် ဘူဒိုဇာကားများ ယခု နံနက်ပိုင်းတွင် ရောက်ရှိလာပြီး စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မင်းအောင်လှိုင်၏သားဖြစ်သူ ရယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မန္တလေး တိုင်းစစ်ကောင်စီဝန်ကြီးများ ကိုယ်တိုင် ကွင်းဆင်း၍ ဆေးနီများဖြင့် အဆောက်အဦးများတွင် ရေးမှတ်သွားခဲ့ပြီးနောက် နေအိမ်များကို ဖျက်သိမ်းရန် ယနေ့ နံနက်ပိုင်းတွင် ဘူဒိုဇာမြေကော်စက်များနှင့် စစ်တပ်များ ရောက်ရှိလာခြင်းဖြစ်သည်။

    “အခုဘူဒိုဇာတွေ ရပ်ကွက်ရုံးရှေ့ရောက်နေပြီ။ ရေချမ်းအိုးရပ်ကွက်ထဲက အိမ်တွေကို ဖျက်ဖို့” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ပြင်ဦးလွင်မြို့နယ်၊ ရေချမ်းအိုးရပ်ကွက်အတွင်းရှိ မြေ ဧက ၂၀၀ ဒသမ ၁၄ ပေါ်တွင် အိမ်ထောင်စု‎ပေါင်း ၁၀၀၀ ခန့် နေထိုင်ပြီး လူဦးရေ ၃၀၀၀၀ ဝန်းကျင် နေထိုင်ကြောင်း၊ ထိုမြေ ဧကပေါ်ရှိ နေအိမ်များနှင့် ခြံများသည် ဂရန်များရှိပြီး လူနေထိုင်ခွင့်ရရှိထားသော မြေနေရာများဖြစ်သော်လည်း အကြမ်းဖက် စစ်တပ်က ၂၀၀၀ ပြည့်နှစ်မှစတင်၍ တပ်မတော်အလုပ်ရုံ တည် ဆောက်မည်ဟုဆိုကာ လျာထားမြေနေရာ သတ်မှတ်ခဲ့ကာ သိမ်းယူရန် ကြိုးပမ်းခဲ့ကြောင်း၊ သို့ရာတွင် NLD အစိုးရလက် ထက်အထိ ပြည်သူများက အထောက်အထားများ ခိုင်လုံစွာ တင်ပြနိုင်သဖြင့် မြေသိမ်းရန် စစ်တပ်၏ကြိုးပမ်းမှုမှာ မအောင် မြင်ခဲ့ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း မြေကွက်များကို တပ်ပိုင်မြေဟု ဆိုကာ ပြန်လည် သိမ်းယူရန် ထပ်မံ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

    “ဂရန်ရော အခြားနည်း ၃၀ ခ ရှိတဲ့သူတွေရော အခြားနည်း မရှိသေးတဲ့သူတွေရော ဧက ၂၀၀ လုံးဖျက်ဖို့ စစ်ကောင်စီ ဝန်ကြီးကိုယ်တိုင်က ကွင်းဆင်းလာတယ်။ မန္တလေးတိုင်းစစ်ကောင်စီ ကိုယ်တိုင်ကွင်းဆင်းလေ့လာပြီး ပြည်သူပိုင် မြေဧက ၂၀၀ အတွင်းက အိမ်နဲ့ ခြံတွေဖျက်ဖို့ ဆေးနီနဲ့ အဆောက်အဦတွေကို ရေးမှတ်သွားတယ်။ ကွင်းအမှတ် ၆၈၁ (ဂ) ဆိုတာက စည်ပင် နယ်နိမိတ်ထဲ ဝင်ပြီးသားပါ။ ကျနော်တို့က ဝယ်ပြီး အိမ်ဆောက်နေကြတာ တမင်သက်သက်ကို လိုချင်လို့ဖျက်မှာပါ” ဟု ဒေသခပြည်သူတစ်ဦးက ပြောဆိုသည်။

    ယင်းမြေနေရာများကို တပ်ပိုင်မြေအဖြစ် မတရားသိမ်းဆည်းရန် ဗိုလ်ချုပ် ကိုကိုဦး၊ မန္တလေးတိုင်း ဝန်ကြီးချုပ် မျိုးအောင်တို့က ဦးဆောင်ကာ စေခိုင်းဆောင်ရွက်နေကြောင်း၊ ထိုမြေများအနက်မှ လမ်းမတန်း မျက်နှာစာ မြေဧက ၅၀ ကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရယူမည်ဖြစ်ကြောင်း သိရသည်။

    ၂၀၂၄ ခုနှစ် ဧပြီလ ၆ ရက်နေ့မှ စတင်ကာ စစ်တပ်က ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ထွေ/အုပ် စာရေးများနှင့်အတူ ပြည်သူများကိုအကြောင်းတစ်စုံတစ်ရာမပေးဘဲ အဆိုပါ ရပ်ကွက်အတွင်းရှိ နေအိမ်များကို ဘူဒိုဇာဖြင့် လာရောက် ဖျက်ဆီးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်‌နေ့ နံနက်ပိုင်းတွင်လည်း နေအိမ်များကို ထပ်မံ ဖျက်ဆီးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ရေချမ်းအိုးရပ်ကွက်အတွင်းရှိ မီးကြိုးများ၊ လျှပ်စစ် ဓာတ်ကြိုးများကို စစ်တပ်၊ လျှပ်စစ်၊ ရဲ နှင့် စည်ပင်သာယာများက လာရောက်ဖြုတ်ယူပြီး ပြည်သူများနေထိုင်၍ မရစေရန် ထပ်မံလုပ်ဆောင်လာကြောင်း၊ လက်ရှိအချိန်တွင် ဖြိုဖျက်ရန် ကျန်ရှိနေသော နေအိမ်များကို ထပ်မံ ဖျက်ဆီးရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။