ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်ရှိသော ဓညဝတီရေတပ်ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်ရင်းများအားလုံးကို အာရက္ခတပ်တော် (AA) က ဝိုင်းပတ်ပိတ်ဆို့ထားနိုင်ကြောင်း စစ်ရေးသတင်းအရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်၊ မြို့အနီးရှိ အမှတ်(၃၂) ရဲတပ်ရင်း၊ တောင်မော်ကြီးရေတပ်ဌာနခွဲ၊ ကျောက်တလုံးဘုရားအနီးရှိ ခမရ (၅၄၂)၊ ဂုံးချွိန်ရွာအနီးရှိ ခမရ (၅၄၃)၊ ခလရ (၃၄) တို့ကို ပိတ်ဆို့ထားနိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“အာရက္ခတပ်တော်(AA)က စစ်ကောင်စီရဲ့တပ်တွေ ဓညဝတီရေတပ်ဌာနချုပ်ကိုရော၊ကျန်တဲ့တပ်ရင်း နှစ်ရင်းကိုရော ဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ထားပြီးပြီ။မနေ့ကတုန်းဆိုသစ်ပုတ်တောင် ဓညဝတီရေတပ်စခန်းဌာနချုပ်ကနေလက်နက်ကြီးနဲ့ပစ်တယ်။လက်နက်ကြီးနဲ့ပစ်တဲ့အချိန်မှာ အာရက္ခတပ်တော်(AA)ဘက်က ကောင်တာပြန်ပစ်လို့ သူတို့လက်နက်ကြီးနေရာရွှေ့ရတယ်ဆိုတဲ့တပ်တွင်းသတင်းအရင်းအမြစ်တွေဆီကနေကျွန်တော်တို့ ချက်ချင်းရတယ်”ဟု ၎င်းက ပြောသည်။
ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်(AA) က ဝိုင်းပတ်ပိတ်ဆို့ထားနိုင်ပြီး ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့)တွင် အာရက္ခတပ်တော်(AA) က သစ်ပုတ်တောင်လမ်းခွဲတွင် စစ်ကြောင်းထိုးနေသော အမှတ်(၃၂)ရဲတပ်ရင်းမှစစ်ကောင်စီတပ်ကို လမ်းတွင်ဖြတ်တိုက်ခဲ့ခြင်းကြောင့်စစ်ကောင်စီတပ်သားအများအပြားသေဆုံးခဲ့ကြောင်း ကျောက်ဖြူမြို့ရှိ AA နှင့်နီးစပ်သည့်သတင်းရင်းမြစ်က ပြောသည်။
“တနေ့ကနဲ့မနေ့ကသစ်ပုတ်တောင်လမ်းခွဲကစစ်တပ်ကားတွေကို AA က ဝင်စီးတာ၊ အယောက် ၃၀ လောက်သေတယ်။လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ကြတယ်။ ဓညဝတီရေတပ်နားကို AA က ဝိုင်းတော့ဝိုင်းထားတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင်ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်အနီး သစ်ပုတ်တောင်ကျေးရွာတွင်တိုက်ပွဲဖြစ်ပွားပြီးနောက်ရွာကိုစစ်ကောင်စီကလေကြောင်းမှဗုံးကြဲပြီးရေတပ်မှလက်နက်ကြီးများဖြင့်တိုက်ခိုက်နေကြောင်းသိရသည်။
စစ်ကောင်စီသည် သစ်ပုတ်တောင်ကျေးရွာကို ဖေဖော်ဝါရီလ ၂၃ ရက် ည ၈ နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် သုံးကြိမ်လာရောက်ကြဲချခဲ့သလို ယနေ့ဖေဖော်ဝါရီလ ၂၄ ရက်နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ လက်နက်ကြီးများ တောက်လျှောက်ပစ်ခတ်နေကြောင်း ကျောက်ဖြူမြို့သတင်းရင်းမြစ်တဦးက ပြောသည်။
“သစ်ပုတ်တောင်ရွာနား နှစ်ရက်ရှိပြီတိုက်ပွဲဖြစ်တာ။ဒီနေ့တိုက်ပွဲမဖြစ်သေးဘူး။မနေ့ညကသုံးခေါက်လာကြဲတာ။ထိခိုက်သေဆုံးတာတွေ က သတင်းမရသေးဘူး။ အခု က လက်နက်ကြီးတွေနဲ့ပစ်နေတာ” ဟု ၎င်းက ပြောသည်။
တိုက်ပွဲဖြစ်ပြီးနောက် လေကြောင်းအပြင် ရေတပ်ကနေလည်းမြင်တွေ့သမျှကိုရမ်းသမ်းပစ်ခတ်နေကြောင်း ဗိုလ်ကြီးဇင်ယော််ကဆိုသည်။
“နေဗွီနဲ့လည်း မင်းချောင်းထဲကနေတောက်လျှောက်သွားပြီးတော့ထင်ရာမြင်ရာတွေ ရေထဲကနေပစ်နေတဲ့အနေအထားတွေရှိတယ်။ အာရက္ခတပ်တော်ဘက်ကလက်နက်ကြီးတွေကစစ်တွေမှာရော ကျောက်ဖြူမှာရောအထိုင်ချပြီးသွားပြီဖြစ်တဲ့အနေအထားပါ။တိုက်ပွဲအရှိန်မြင့်လာကိုစောင့်ကြည့်ရမယ့်အနေအထား အောက်ခြေမှာ ready ဖြစ်ပြီ တပ်မှူးချုပ်တွေမီးစိမ်းပြတာနဲ့တိုက်မယ့်အနေအထားပါ”ဟု ၎င်းက သုံးသပ်သည်။
အာရက္ခတပ်တော်(AA) က ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့ရှိ အကြီးဆုံး ရေတပ်စခန်းဖြစ်သော ဓညဝတီ ရေတပ်စခန်းဌာနချုပ်ကို ယမန်နှစ် ၂၀၂၄ ခုနှစ် (ဇန်နဝါရီလ ၈ ရက်)တွင် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့သေးသည်။
နပခ တိုင်းစစ်ဌာနချုပ် အပါအဝင် မြို့ ၁၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် အာရက္ခတပ်တော်(AA)အနေဖြင့် ရခိုင်ပြည်နယ်အတွင်း မြို့သုံးမြို့သာသိမ်းပိုက်ရန်ကျန်တော့ပြီး ထိုမြို့သုံးမြို့မှာ ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်သော စစ်တွေ၊ ကျောက် ဖြူနှင့် မာန်အောင်မြို့တို့ ဖြစ်သည်။


Leave a Reply