Category: News

  • အောင်ဇေယျစစ်ကြောင်းအား ကော်ဘရာ၊ PDF ပူးပေါင်းတပ် တနေကုန်တိုက်ခိုက်

    အောင်ဇေယျစစ်ကြောင်းအား ကော်ဘရာ၊ PDF ပူးပေါင်းတပ် တနေကုန်တိုက်ခိုက်

    ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား KNLA ၊ ကော်ဘရာ နှင့် PDFပူးပေါင်းစစ်ကြောင်းတို့က ဖေဖော်ဝါရီ ၂၁ ရက်​တွင်တနေကုန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။

    “ဒီနေ့တိုက်ပွဲဖြစ်တယ်။ မနက်ရော နေ့လည်ရော။ ခုတော့ ပြီးသွားပြီ”ဟု ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက ညနေ ၅နာရီကျော်တွင်ပြောသည်။

    တိုက်ပွဲအတွင်း အောင်ဇေယျစစ်ကြောင်းမှ စစ်သား ထိခိုက်သေဆုံးမှုရှိ၊မရှိကိုမူမသိရသေးပေ။

    ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များနှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်တို့က ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေခြင်း ဖြစ်သည်။

    အောင်ဇေယျစစ်ကြောင်းနှင့် ကော်ဘရာ၊PDFပူးပေါင်းတပ်တို့ နေ့စဉ် ပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့မကြာခဏဖြစ်ပွား​လေ့ရှိသော်လည်း ​​ဖေ​ဖော်ဝါရီ ၂၁ ရက်တွင် တ​နေကုန်နီးပါးတိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

    ကော်ဘရာပူးပေါင်းတပ်များသည် ပြီးခဲ့သည့်လပိုင်းကတည်းက အောင်ဇေယျစစ်ကြောင်းအား ခံစစ်အနေအထားမှ ထိုးစစ်ဖြင့် အပိုင်းလိုက်ပိတ်ဆို့ဖြတ်တောက်ထားခြင်း ဖြစ်သည်။

    စစ်​ကြောင်းစထိုးသည့်ကာလမှ ​၂၀၂၅ ​ဖေ​ဖော်ဝါရီလဆန်းအထိ့ ၉ လခန်းအတွင်း အောင်ဇေယျစစ်ကြောင်းမှ ၅၀၀ ကျော်‌ သေဆုံးပြီး‌ လက်ရှိတွင် အဆိုပါစစ်ကြောင်းထံ စစ်မှုထမ်းအပတ်စဉ်(၆)မှ သင်တန်းဆင်း ၆၀၀ ကျော် ထပ်မံအင်အားဖြည့်ထားကြောင်း ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ပြောထားသည်။

    အင်အားဖြည့်တင်းမှုများရှိသော်လည်း စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ အတင်းအကြပ်ဖမ်းဆီး၍ သင်တန်းပေးထားသူများဖြစ်သောကြောင့် တော်လှန်ရေးအင်အားစုများထံသို့ ထွက်ပြေးအလင်းဝင်သူ ပိုမိုများပြားလာကြောင်းလည်း ၎င်းက ​ပြောသည်။

    ၂၀၂၄ ဧပြီလမှစပြီး ၂၀၂၅ ​ဖေ​ဖော်ဝါရီလဆန်းပိုင်းအထိ လက်နက်ဖြင့် အလင်းဝင်လာတာ ၁၉ဦးရှိပြီး ဖမ်းမိသူ ၇ ဦးအပါအဝင် အောင်ဇေယျစစ်ကြောင်းမှ စုစု​ပေါင်း ၆၀ ဦးခန့် အထိ ရောက်ရှိနေသည်ဟု သိရသည်။

    အောင်ဇေယျစစ်ကြောင်းအနေဖြင့် ချီတတ်လာချိန်တွင် တပ်ရင်းတစ်ခုစီ၌ အင်အား ၁၂၀မှ ၁၅၀ခန့် အထိပါဝင်သော်လည်း လက်ရှိအချိန်၌ တပ်ရင်းတစ်ခုလျှင် အင်အား ၄၀မှ ၇၀ခန့်သာရှိတော့ကြောင်း မြေပြင်သတင်းအရသိရသည်ဟု ၎င်းက ဆိုသည်။

    အောင်ဇေယျစစ်ကြောင်းထံမှ လေယာဉ်ပစ်လက်နက်များအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ခန့် သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကား ၁၅စီးခန့် ဖျက်ဆီးနိုင်ခဲ့သည်ဟု ဗိုလ်မှူးဒါဘောက ပြောထားသည်။

    မြဝတီဒေသအတွင်း လက်လွတ်ခဲ့ရသည့်နေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး” ဟုအမည်​ပေး၍ တပ်မ(၅၅) ဦးဆောင်သော အင်အား ၁,၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ၂၀၂၄ ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။

    လေးရက်ဖြင့် မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ၁၀ လကျော်ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်၌ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေသည်။​သေဆုံးဒဏ်ရာရ​သော၊ထွက်​ပြေး​သော၊အလင်းဝင်​သောစစ်သားများ​နေရာတွင် အကြိမ်ကြိမ် စစ်ကူထပ်ဖြည့်​နေပြီး ယခု​နောက်ပိုင်း စစ်သားသစ်စု​ဆောင်းထား​သောသင်တန်းဆင်းစစ်သားများကိုအများဆုံးဖြည့်​နေ​ကြောင်းဗိုလ်မှူးဒါဘောက ပြောသည်။

    စစ်ကောင်စီသည် အောင်ဇေယျစစ်ကြောင်းအား အင်အားဖြည့်တင်းရန်၊ ကော့ကရိတ်မြို့နယ်အား ထိန်းချုပ်နိုင်ရန်အတွက် ကော့ကရိတ် – ကျုံဒိုးလမ်းပိုင်းအား စစ်ကြောင်းထိုး လှုပ်ရှားမှုများပြုလုပ်နေသည်။

    (​အောင်​ဇေယျစစ်​ကြောင်းကို ​ကော်ဘရာစစ်သည်​တော်များတိုက်ခိုက်​နေစဥ်။
    ဓါတ်ပုံ-Cobra Column)

  • မင်းတုန်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး

    မင်းတုန်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး

    မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မင်းတုန်းမြို့နယ်၊ ကန်မနိုင်ကျေးရွာမှ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၈၈ ၊ ကပစ ၁၂ နှင့် ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၇၀ ပါ စစ်ကြောင်းက မြောက်ပြင်ကျေးရွာ ဘုန်း ကြီးကျောင်းအတွင်း ဝင်ရောက်တပ်စွဲခဲ့ကြောင်း၊ ယင်းနောက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော မြောက်ပြင်ရွာ ဘုန်းကြီးကျောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၆၀ မမ ဗုံးသီးများဖြင့် စတင် ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

    ထို့နောက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်အမှတ် – ၄ တပ်ရင်းမှ တပ်ခွဲ ၁ နှင့် တပ်ခွဲ ၂ မှ တော်လှန်ရေး ရဲဘော်များက ဘုန်းကြီးကျောင်းအတွင်းထဲထိ ထိုးစစ်ဆင် ဝင်ရောက် တိုက် ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးပစ်ကူများ အပြင် လေကြောင်းပစ်ကူများဖြင့်ပါ တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီခန့်တွင် Jet Fighter ဖြင့် ၃ ကြိမ် လာရောက်တိုက်ခိုက်ပါခဲ့သောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကာ ရဲဘော် ၁ ဦး ပြင်းထန် ဒဏ်ရာများဖြင့် မြင့်မြတ်စွာ အသက်ပေး ကျဆုံးခဲ့ကြောင်း သိရသည်။

    “ကျနော်တို့ တိုက်ပွဲအပြီး ရတဲ့ သတင်းအချက်နဲ့ နယ်မြေရှင်းလင်းရေး အခြေအနေအရဆိုရင် စစ်ခွေး ၁၀ ကောင် အထက် အကျအဆုံးရှိပါတယ်။ ကျန်တာတော့ ထိခိုက်ဒဏ်ရာရှိမှာပေါ့။ ဒီတိုက်ပွဲက အတော်ပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲအချိန် ၂ နာရီ ကျော်ကျော်လောက်ကြာတယ်။ တစ်ဖက် ရန်သူကလည်း ဘုန်းကြီးကျောင်းဝင်းမှာ ဘုန်းကြီးကျောင်းက ၂ ထပ် အဆောက် အဦးပေါ့။ အဲအတွင်းထဲမှာ သူတို့ သေချာပြင်ဆင်ပြီးတော့ ကျနော်တို့ကို ခုခံတယ်ပေါ့လေ သူတို့မှာက လက်နက်ငယ်တွေ ၄၀ မမ တွေ လက်နက်ကြီးပစ်ကူတွေ လေကြောင်းပစ်ကူတွေပါ သုံးပြီး ခုခံတယ်။ ကျနော်တို့ ဘက်ကလည်း ရှိတဲ့ လက်နက် အကုန်သုံးပြီးတော့ ထိုးစစ်ဆင် တိုက်ခိုက်တယ်ပေါ့။ တိုက်ပွဲပြင်းထန်ပြီးတော့ လေကြောင်း ပစ်ကူပါ ယူတဲ့ အနေအထားမှာ ကျနော်တို့ အနေနဲ့ အတတ်နိုင်ဆုံး အပြီးသတ်ချေမှုန်းနိုင်ရေး ကြိုးခဲ့တာပေါ့။ လေကြောင်း ပစ်ကူကြောင့် ကျနော်တို့ ပြန်ဆုတ်ခဲ့ရတယ်။ ကျနော်တို့တွေ ဒီထက်ပိုပြီးတော့ တိုက်ခိုက်နိုင်ဖို့ကို ပြင်ဆင်ကြိုစားသွားဖို့ရှိတယ်။ အဲအတွက် လိုအပ်တဲ့ စစ်ရေးသတင်းအချက်အလက်တွေနဲ့ လိုအပ်တဲ့ အကူအညီတွေကိုလည်း ဒေသခံတွေကော ကျန်တဲ့ တာဝန်ရှိသူတွေကော ပါဝင်ပံ့ပိုးပေးကျပါလို့ ပြောချင်ပါတယ်” ဟု သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် ၁ စစ်ဒေသ ၊ မကွေးတိုင်း ၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်း ဒရုန်းတပ်စိတ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်အမှတ် – ၄ တပ်ရင်း တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ထို့ပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မင်းတုန်းမြို့ ၅ မိုင်ဂိတ် အနီးမှ ၁၂၀ မမ လက်နက်ကြီးအချက်ရေ ၃၀ ခန့် ပစ်ကူပေး၍ မြောက်ပြင်ကျေးရွာမှ မင်းတုန်းမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

  • မြန်မာကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ထိုင်း ပြင်ဆင်

    မြန်မာကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ထိုင်း ပြင်ဆင်

    ထိုင်းအစိုးရပိုင် လောင်စာဆီကုမ္ပဏီ PTT Oil and Retail Business Plc (OR) က မြန်မာနိုင်ငံကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ ဘန်ကောက်ပို့စ်က ဖေဖော်ဝါရီလ ၆ ရက်နေ့ ဖော်ပြပါတယ်။

    အိမ်နီးချင်းနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒအရ အခုလိုရပ်ဆိုင်းဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။

    ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) ရဲ့ နယ်စပ်ဂိတ်ငါးခုက လောင်စာဆီတင်ပို့မှုကို တားမြစ်ဖို့အတွက် တရားဝင်ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့လည်း OR ရဲ့ အမှုဆောင် ဒုဥက္ကဋ္ဌ ရာချာ ယူထိုင်ချန် (Racha Uthaichan) က ပြောပါတယ်။

    ထိုင်း-မြန်မာနယ်စပ်ကို ဆက်သွယ်ရေးဝန်ဆောင်မှုနဲ့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့အတွက် NSC က ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

    OR က မြန်မာနိုင်ငံကို တစ်လ လောင်စာဆီ လီတာ ၁၅ သန်းကနေ သန်း ၂၀ အထိ တင်ပို့နေတယ်လို့ ဖော်ပြပါတယ်။ ဒီလောင်စာဆီတွေကို မြ၀တီ၊ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းမြို့တွေကို ရောင်းချပေးနေတာလို့ ဆိုပါတယ်။

    OR ရဲ့ လောင်စာဆီတွေကို တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) အနီး နယ်စပ်ဂိတ်ကတစ်ဆင့် တင်ပို့နေတာလို့ ဖော်ပြပါတယ်။

    NSC က မြန်မာနယ်စပ်ကို လောင်စာဆီဖြတ်တောက်မဲ့ ဆုံးဖြတ်ချက်မချမီ ထွက်ခွာသွားတဲ့ လောင်စာဆီကားတွေဟာ လက်ရှိ မဲဆောက်နယ်စပ်ဂိတ်မှာ ဖြတ်သန်းခွင့်မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

    အခြေအနေကို စောင့်ကြည့်နေပြီး နယ်စပ်ဂိတ်က ထွက်ခွာခွင့်မရရင် ဖောက်သည်တွေကို ချက်ချင်း အကြောင်းကြားသွားမယ်လို့ OR ရဲ့ အမှုဆောင် ဒုဥက္ကဋ္ဌ ရာချာ ယူထိုင်ချန် (Racha Uthaichan) က ပြောကြားထားပါတယ်။

    တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ ဒုတိယ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားရှေ့တွင် စစ်ဆေးမှုများ ပြုလုပ်ရန် စောင့်ဆိုင်းနေသည့် လောင်စာဆီကားများကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Lillian SUWANRUMPHA / AFP)

    လျှပ်စစ်မီးဖြတ်တောက်မှု မြန်မာဘက်က မတုံ့ပြန်ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီး ပြော

    ထိုင်း-မြန်မာနယ်စပ်က နေရာငါးခုကို လျှပ်စစ်မီးဖြတ်တောက်မဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မြန်မာကို အသိပေးခဲ့ပေမဲ့ တုံ့ပြန်မှုမရှိဘူးလို့ ထိုင်း ကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝဲချ ရာချိုင် (Phumtham Wechayachai) က ပြောကြောင်း မလေးရှားသတင်း The Star က ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ဖော်ပြပါတယ်။

    ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာဘက်ကို ဖေဖော်ဝါရီ ၄ ရက်နေ့ညက တရားဝင် အသိပေးခဲ့ပေမဲ့ တုံ့ပြန်မှုမရှိခဲ့တာလို့ ဆိုပါတယ်။

    တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ လျှပ်စစ်မီးပြတ်တောက်မှုအတွက် မီးစက်တွေအသုံးပြုဖို့ ပြင်ဆင်နေတာကို ထိုင်း ထောက်လှမ်းရေး အေဂျင်စီတွေက သိရှိထားပြီးဖြစ်တယ်လို့ ထိုင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

    ဒါပေမဲ့ ထိုင်း စွမ်းအင်ဝန်ကြီးဌာနက မြန်မာနယ်စပ်တစ်လျှောက် ၅၉ နေရာမှာ လောင်စာဆီရောင်းချမှုကို ပြန်လည်ထိန်းညှိသွားမှာ ဖြစ်တာကြောင့် ရာဇဝတ်လုပ်ငန်းတွေ ရေရှည်လည်ပတ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    ဒါက မြန်မာနိုင်ငံသားတွေနဲ့ ဆေးရုံတွေကို ထိခိုက်မှုရှိနိုင်ပေမဲ့ လိမ်လည်မှုတွေကြောင့် ထိုင်း နိုင်ငံသားတွေရဲ့ ငွေကြေးအမြောက်အများ ဆုံးရှုံးနေရမှုကို ဦးစားပေးဖို့ထက် ထိုင်းနိုင်ငံမှာ ရွေးချယ်စရာမရှိဘူးလို့ ထိုင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

    မြန်မာနိုင်ငံကသာ သူတို့ရဲ့ ဆေးရုံတွေနဲ့ စီးပွားရေးအတွက် စိုးရိမ်တယ်ဆိုရင် ဒီရာဇဝတ်ဂိုဏ်းတွေကို နိုင်ငံတွင်း လုပ်ကိုင်ခွင့်မပေးသင့်ဘူးလို့ ထိုင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားကြောင်း The Star က ဖော်ပြပါတယ်။

  • ထွက်ပြေးသောတပ်ရင်းမှူးကို ထပ်မံထွက်ပြေးမည်စိုး၍ တိုက်ပွဲနှင့်ဝေးရာတွင် နေရာချထားရ

    ပုသိမ် ခလရ ၁၁ မှ ထွက်ပြေးသောတပ်ရင်းမှူးကို ထပ်မံထွက်ပြေးမည်စိုး၍ တိုက်ပွဲနှင့်ဝေးရာတွင် နေရာချထားရ

    ဂွ-ငါးသိုင်းချောင်းတိုက်ပွဲတွင် ထွက်ပြေးသည့် ခလရ ၁၁ ၏ တပ်ရင်းမှူးဖြစ်သူကို သာပေါင်းမြို့နယ် အထက်ခြမ်း ခွေးကုပ်ရွာအုပ်စု အနန်းကုန်းသို့ ပို့လွှတ်တာဝန်ပေးထားကြောင်း သိရသည်။

    ခလရ ၁၁ တပ်ရင်းမှူးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်ပါဝင်သည့် စစ်သုံးဖောကားတစ်စီး နှင့် အတူ ဆိုင်ကယ် သုံးစီး၊ စစ်ကောင်စီတပ်သား ‌ခြောက်ဦးတို့ဖြင့် အနန်းကုန်းရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြီး ညနေပိုင်းတွင် နောက်ထပ် အင်အား ၅၀ ခန့် ထပ်မံရောက်ရှိလာ၍ ဦးစီးကွပ်ကဲနေကြောင်း သိရသည်။

    “ခွေးကုပ်အုပ်စုက ကြံ့ဖွံသိန်းထွန်းအပိုင်၊ အနန်းကုန်းကျေးရွာထဲကို အင်အား ၁၀၀ လောက်လာပြီး အထိုင်ချတယ်။ ပြီးတော့ NLD ပါတီဝင်တွေကိုလည်း မပြတ်စောင့်ကြည့်နေဖို့ တိုင်းအဆင့်ညွှန်ကြား ထားတာတွေလည်းရှိတယ်”ဟု သာပေါင်းဒေသခံတစ်ဦးက ပြောသည်။

    ကျားခေါင်းရွာရှိ စစ်ကောင်စီတပ်စခန်းအသိမ်းခံရပြီးနောက် အဆိုပါစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကိုပါ အနန်းကုန်းကျေးရွာသို့ ပို့ဆောင်ထားခြင်းဖြစ်ပြီး ကျေးရွာအတွင်းမှ ဒေသခံများကိုလည်း ညနေ ၆ နာရီနောက်ပိုင်း အပြင်မထွက်ရဟု နှုတ်မိန့်ဖြင့်ညွှန်ကြားထားကြောင်း သိရသည်။

    စစ်ကောင်စီက တိုက်ပွဲနှင့်နီးကပ်နေသည့် သစ်ဝမ်းပူ၊ သစ်ဆင်၊ သာပေါင်းလေး၊ သဲဖြူစသည့် ကျေးရွာများမှ ဒေသခံများကို နေအိမ်များသော့ခတ်ပိတ်ထားခြင်းများမပြုလုပ်ရန် မှာကြားထားပြီး သော့ခတ်ပိတ်ထားသည့် နေအိမ်များကို သော့ရိုက်ချိုးကာ အိမ်အတွင်းဝင်ရောက်ပြီး တန်ဖိုးရှိ ပစ္စည်းများယူဆောင်နေကြောင်း သိရသည်။

    ကျားခေါင်းရွာစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် သစ်ဝမ်းပူနှင့် သစ်ဆင်ဘက်သို့ ဆင်းလာကြပြီး ခြေကုပ်ယူထားကြောင်း သိရသည်။

    လက်ရှိတွင် ကျားခေါင်း၊ သစ်ဝမ်းပူ၊ သာပေါင်းလေး၊ သစ်ဆင်၊ သဲဖြူစသည့် ကျေးရွာများမှ ဒေသခံများမှာ ဘောမိချောင်းတောင်ဘက်ခြမ်းရှိ ပြာတိုက်၊ အိုးလှုပ်၊ ကျွန်းလျားကြီး၊ ကန်ချောင်း၊ မရမ်းကျင်းနှင့် သစ်ထုတ်လုပ်ရေး သစ်ကွင်းဟောင်းနေရာဖြစ်သည့် ဂါယာကွင်းတို့တွင် ရှောင်တိမ်းနေထိုင်နေရကြောင်း သိရသည်။

  • သာပေါင်းမြို့ထဲ AA ဝင်ရောက်လာမည်စိုး၍ အင်အားဖြည့်တင်းရန် စက္ကူစက်ရုံမှ ဝန်ထမ်းများကိုပါ စစ်သင်တန်းပေး

    သာပေါင်းမြို့ထဲ AA ဝင်ရောက်လာမည်စိုး၍ အင်အားဖြည့်တင်းရန် စက္ကူစက်ရုံမှ ဝန်ထမ်းများကိုပါ စစ်သင်တန်းပေး

    AA ၏ထိုးစစ်မှာ သာပေါင်းမြို့နယ်အတွင်းထိ ရောက်ရှိလာပြီး ထိုးစစ်အရှိန်မြှင့်တင်လာသည့်အတွက် အင်အားလိုအပ်ချက်အရ သာပေါင်းစက္ကူစက်ရုံမှ ဝန်ထမ်းများကိုပါ စစ်သင်တန်းပေးနေကြောင်း သတင်းရရှိသည်။

    အခြေခံစစ်ပညာသင်တန်းကို စက္ကူစက်ရုံမှ ဝန်ထမ်းများဖြင့် ပြည်သူ့စစ်အရေးပေါ်ဖွဲ့စည်းပြီး ဖေဖေါ်ဝါရီ ၃ ရက်နေ့တွင် ခလရ ၃၀၈ မှစစ်သင်တန်းလာရောက်ပေးနေကြောင်း သိရ သည်။

    “စက်ရုံကာကွယ်ရေးအတွက်ဆိုပြီး စစ်သင်တန်းလာပေးတာ မလုပ်တော့မလုပ်ချင်ဘူးပေါ့။ ဒါပေမဲ့ ကုမ္ပဏီဝန်ထမ်းဆိုတော့ သူတို့ခိုင်းတာလုပ်‌နေရတာပဲ။ တကယ်လာတိုက်ရင် ဝါရင့်စစ်သားတွေတောင်ပြေးနေကြတာ။ ကျုပ်တို့လည်း မဟန်ရင်တော့ အသေမခံဘူး လွတ်အောင်တော့ပြေးရမှာပဲ။ ခက်တာက စက်ရုံလုံခြုံရေးဆိုပြီး ရှေ့တန်းပို့မှာစိုးရိမ်နေကြတယ်”ဟု စက္ကူစက်ရုံမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

    ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လည်ပိုင်းအထိ ကျားခေါင်း၊ သစ်ဝမ်းပူ၊ သာပေါင်းလေးဒေသတို့တွင် တိုက်ပွဲများပြင်းထန်နေပြီး သာပေါင်းမြို့နယ် ခွေးကုပ်အုပ်စု၊ အနန်းကုန်းရွာ ဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီအင်အား ၁၀၀ ခန့် အထိုင်ချနေရာ ယူနေကြောင်း သိရသည်။

    သာပေါင်းမြို့နယ်အတွင်း AA နှင့်ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်လာခြင်းမရှိစေရေးအတွက် ဘုရားကုန်းရှိ ရဲများမှ လက်ခုပ်၊ ခေနန်၊ သရက်ကုန်းနှင့် မရမ်းချိုကျေးရွာ အုပ်စုများဘက်သို့ ဆိုင်ကယ်များဖြင့် ကင်းလှည့်နေကြောင်း သိရသည်။

    သာပေါင်းမြို့နယ်အတွင်းရှိ ကျားခေါင်းစခန်းသိမ်းခံရပြီးနောက် သဲဖြူကျေးရွာသို့ စစ်ကောင်စီတပ်အားလုံးတပ်ဆုတ်ပြီး ခံစစ်ပြင်နေရကြောင်း သိရသည်။

    လက်ရှိတွင် သဲဖြူရှေ့ သုံးဖာလုံခန့်အကွာ ကင်ပွန်းချဉ်တောင်တွင် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။