Category: News

  • ကရင်နီနှင့်ရှမ်းတောင်ဒေသ ဇန်နဝါရီလအတွင်း တိုက်ပွဲများ၌  စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံး၊ ၁၀ ဦးအလင်းဝင်

    ကရင်နီနှင့်ရှမ်းတောင်ဒေသ ဇန်နဝါရီလအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံး၊ ၁၀ ဦးအလင်းဝင်

    ကရင်နီနှင့် ရှမ်းတောင်ဒေသတိုက်ပွဲများတွင် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးထက်မနည်း သေဆုံးပြီး ဒုအရာခံဗိုလ်အပါအဝင် ၁၀ ဦး လက်နက်ချအလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ကသတင်းထုတ်ပြန်သည်။

    ဇန်နဝါရီလအတွင်း ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ၊ ဘောလခဲမြို့နယ် ၊ ဖားဆောင်းမြို့ နှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲမြို့ ၊ ဆီဆိုင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

    ဇန်နဝါရီ ၉ ရက်နေ့က ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာ စေတီကုန်းရှိ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်၏ စခန်းကို သိမ်းယူသည့်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်၃၀ကျော်သေဆုံးပြီး ဇန်နဝါရီ ၁၂ ရက်က ဘောလခဲမြို့နယ် မိုင်းထမ်းကျေးရွာ နှင့်ဝမ်မလန်းကျေးရွာကြား မိုင်းဆွဲတိုက်ခိုက်မှုတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးကြောင်း KNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။သေဆုံးသူများအနက် ရုပ်အလောင်းသုံးဆယ်ကျော်တွေ့ရှိခဲ့သည်ဟု ဆိုသည်။

    တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်ကြီး၊ လက်နက်ငယ် ၃၂ လက် သိမ်းဆည်းရရှိပြီး စစ်ကောင်စီဒုအရာခံဗိုလ်တဦး ၊ တပ်သားကိုးဦး စုစုပေါင်း၁၀ဦးသည် သေနတ် ခုနစ်လက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာသည်ဟုKNDF ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

    ” သူတို့တွေ( အလင်းဝင်လာသူများ) ကတော့ အတင်းအဓမ္မစစ်မှုခိုင်းပြီးတော့မှ ရှေ့တန်းပို့ခံရတဲ့သူက အများစုဖြစ်ပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

    ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲမြို့တွင် ဇန်နဝါရီတလလုံး နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့ပြီး မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်မှ စစ်ကောင်စီစစ်ကြောင်းအချို့သည် မြို့တွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် ဒရုန်း၊ လက်နက်ကြီးများ အလွန်အကျွံအသုံးပြု၍ တိုက်ခိုက်နေသည်ဟု KNDF က သတင်းထုတ်ပြန်ထားသည်။

    စစ်ကောင်စီ၏ထိုးစစ်ဆင်တိုက်ခိုက်မှုကို ပူးပေါင်းတော်လှန်ရေးတပ်များမှ ခုခံတိုက်ခိုက်ပြီးမိုးဗြဲမြို့အား ထိန်းချုပ်ထားဆဲဟု ဆိုသည်။

    “မိုးဗြဲကတပ်တွေကတော့ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အသည်းအသန်ကြိုးစား‌နေတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

    စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၄ ဩဂုတ်လမှစတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမှ ဖယ်ခုံ၊ ထိုမှတဆင့် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ဖယ်ခုံမှ မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး ယင်းစစ်ကြောင်းသည် လက်ရှိတွင် မိုးဗြဲမြို့တွင်းရှိ ခမရ(၄၂၂) နှင့်ပူးပေါင်းမိသွားပြီဖြစ်ကြောင်း သိရသည်။

    ဘောလခဲမြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသဖြင့် ဒေသခံများအနေဖြင့် ၁၀ ရက်အတွင်း ဘေးလွတ်ရာတိမ်းရှောင်ကြရန် တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂ ရက်နေ့တွင် သတိပေး ထုတ်ပြန်ထားသည်။

    ဇန်နဝါရီလအတွင်း စစ်ဆင်ရေးများတွင်KNDF ရဲဘော် ခြောက်ဦးကျဆုံးခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။ ကရင်နီပြည်နှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်တွင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု ၃၁ကြိမ်ထက်မနည်းနှင့် လက်နက်ကြီးပစ်ခတ်မှု ၃၀ကျော် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် အရပ်သား ခုနစ်သေဆုံးပြီး ကလေးငယ် သုံးဦး၊ ကိုယ်ဝန်ဆောင်မိခင်တဦးအပါအဝင် ၁၄ ဦးဒဏ်ရာရခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။ထို့အပြင် ဒေသခံပြည်သူများ၏နေအိမ် ၃၈လုံးနှင့်အထက် ပျက်ဆီးခဲ့ပြီး စာသင်ကျောင်း နှစ်ကျောင်း ၊ ဘုန်ကြီးကျောင်းငါးကျောင်းပျက်ဆီးခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်ကြောင်းလည်း KNDFက သတင်းထုတ်ပြန်ထားသည်။

    ပုံအညွှန်း- ဇန်နဝါရီ ၉ ရက် ဆီဆိုင်မြို့နယ် ရွှေတဂူကျေးရွာ စေတီကုန်းတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ် သိမ်းဆည်းရရှိသည့် လက်နက်များ

  • ဇန်နဝါရီ တစ်လအတွင်း စစ်ကောင်စီတပ်သား တစ်ရာကျော် ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံ

    ဇန်နဝါရီ တစ်လအတွင်း စစ်ကောင်စီတပ်သား တစ်ရာကျော် ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံ

    ဇန်နဝါရီလ တစ်လအတွင်းမှာပဲ စစ်ကောင်စီတပ်သား ၁၃၆ ဦးဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) အနေနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

    ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ ၁၃၆ ဦးထဲမှာ ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး လေးဦးနဲ့ အရာခံဗိုလ် တစ်ဦး အပါအဝင် တပ်သား ၁၂၇ ဦးနဲ့ ရဲ ကိုးဦးတို့ ပါဝင်ပြီး လက်နက်ယူဆောင်ထွက်ပြေးလာတဲ့ ၈၃ ဦးကိုတော့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုငွေတွေ ပေးအပ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

    အာဏာသိမ်း လေးနှစ်အတွင်းမှာ ပြည်သူ့ရင်ခွင် ခိုလှုံလာသူ တပ်သားနဲ့ ရဲ အားလုံး ၁၅,၀၀၀ နီးပါး ရှိတယ်လို့ ပြည်သူ့ရင်ခွင်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    “အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာကြတဲ့ တပ်သားနဲ့ ရဲ တိတိကျကျဆိုရင် ၁၄,၇၆၀ ရှိပါတယ်။ အဲဒီထဲမှာ တပ်သားက ၃၈၇၂ ယောက်ရှိပြီး ရဲကတော့ ၁၀,၈၈၈ ယောက်ရှိပါတယ်။ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းဆိုရင် တပ်သား ၄၂၅ ယောက်နဲ့ ရဲ ၁၄၂ ယောက် အားလုံး ၅၆၇ ယောက်ရှိပါတယ်”

    ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါးမှာ ဒုဗိုလ်မှူးကြီးအဆင့် ငါးဦးနဲ့ ဗိုလ်မှူး ၄၂ ဦး၊ ဗိုလ်ကြီး ၃၂၃ ဦး၊ ဗိုလ် ၁၀၂ ဦးရှိခဲ့ပြီး လက်နက်နဲ့ ဝင်ရောက်လာသူက ၂၁၀ ရှိတယ်လို့ သူက ပြောပါတယ်။

    အဲဒီလို ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ တပ်သားနဲ့ ရဲတွေအတွက် NUG က လစဉ် ကျပ်သိန်း ခြောက်ထောင်ကျော် သုံးစွဲပြီး ကူညီနေတယ်လို့လည်း ဆိုပါတယ်။

    စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ပြည်သူ့ရင်ခွင်ကို ဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေအထဲမှာ စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းခံရသူတွေ ပါဝင်ပေမဲ့ အတိအကျကိုတော့ ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်မပြောပါဘူး။

    ဆောမြို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က လက်နက်နှင့်အတူ ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ – အမှတ်-၁ စစ်ဒေသ)

  • အရာတော်၊ ငွေတွင်းရွာ စစ်တပ်စခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

    အရာတော်၊ ငွေတွင်းရွာ စစ်တပ်စခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

    စစ်ကိုင်းမြို့တွင် စစ်သားစုဆောင်းနေသည့် ပျူစောထီးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်

    စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းရွာ စစ်တပ်စခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်း -ရောင်နီဦးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန် အင်အား ၄၀ ခန့်ဖြင့် အရာတော်မြို့နယ်၊ ငွေတွင်းရွာ ပျူစောထီးစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ခြုံခိုတိုက် ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “တိုက်ပွဲဖြစ်ပြီးတော့ ငွေတွင်းပျူစခန်းထဲပဲ ပြန်ဆုတ်သွားပါတယ်။ ဒီနေ့အထိ ပြန်ထွက်လာတာမျိုး မရှိပါဘူး။ စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ စစ်ရေး သတိရှိကြဖို့ ၊ တပ်ဖွဲ့ အသီးသီးတွေ လည်း ကိုယ့်အလုပ်ကို လုပ်ကြဖို့ အကြံပြုပါတယ်။ ပြီးတော့ တိုက်ပွဲတွေ အခုထက် အရှိန်မြှင့်ဖို့ ထောက်ပို့အားတွေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်း-ရောင်နီဦးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

    အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ဗျူဟာ ၆၆ စစ်ကြောင်းများဖြစ်သည့် မုံရွာခရိုင် တပ်ရင်း အမှတ် ၁၉ တပ်ရင်း၊ အမှတ် ၂၁ တပ်ရင်း၊ အမှတ်၂၆တပ်ရင်း ၊ အရာတော်မြို့နယ်ပကဖအဖွဲ့များနှင့်အတူ အခြားမဟာမိတ်အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    အလားတူ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်တွင် ပြည်သူ့စစ်နှင့်စစ်သား စုဆောင်းရေး လုပ်နေသော ပျူစောထီး မျိုးသန့်ဦး ဦးဆောင်သည့် အဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက် ကျားတပ်ဖွဲ့ကတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၄နာရီ ၄၀မိနစ်ခန့် အချိန် နှင့် နံနက် ၄နာရီ ၅၀မိနစ်ခန့်တွင် မိုင်း ၂လုံးဖြင့် စစ်ကိုင်းမြို့အတွင်းသို့ ဝင်ရောက်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ ပျူစောထီး မျိုးသန့်ဦး ဦးဆောင်သည့်အဖွဲ့က ပြည်သူ့စစ်နှင့် စစ်သားများ လိုက်လံစည်းရုံးနေသည့်အတွက် သတိပေးသည့်အနေဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “မျိုးသန့်ဦး ကိုယ်တိုင် အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရတာမျိုးတော့ ရှိတယ်။ မိုင်းပွိုင့် နှစ်လုံးနဲ့ ဖောက်ခွဲတာပါ။ ကျွန်တော်တို့က အချိန်မရွေး သူတို့ကို ဝင်ပြီး လုပ်လို့ရတယ်ဆိုတဲ့ သဘောမျိုးသတိပေးချင်တာရယ်။ သူတို့လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့ သတိပေးချင်ရုံပဲဆိုတော့ ကြီးကြီးမားမားတော့ မလုပ်ခဲ့လိုက်ဘူး။ သူတို့အဖွဲ့က ဆယ်ဂဏန်းလောက်ပဲ ရှိဦးမယ်။ အခုမှ စပြီး ဖွဲ့စည်းနေကြတာဆိုတော့ လူဦးရေ အရေအတွက် အတိအကျ တော့ ကျွန်တော်တို့လည်း စုံစမ်းဆဲပဲ။ခန့်မှန်းခြေအနေကတော့ ၁၀ ဦး အထက်ပေါ့”ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ကတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်တွင် ပျူစောထီး မျိုးသန့်ဦးက ဦးဆောင်၍ ထုံးဘို အရေးပေါ် ရှာဖွေကယ်ဆယ်ရေး နှင့် အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းထားကြောင်း၊ အဆိုပါအဖွဲ့က စစ်ကောင်စီတပ် နှင့် တိုက်ရိုက် ပတ်သတ်ဆက်နွယ်နေခြင်း၊ ပြည်သူများကို ဖမ်းဆီးရာတွင် လိုက်လံ၍ ကူညီပေးနေခြင်း၊ ပြည်သူများ၏ အသွားအလာကို စောင့်ဆိုင်း၍ စစ်ကောင်စီထံ သို့ သတင်းပေး ဖမ်းဆီးခိုင်းခြင်းများ ပြုလုပ်နေသည်ကို သိရှိထားသည့်အတွက် ပထမဆုံးနှင့် နောက်ဆုံးအကြိမ်အဖြစ် သတိပေးရခြင်းဖြစ်ကြောင်းသိရှိရသည်။

    ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပတ်သတ်ဆက်နွယ်သူများအားလုံး အမြန်ဆုံး ဆက်သွယ်၍ အလင်းဝင်ရောက်ကြရန်၊ အလင်း ဝင်ရောက်လာခြင်း မရှိပါက Non-CDM ဝန်ထမ်းများကို အချိန်မရွေး ဝင်ရောက် ဖမ်းဆီးမည်ဟု လင်းယုန်ညီနောင် ပြောက် ကျားတပ်ဖွဲ့က သတိပေးသည်။

  • ရခိုင်ပြည်နယ်၊ မြို့နယ်အချို့မှာ ရက္ခိုင့်တပ်တော် AA က လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေး ဆောင်ရွက်နေ

    ရခိုင်ပြည်နယ်၊ မြို့နယ်အချို့မှာ ရက္ခိုင့်တပ်တော် AA က လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေး ဆောင်ရွက်နေ

    ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာ AA တပ်ဖွဲ့ဝင်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တွေက ခရီးသွားပြည်သူတွေ လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

    AA တပ်ဖွဲ့အနေနဲ့ မြို့ပြအုပ်ချုပ်ရေးအတွက် အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (Department of Law Enforcement and Public Security- DLEPS) ကို ဖွဲ့စည်းထားတာဖြစ်ပြီး စစ်ကောင်စီသုံးနှုန်းခဲ့တဲ့ “ရဲ” အစား လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဝန်ဆောင်မှုပေးတဲ့ ဌာနကို ဒီလပ်ဌာန/DLEPS အမည်ပေးထားတာ ဖြစ်ပါတယ်။

    လက်ရှိမှာတော့ AA တပ်ဖွဲ့ရဲ့ DLEPS အဖွဲ့ဝင်တွေက သိမ်းပိုက်ထားတဲ့ မြို့တွေမှာ ပြည်သူတွေ ယာဉ်အန္တရာယ် ကင်းစင်ရေးနဲ့ လုံခြုံချောမွေ့စေရေးအပြင် စစ်ကောင်စီထုတ် အရက်နဲ့ ပြည်ပအရက်တွေကိုပါ ရောင်းချခွင့်ပိတ်ထားတာကြောင့် တရားမဝင် အရက်တွေ ဝင်ရောက်နေတာကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

    ဓာတ်ပုံ – Golden Era Media

  • မင်းအောင်လှိုင် ဒီဘဝမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဦးမှာလား

    မင်းအောင်လှိုင် ဒီဘဝမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဦးမှာလား

    ဘယ်ကမ္ဘာမှ မထောက်ခံလည်း ကိုယ့်ရွေးကောက်ပွဲ ကိုယ့်ဘာသာ လုပ်မှာပဲလို့ ပြည်သတ် စစ်ကောင်စီက မလုပ်ရဲတာ ဘာမှမရှိတဲ့ သူတို့ရဲ့စရိုက်လက္ခဏာအတိုင်း မာန်မဲပြနေပေမဲ့ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာရဲ့ ထောက်ခံမှုရရင်တော့ အကောင်းဆုံးပေါ့ဆိုတဲ့ ဉာဏ်ရည်လောက်လည်း ရှိနေပြန်တယ်။

    ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်မှာ စစ်ကောင်စီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံကြောင်းနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ထောက်ခံရုံတင်မက လိုအပ်တာ ကူညီသွားမယ်လို့ အတိအလင်း ကြေညာလိုက်တဲ့အခါ နေပြည်တော်စစ်ဗိုလ်ချုပ်တွေ လက်ခမောင်းခတ်တော့တယ်။

    နိုင်ငံရေး ဆိုတာ လက်ညှိုးလေး ကွေးတတ်ရုံနဲ့ မဖြစ်တဲ့အကြောင်း၊ မိုက်သွေးအပြည့်နဲ့ ပြည်သူတွေကို ဗုံးမိုးရွာချသလို မလွယ်ကြောင်း တရုတ်ကြီးကလည်း ပို့ချခဲ့ပုံပေါ်တယ်။ ကြေညာချက်ထုတ် ကန့်ကွက်ရုံသာ တတ်နိုင်တဲ့ အနောက်ကမ္ဘာနဲ့ ကုလသမဂ္ဂတွေ ဘာတွေကို ခေါက်ထားလိုက်လို့ ရပေမဲ့ ဘာပဲဖြစ်ဖြစ် အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံရဲ့ ထောက်ခံချက်လောက်တော့ လိုအပ်မယ်လို့ သေနတ် ကျစ်ကျစ်ပါဆုပ်ထားတဲ့ မင်းအောင်လှိုင်ကို နားချခဲ့ပုံလည်း ရတယ်။

    အဲဒီနောက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်၊ ကူမင်းမြို့မှာ ကျင်းပတဲ့ မဟာမဲခေါင်ဒေသခွဲ အစည်းအဝေးတက်ဖို့ မင်းအောင်လှိုင်ကို ဖိတ်။ ကူမင်းမှာ အစည်းအဝေးလာတက်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းဝန်ကြီးချုပ်တို့နဲ့လည်း သီးခြားစီတွေ့ဆုံခွင့်ရကာ တရုတ်ဇာတ်ညွှန်းနဲ့ လူရာဝင်စေခဲ့တယ်။

    နောက်တဆင့် စစ်ကောင်စီနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ ပရိုမိုးရှင်းလို့ ဆိုနိုင်တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်၊ ထိုင်းမှာပြုလုပ်တဲ့ မြန်မာအိမ်နီးချင်း ၆ နိုင်ငံ အလွတ်သဘောဆွေးနွေးပွဲ၊ အဲဒီပွဲမှာ မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီးက ရွေးကောက်ပွဲအကြောင်း အဓိက တင်ပြခဲ့ကြောင်း သတင်းတွေက ဆိုတယ်။ အသေးစိတ် အချက်အလက်တွေကို မသိရပေမဲ့ အဲဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ရွေးကောက်ပွဲအကြောင်း ထည့်မပြောရုံတင်မက စစ်ကောင်စီ ငါတကောရွေးကောက်ပွဲနဲ့ ဆန့်ကျင်ဘက် မြန်မာသက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာရေးကို တရုတ်က အားပေးကြောင်း တရုတ်နိုင်ငံခြားရေးဒုဝန်ကြီးက ပြောကြားခဲ့တယ်လို့ ဖော်ပြထားတာကြောင့် ပရိုမိုးရှင်းပွဲက သိပ်အလုပ်ဖြစ်ဟန် မတူဘူးလို့ ထင်ရတယ်။

    ဒီဇင်ဘာ ၂၀ ရက်၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတချို့ ပါဝင်တဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲမှာလည်း စစ်ကောင်စီရွေးကောက်ပွဲအကြောင်း အဖက်လုပ် ပြောကြားခဲ့ကြပုံ မရသလို အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီ လိုက်နာရမယ်လို့သာ ထပ်လောင်း ဆွေးနွေးခဲ့ကြကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုတယ်။ အဲဒီဆွေးနွေးပွဲအပြီးမှာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုလိုက်တာကြောင့် စစ်ကောင်စီရော တရုတ်ပါ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။

    ဒါပေမဲ့ လုံ့လစိုက်တဲ့ စစ်ကောင်စီက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သူတို့ လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲအကြောင်း ဆက်လက်တင်ပြခဲ့ပြန်တယ်။ ၂၀၂၅ ခုနှစ်ရဲ့ ပထမဆုံးအကြိမ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ လန်ကာဝီကျွန်းမှာ ဇန်နဝါရီ ၁၉ ရက်က ကျင်းပခဲ့တယ်။ အဲဒီအစည်းအဝေးဟာ အာဆီယံရဲ့ တနှစ်တာအစီအစဉ် လျာထားချက်တွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ မျက်နှာချင်းဆိုင်ကာ နှီးနှောကြ၊ အာဆီယံရဲ့ ဒဏ်ခတ်ခြင်းခံထားရတဲ့ စစ်ကောင်စီက သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်ခွင့်မရတာကြောင့် စစ်ကောင်စီနိုင်ငံခြားရေးဌာန အရာရှိတဦးကို လွှတ်လိုက်ခြင်းဖြစ်တယ်။

    ကံဆိုးတဲ့ အဲဒီအရာရှိက မျက်လွှာအောက်ချကာ စစ်ကောင်စီပြောခိုင်းတဲ့ ရွေးကောက်ပွဲအကြောင်း အဲဒီအစည်းအဝေးမှာ တင်ပြခဲ့ပုံပါ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ဦးစားမပေးဘဲ ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ဖို့ တိုက်တွန်းလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

    အဲဒီပြောဆိုချက်ဟာ စစ်ကောင်စီရွေးကောက်ပွဲကို အာဆီယံအနေနဲ့ လက်မခံကြောင်း အယဉ်ကျေးဆုံး သံတမန်ဝေါဟာရတွေ သုံးနှုန်းပြောကြားလိုက်ခြင်းပါပဲ။ စစ်ကောင်စီ ရွေးကောက်ပွဲဆိုတာ အာဆီယံမူ ၅ ရပ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တာကြောင့် မူ ၅ ရပ်ရဲ့ အမြုတေဖြစ်တဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး ဘက်အသီးသီးတို့ ဆွေးနွေးအဖြေရှာရေးကိုသာ ရှေးရှုဖို့ စစ်ကောင်စီကို ခပ်ပြတ်ပြတ် သတိပေးလိုက်ခြင်းလည်း ဖြစ်တယ်။

    ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဆိုတာ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ထဲမှာ ပါသလို မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ကတည်းက မင်းအောင်လှိုင် အမြှုပ်ထွက်တဲ့အထိ ရွတ်ဆိုနေကျ စကားရပ်လည်းဖြစ်တယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကြွေးကြော်သံကို အာဆီယံအနေနဲ့ တောက်လျှောက်ဆိုသလို တခွန်းမဟ ရေငုံနှုတ်ပိတ်ကာ အာဆီယံမူ ၅ ရပ်ကိုသာ တွင်တွင်ရွတ်ဆိုခဲ့တာပါ။ စစ်ကောင်စီ ရွေးကောက်ပွဲနဲ့ အာဆီယံမူ ၅ ရပ် ဘာဆိုဘာမှ မပတ်သက်ကြောင်းကိုတောင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။ အခု ဇန်နဝါရီ ၁၉ ရက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျမှသာ စစ်ကောင်စီရွေးကောက်ပွဲကို လက်မခံကြောင်း သံတမန်ဝေါဟာရတွေနဲ့ တန်ဆာဆင် ထုတ်ဖော်ခဲ့ခြင်းဖြစ်တယ်။

    အာဆီယံရဲ့ အဲဒီထုတ်ဖော်ချက်ဟာ နှစ်သစ်အစ ပထမ ဇန်နဝါရီမှာပဲ စစ်ကောင်စီအတွက် သံတမန်ရေး ထိုးနှက်ခံရမှုကြီး ဖြစ်ခဲ့ရတယ်။ အာဆီယံမူ ၅ ရပ်ကို လက်သီးလက်မောင်းတန်း ထောက်ခံခဲ့ပြီး မူ ၅ ရပ်နဲ့ ဆန့်ကျင်ဘက် စစ်ကောင်စီ ရွေးကောက်ပွဲကိုလည်း ထောက်ခံကြောင်း ပြောင်ပြောင်တင်းတင်း ဗလောင်းဗလဲ လုပ်ရဲတဲ့ တရုတ်အစိုးရရဲ့ နိုင်ငံရေးသိက္ခာကင်းမဲ့မှုကိုလည်း အာဆီယံက ဖွင့်ချလိုက်ခြင်းပါပဲ။

    ကဲ ဟုတ်ပြီ။ အဲဒီလို ထိုးနှက်ခံရတာကြောင့် စစ်ကောင်စီ ဘာဖြစ်သွားသလဲဆိုတော့ ဘာမှမဖြစ်ပါဘူး။ နေပြည်တော် စစ်ဗိုလ်ချုပ်တွေက အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြည်သူသတ် အကြမ်းဖက်ခြင်းနည်းနဲ့ နေ့စဉ်ဆိုသလို ဆုတ်ဖြဲပြနေသူတွေဖြစ်လို့ နောက်တွန့်စရာအကြောင်း မရှိပါဘူး။ စစ်ကောင်စီဆိုတာ ထိရောက်တဲ့ အရေးယူမှုမရှိရင် အာဆီယံမပြောနဲ့ လုံခြုံရေးကောင်စီလည်း ဂရုမစိုက်ကြောင်း ကိုယ့်ပြည်သူကိုယ် ဗုံးကြဲ သတ်ဖြတ်ခြင်းနည်းနဲ့ အကြိမ်ကြိမ် သက်သေပြပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဆီယံရဲ့ ထောက်ခံချက် ဒါမှမဟုတ် မသိချင်ယောင်ဆောင်မှုကို ရခဲ့ရင် စစ်ကောင်စီအတွက် အားတက်ဖွယ် ရှိနိုင်ပေမဲ့ အခုလို ကန့်ကွက်တော့လည်း မထူးဇာတ်ခင်းဖို့ကလွဲ တခြားမရှိပါဘူး။

    ဒါပေမဲ့ မြေပြင်အခြေအနေက စစ်ကောင်စီ မထူးဇာတ်ခင်းခွင့် မရှိအောင်ကို ဆက်လက် ပိတ်ဆို့ထားပြန်တယ်။ ဇန်နဝါရီ ၁၇ ရက်၊ မင်းအောင်လှိုင်ခန့် အစိုးရအဖွဲ့အစည်းအဝေးမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး တည်ငြိမ်အေးချမ်းတဲ့ အခြေနေမျိုးဖြစ်အောင် ဖိဖိစီးစီး ဆောင်ရွက်ကြဖို့ မင်းအောင်လှိုင်က မိန့်မှာခဲ့ရတယ်။ ဇန်နဝါရီ ၃၁ ရက်၊ ကာလုံအစည်းအဝေးမှာတော့ ရွေးကောက်ပွဲတရပ်ကို မဖြစ်မနေ ပြုလုပ်ပေးရမယ်၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေအရ ဆန္ဒမဲ ဘယ်လောက်ပေးမှ ရွေးကောက်ပွဲ ဖြစ်မြောက်မယ်လို့ ပြဋ္ဌာန်းထားခြင်းမရှိ၊ စဖြင့် မင်းအောင်လှိုင် စကားတွေအများကြီး လျှောက်ပြောခဲ့ပေမဲ့ နောက်ဆုံးပိတ် အချုပ်က ရွေးကောက်ပွဲတရပ်ဖြစ်ဖို့ တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးတာကြောင့် အရေးပေါ်ကာလကိုသာ နောက်ထပ် ၆ လ သက်တမ်းတိုးမယ်လို့ ဆိုတယ်။

    မင်းအောင်လှိုင်က ၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ တဖွဖွရွတ်ဆိုခဲ့တာကြောင့် အခုတခေါက် ကာလုံအစည်းအဝေးမှာ ရွေးကောက်ပွဲပြုလုပ်မယ့်ရက် ထွက်လာနိုင်မယ်ဆိုပြီး အမျှော်ကြီး မျှော်နေကြတဲ့ စစ်ကျွန်ပါတီတွေ စိတ်အပျက်ကြီး ထပ်ပျက်ရတယ်။ ခေါင်းပေါင်းစ ထောင်ချင်နေတာ ရူးမတတ်ဖြစ်နေပြီဆိုတဲ့ ကျွန်သဘောက် အမတ်လောင်းတွေ ခဲလေသမျှ သဲရေကျ ဇာတ်မှာ အဆုံးသတ်ရပြန်တယ်။

    ဒီနေ့ထိတိုင် ရွေးကောက်ပွဲရက်ကို ထုတ်မပြောနိုင်သေးဘူးဆိုပေမဲ့ ၂၀၂၅ မှာ ရွေးကောက်ပွဲ ဖြစ်ဦးမှာလားလို့ မေးရင် မင်းအောင်လှိုင်ကတော့ ဖြစ်ကိုဖြစ်ရမယ်လို့ အာမဘန္တေခံမှာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် ၂၀၂၅ မှာ မဖြစ်တောင် ၂၀၂၆ ကျရင် လုပ်လို့ရသလောက် မြို့တွေမှာ မည်ကာမတ္တ ရွေးကောက်ပွဲ လုပ်နိုင်ကောင်းရဲ့ဆိုတဲ့ စိတ်ကူးယဉ်မှုလည်း ရှိနိုင်တယ်။

    မအောင်မြင်တဲ့ အာဏာသိမ်းကာလ ၄ နှစ်ပြည့်မှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့မြို့က ၉၄ မြို့။ NUG စာရင်းအရ တော်လှန်ရေးအင်အားစု ထိန်းချုပ်ကွပ်ကဲထားနိုင်တဲ့ မြို့ပေါင်း ၁၄၀ ကျော်။ မင်းအောင်လှိုင် ပြောနေတဲ့ တည်ငြိမ်အေးချမ်းမှု ဆိုတာလည်း ရှေ့ဆက်ကောင်းလာစရာ အကြောင်းမရှိတာကြောင့် စစ်ကောင်စီရွေးကောက်ပွဲကို ဒီဘဝ ဒီကမ္ဘာမှာ ကျင်းပနိုင်ဦးတော့၊ ရွေးကောက်ပွဲဂုဏ်သိက္ခာနဲ့ ရွေးကောက်ပွဲရလဒ် ခွေးကတက်မှာသာ အိပ်ရေးပျက်နေရုံကလွဲ တခြားမရှိလို့ မောင်းခတ်ပါရစေလားခင်ဗျာ။

    ✍လင်းဆက်ငြိမ်းချမ်း