Category: News

  • အရာတော်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု  စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

    အရာတော်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

    စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင်အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းစစ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်း – ရောင်နီတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် အရာတော်မြို့နယ်၊ ငွေတွင်းပျူစခန်းမှ ကား၊ ဆိုင် ကယ်များဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကြောင်းနှင့် ကင်းပုန်းကြိုဝပ်နေသော အကြမ်းဖက် စစ် သားနှင့် ပျူစောထီးများကို ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်သားနှင့် ပျူစောထီး ၂ ဦးသေဆုံးကာ ၅ ဦးထက် မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “ဖြစ်တာက အရာတော်နဲ့ငွေတွင်း ညောင်ဒူးလေး အနာဝိုက်မှာက စစ်ကြောင်းနဲ့ဖြစ်တာပါ၊ အင်အား ကတော့ ကင်းပုန်းတွေရောစုစုပေါင်းရင် ၁၀၀ ဝန်းကျင်လောက်ရှိပါတယ်၊ စခ၊ ပခ အသေ ၂ ယောက် နဲ့ ၅ ဒဏ်ရာရတာ ၅ ယောက်ရှိတယ်လို့ နောက်ဆုံးအတည်ပြုချက်ရထားပါတယ်” ဟု မုံရွာခရိုင် အ မှတ် ၁၉ တပ်ရင်း – ရောင်နီတပ်ရင်းမှ တာဝန်ရှိသူက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ဗျုဟာ ၆၆ စစ်ကြောင်း မုံရွာခရိုင်တပ်ရင်း အမှတ် ၁၉ ၊ တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၆ ၊ အရာတော်မြို့နယ်ပကဖတို့နှင့်အတူ အခြားမဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

  • မင်းအောင်လှိုင်က  စစ်အုပ်ချုပ်ရေးကာလ ၄ နှစ်ပြည့်ပြီးနောက်  ၆ လထပ်မံ သက်တမ်းတိုး

    မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကာလ ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုး

    ယာယီသမ္မတ မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကာလ ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုးလိုက်ပြီး စစ်တပ်ဦးစီးချုပ် မင်းအောင်လှိုင်ထံသို့ အာဏာကုန်လွှဲအပ်

    အကြမ်းဖက်စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကာလကို ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုးလိုက်ကြောင်း သိရှိရသည်။

    မိမိကိုယ်ကို ယာယီသမ္မတ ခန့်အပ်ထားသော မင်းအောင်လှိုင်က လက်ရှိ နိုင်ငံတော်၏ အခြေအနေများမှာ ရွေးကောက်ပွဲကျင်းပရန် တည်ငြိမ်ရန် လိုအပ်နေသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံသို့ အာဏာလွှဲပြောင်းပြီး စစ်အုပ်ချုပ်ရေး ထပ်မံ ၆ လသက်တမ်းတိုးမြှင့်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင် ယနေ့နံနက်ပိုင်း ကြေညာခဲ့သည်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူလူထု ရွေး ကောက်တင်မြှောက်ထားသော NLD အစိုးရသမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးကာ နိုင်ငံတော်အာဏာကို မတရားရယူ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

  • ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ ညောင်ရွှေတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

    ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ ညောင်ရွှေတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Saw Dragon Force – SDDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ရေးမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ နိုင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကလည်း ၆၀ မမ လက်နက်ကြီးဖြင့် ၈ လုံးခန့်ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

    “ဗုံးချတာနဲ့ ရမ်းသမ်းပစ်ခတ်တာတော့ ထုံးစံပါပဲ၊ Target ကို ထိတယ်၊ ဗုံးသီး ၅၉၁ တပ်ရင်းထဲကို တည့်တည့်ကျတာ။ ၆၀ မမ လက်နက်ကြီးနဲ့က ၈ လုံး၊ ၉ လုံးလောက်ပြန်တာရှိတယ်၊ လက်နက်ငယ် တွေနဲ့လည်းပြန်ပစ်တယ်။ ကျနော်တို့ တပ်ဖွဲ့အနေနဲ့က လက်နက်ကြီးရော၊ ဒရုန်းရော ၊ မြေပြင်တိုက် ခိုက်ရေးရာ ဘက်စုံကနေ အာဏာရှင်ကို တိုက်ထုတ်နေခဲ့တာကြာပြီဖြစ်လို့ များများပံ့ပေးကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်” ဟု Saw Dragon Force – SDDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို P21803/ SAW DRAGON DRONE FORCE-SDDF နှင့် ရေးဘီလူးတပ်ရင်း၊ တပ်ခွဲ ၁ တို့အတူ ပူပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အ ထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    အလားတူ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ ရေပူ(ထီခိုး)ရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNA ပြည်သူ့စစ်တို့ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့‌ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၄ ဦးသေကာ ၈ ဦး ဒဏ်ရာရရှိကြောင်း ဒေသသတင်းရင်းမြစ် အင်းလေးလူထုလှုပ်ရှားမှုက ပြောကြားသည်။

    ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၆ နာရီ ၂၁ မိနစ်အချိန်တွင် ညောင်ရွှေမြို့နယ်၊‌ ရေပူအုပ်စု ၊ ရေပူ(ထီခိုး)ရွာ ၏ အရှေ့ဘက်တွင် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ PNAတို့ စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “စစ်ခွေးတွေက ကပ်လာတာ။ သူတို့လက်နက်ကြီးတွေနဲ့ ထုတာ။ ရဲဘော်တွေရော ပြည်သူတွေရော ဘေးကင်းပါတယ်” ဟု အင်းလေးလူထုလှုပ်ရှားမှုက ဆိုသည်။

    အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ‌ပစ်ခတ်၍ ရေပူရွာ ဘုန်းကြီးကျောင်းဝန်းရှိ စေတီများသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း အင်းလေးလူထုလှုပ်ရှားမှုထံမှ သိရှိရသည်။

  • အမေရိကန်ကို တုန်လှုပ်သွားစေခဲ့တဲ့တရုတ် အေအိုင်မိုဒယ်သစ် DeepSeekR1

    အမေရိကန်ကို တုန်လှုပ်သွားစေခဲ့တဲ့တရုတ် အေအိုင်မိုဒယ်သစ် DeepSeekR1

    ဒီရက်ထဲ အမေရိကန်နဲ့တကွ အေအိုင်နည်းပညာနယ်ပယ်တခုလုံးကို တုန်လှုပ်သွားစေတာကတော့ တရုတ် အေအိုင်ကုမ္ပဏီ DeepSeek နဲ့ သူ့ရဲ့ နောက်ဆုံးထုတ် Chatbot အေအိုင်မိုဒယ်သစ် DeepSeekR1 ပဲ ဖြစ်ပါတယ်။

    အေအိုင်နည်းပညာနယ်ပယ်မှာ နာမည်အသစ်အဆန်းတခု ဖြစ်ပေမဲ့ မကြာမီက အမေရိကန်မှာ စတင်မိတ်ဆက်လိုက်တဲ့ DeepSeekR1 မိုဒယ်ဟာ စတင်ပြီး တပတ်အတွင်းမှာပဲ Apple store မှာ ဒေါင်းလုတ်ဆွဲပြီး သုံးစွဲသူပမာဏ နံပါတ် ၁ အများဆုံး ဖြစ်ခဲ့တယ်။

    အမေရိကန်နည်းပညာကုမ္ပဏီ OpenAI က ၂၀၂၂ ခုနှစ်မှာ ChatGPT ကို စတင်မိတ်ဆက်ခဲ့ပြီးတဲ့နောက် အမေရိကန်နည်းပညာကုမ္ပဏီတွေကသာ ဉာဏ်ရည်တုနည်းပညာ AI Chatbot နယ်ပယ်ကို ဦးဆောင်နေခဲ့ရာက မထင်မှတ်ဘဲ တရုတ်ကုမ္ပဏီတခုက ဝင်ရောက်လာခဲ့တာ ဖြစ်တယ်။

    ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကုန်ပိုင်းက အမေရိကန်နည်းပညာကုမ္ပဏီ OpenAI က စတင်ဖန်တီးခဲ့တဲ့ ChatGPT ရဲ့ စွမ်းဆောင်ရည်အတိုင်း လုပ်ဆောင်နိုင်တဲ့ တရုတ်ကမ္ပဏီရဲ့ DeepSeekR1 မှာ အားသာချက်တွေ အများကြီးရှိနေတာ တွေ့ရတယ်။

    ဒါ့ကြောင့်လည်း စတင်ဖန်တီးပြီး တနှစ်မပြည့်ခင်အတွင်း DeepSeek ဟာ ရှိနှင့်ပြီးသား အေအိုင် chatbot တွေကို ရင်ပေါင်တန်းလာရုံမက ဈေးကွက်တခုလုံးကို ကပြောင်းကပြန် ဖြစ်သွားစေခဲ့တာ ဖြစ်တယ်။

    အမေရိကန်မှာ DeepSeekR1 စတင်မိတ်ဆက်ပြီး တပတ်အကြာ ဒီ အေအိုင်မိုဒယ်အတွက် အရေးပါတဲ့ ချစ်(chip)ပြားတွေကို ထုတ်လုပ်ပေးတဲ့ နည်းပညာကုမ္ပဏီ Nvidia ရဲ့ ရှယ်ယာတွေ (ဇန်နဝါရီ-၂၇) တရက်အတွင်း ၁၇ ရာခိုင်နှုန်း ထိုးကျသွားတယ်။ ငွေကြေးပမာဏအားဖြင့် ဒေါ်လာ ၆၀၀ ဘီလီယံ ဆုံးရှုံးနစ်နာသွားတဲ့အတွက် အမေရိကန်သမိုင်းမှာတော့ အကြီးမားဆုံး စတော့ဈေးကွက် ဆုံးရှုံးမှု ဖြစ်ခဲ့တယ်။

    စတင်မိတ်ဆက်တဲ့ ဇန်နဝါရီ ၁၀ ရက်မှာ လှုပ်လှုပ်ရှားရှား သိပ်မဖြစ်ခဲ့ပေမဲ့ ထရမ့်ပ် ကျမ်းသစ္စာကျိန်ဆိုအပြီး တပတ်အတွင်း DeepSeekR1 ကို အိုင်ဖုန်း Apple store မှာ downloaded ပြုလုပ်သူ အရေအတွက် အများဆုံးဖြစ်ခဲ့ပြီး နည်းပညာကုမ္ပဏီတွေရဲ့ ဈေးကွက်ကိုပါ ကပြောင်းကပြန် ဖြစ်သွားစေခဲ့တယ်။

    ခုလို လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့အတွက် ဒေါ်နယ်ထရမ့်ပ် ကိုယ်တိုင် ဒါဟာ အမေရိကန် နည်းပညာကုမ္ပဏီတွေအတွက် အချက်ပေးခေါင်းလောင်းသံ ဖြစ်တယ်လို့ ပြောဆိုလိုက်တယ်။

    ChatGPT ရဲ့ စွမ်းဆောင်ရည်အတိုင်း လုပ်ဆောင်နိုင်တဲ့အပြင် DeepSeek ရဲ့ အားသာချက်က အေအိုင်မိုဒယ်ကို လေ့ကျင့်ပေးတဲ့ ကုန်ကျစရိတ် (အလွန့်အလွန်) သက်သာနေတာပဲ ဖြစ်တယ်။ OpenAI ကုမ္ပဏီက ChatGPT အေအိုင်မိုဒယ်ကို တည်ဆောက်ဖို့ ဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံရချိန်မှာ DeepSeek က ဒေါ်လာ ၅ ဒသမ ၆ သန်းပဲ သုံးစွဲခဲ့ရတယ်။

    တရုတ်ကုမ္ပဏီဟာ DeepSeekR1 အေအိုင်မိုဒယ်အတွက် အမေရိကန် နည်းပညာကုမ္ပဏီ Nvidia ရဲ့ စွမ်းအားမြင့် ဉာဏ်ရည်တုချစ်(chip)ပြားတွေကို အသုံးပြုခဲ့ရတယ်။ ထရမ့်ပ်အစိုးရဟာ Nvidia ရဲ့ ဉာဏ်ရည်တု ချစ်ပြားတွေကို တရုတ်ကို မရောင်းဖို့ တားမြစ်ထားခဲ့တယ်။ အမေရိကန် နည်းပညာကုမ္ပဏီတွေက အေအိုင်မိုဒယ်အသစ်တွေ ထပ်မံဖန်တီးဖို့ ဒေါ်လာ ဘီလီယံချီ အသုံးပြုနေရချိန်မှာ အင်မတန်ဈေးချိုပြီး ကုန်ကျစရိတ်သက်သာတဲ့ တရုတ်ရဲ့ အေအိုင် အထောက်အကူပြု မိုဒယ် DeepSeekR1 ထွက်ပေါ်လာခဲ့တာ ဖြစ်တယ်။

    DeepSeek ရဲ့ အားသာချက်တခုက လူတိုင်း အလွယ်တကူ အခမဲ့ download ရယူနိုင်တဲ့ app တခု ဖြစ်နေတာပါ။ အမေရိကန်နည်းပညာကုမ္ပဏီတွေရဲ့ အဆင့်မြင့် chatbot တွေကို အခကြေးငွေပေး သုံးစွဲကြရပေမဲ့ အခု စတင်အသုံးပြုရတဲ့ DeepSeek က အခမဲ့ပါ။

    စတင်ထုတ်လုပ်ပြီး တနှစ်အတွင်း သုံးစွဲသူအများဆုံးဖြစ်လာပြီး အမေရိကန် နည်းပညာကုမ္ပဏီတွေကို တုန်လှုပ်သွားစေတဲ့ DeepSeek ကို ဘယ်သူက ဖန်တီးခဲ့သလဲ။

    DeepSeek နည်းပညာကုမ္ပဏီကို ၂၀၂၃ ခုနှစ်က တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဟန်ကျို့မြို့မှာ လီယန် ဝမ်ဖင်း ဆိုသူက စတင်ထူထောင်ခဲ့တာပါ။ သူက သတင်းအချက်အလက်နဲ့ အီလက်ထရွန်းနစ် အင်ဂျင်နီယာဘွဲ့ရတဦးဖြစ်ပြီး အသက် ၄၀ အရွယ် ရှိပါပြီ။ ဒီကုမ္ပဏီကို အခြားပုဂ္ဂလိကကုမ္ပဏီတခုဖြစ်တဲ့ High Flyer နဲ့အတူ တွဲဖက်ထူထောင်ထားတာဖြစ်တယ်။ စတင်ထူထောင်တဲ့ နှစ်ကုန်ပိုင်းမှာပဲ AI large Languages မိုဒယ်ကို စတင်ထုတ်လုပ်ခဲ့တယ်။

    ပြီးခဲ့တဲ့လကစပြီး DeepSeek ကို အေအိုင်နည်းပညာလောကမှာ စိတ်ဝင်တစား ဖြစ်လာကြတယ်။ အကြောင်းကတော့ သူတို့ရဲ့ နောက်ဆုံးထုတ် အေအိုင်မိုဒယ်ဟာ အမေရိကန် နည်းပညာကုမ္ပဏီတွေနဲ့ OpenAI က လက်ရှိအသုံးပြုနေတဲ့ ChatGPT နည်းတူ အလုပ်လုပ်နိုင်ပြီး Nividia chips တွေကို အသုံးပြုကာ လေ့ကျင့်ရာမှာ ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်နေတာကြောင့်လို့ ဆိုတယ်။ ဒီနှစ်အစပိုင်းမှာ Apple နဲ့ Google အပလီကေးရှင်းစတိုးတွေမှာ DeepSeek ကို အလွယ်တကူ ရယူနိုင်ရာက တဖြည်းဖြည်းနဲ့ လူသိများလာခဲ့တာဖြစ်တယ်။ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်ခဲ့တာက ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တဲ့ သုတေသနစာတမ်းမှာ နောက်ထပ် ထုတ်လုပ်ထားတဲ့ R1 မိုဒယ်မှာ ခေတ်မီတဲ့ “ကြောင်းကျိုးဆီလျော် စဉ်းစားတွေးခေါ်နိုင်စွမ်း” တွေ ပါဝင်လာတဲ့အတွက် ဖြစ်တယ်။

    အမေရိကန် နည်းပညာကုမ္ပဏီတွေကို တုန်လှုပ်သွားစေတဲ့ DeepSeek ရဲ့ အောင်မြင်မှုဟာ တရုတ်အစိုးရအတွက်တော့ အားတက်စရာ ဖြစ်ခဲ့တယ်။ အမေရိကန်ရဲ့ ပို့ကုန်ထိန်းချုပ်မှု မူဝါဒကို ကျော်လွှားနိုင်ခဲ့သလို အေအိုင်လို မဟာဗျူဟာနည်းပညာနယ်ပယ်မှာ ကိုယ့်အားကိုယ်ကိုးနိုင်ပြီလို့ ယူဆတဲ့အတွက်ပါ။

    တရုတ်နည်းပညာကုမ္ပဏီရဲ့ ကုန်ကျစရိတ် အသက်သာဆုံး DeepSeekR1 အေအိုင်မိုဒယ်သစ် ဖန်တီးနိုင်မှုဟာ အနာဂတ် ဉာဏ်ရည်တုနည်းပညာပြိုင်ပွဲရဲ့ Sputnik လွှတ်တင်မှုဖြစ်တယ်လို့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် မာ့စ် အင်ဒရီဆင်က ဆိုပါတယ်။ (၁၉၅၇ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုဟာ အာကာသထဲကို Sputnik ဂြိုလ်တု ပစ်လွှတ်ပြီး ဆိုဗီယက်နဲ့ အမေရိကန်ကြား စစ်အေးခေတ် အာကာသစူးစမ်းလေ့လာရေးပြိုင်ပွဲ စတင်ခဲ့သလိုမျိုး တရုတ်နဲ့ အမေရိကန်ရဲ့ အနာဂတ် ဉာဏ်ရည်တုနည်းပညာပြိုင်ပွဲ စတင်ပြီလို့ ဆိုလိုက်တာပါ။)

    CWM

  • ရွှေသောင်ယံ၌ စစ်သားချင်းပစ်ခတ်မှု ဗိုလ်တစ်ဦးသေဆုံး

    ရွှေသောင်ယံမြို့ ၊တပင်မှော်ရွာတွင်ဇန်နဝါရီလ ၂၈ ရက်က တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ချင်း ခိုက်ရန်ဖြစ်ပွားပြီး အချင်းချင်းသေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ခဲ့ရာဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံးသွားသည်။

    တပင်မှော်ရွာသည် ရွှေသောင်ယံ​ဒေသအတွင်း စစ်ကောင်စီ အဓိကတပ်စွဲထားသည့်နေရာများအနက် တစ်ခုဖြစ်သည်။

    “အရက်မူးပြီး ရန်ဖြစ်တာ။ ဗိုလ်တစ်ကောင်သေတယ်။ အခု တပင်မှော်ရွာမှာက တခြားကရောက်လာတဲ့ စစ်သားတွေ အများကြီးပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။

    အာရက္ခတပ်တော်(AA)က ရွှေသောင်ယံမြို့နှင့်ထိစပ်နေသော ဂွမြို့ကို ၂၀၂၄ ဒီဇင်ဘာလကုန်တွင် သိမ်းယူပြီးနောက် ရွှေ သောင်ယံမြို့၊ မကျီးစင်ရွာတွင် ဇန်နဝါရီလ ၈ ရက်မှစတင်၍ တိုက်ပွဲဖြစ်ခဲ့သည်။ မကျီးစင်ရွာမှ စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးခဲ့ရပြီး ဘောမိကျေးရွာတွင် ထပ်မံတပ်စွဲခဲ့သည်။ ဘောမိရွာမှ စစ်ကောင်စီတပ်ကို ဇန်နဝါရီလ ၁၆ ရက်တွင် AAနှင့် ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်​သေဆုံးဒဏ်ရာရသူများစွာဖြင့်ထပ်မံဆုတ်ထွက်ပြေးခဲ့ရပြန်သည်။

    ​ဘောမိရွာတိုက်ပွဲတွင် AA က စစ်တပ်ထံမှ သံချပ်ကာယာဥ်အချို့ကို သိမ်းဆည်းနိုင်ခဲ့သည်။AA က ဧရာဝတီတိုင်းအတွင်း ပွိင့်( ၂၆၃) နှင့် ပွိုင့် (၃၆၉)စခန်း နှစ်ခုကိုသိမ်းပိုက်ထား​ကြောင်းထုတ်ပြန်ထားသည်။

    ထိုတိုက်ပွဲများ၌ထွက်ပြေးလာသည်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နယ်မြေခံတပ်ရင်းထံသွားရောက်မပူပေါင်းဘဲ ထွက်ပြေးရန်ကြိုးစားခဲ့သည်။ သို့‌ သော်စစ်ကောင်စီကလိုက်လံဖမ်းဆီးခဲ့သည်။

    “စစ်ကောင်စီတပ်သား‌တွေ တော်တော်လေးစိတ်ဓာတ်ကျနေတာ မြင်ရတယ်။ အခုဖြစ်တာလည်း စိတ်ဓာတ်ကျနေကြပြီး အရက်သောက်ကြရင်း ဖြစ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

    စစ်ကောင်စီသည် ရွှေသောင်ယံမြို့ပေါ်နှင့် မလှမ်းမကမ်းမှ တပင်မှော်၊သဘော့ကန်၊ ဂျိတ်လတ်ရွာတို့တွင်ထပ်မံခံစစ်ပြင်ထားသည်။

    ဇန်နဝါရီလ၃၀ရက်တွင် အင်အား ၃၀ခန့်စီပါသည့် စစ်ကောင်စီစစ်ကြောင်းနှစ် ကြောင်းသည်ရွှေသောင်ယံမြို့ပေါ်သို့ ရောက်ရှိလာပြီး ရခိုင်-ဧရာဝတီကမ်းခြေပတ်လမ်းဘေး ရပ်ကွက်နှင့်ကျေးရွာအချို့ကို စစ်ဆေးခဲ့သည်။

    “PDF သတင်းကြားလို့ဆိုပြီးလာတာ။ အသက်ကြီးကြီးတွေလည်းပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

    ရွှေသောင်ယံ ​ဒေသတွင် ဇန်နဝါရီလ၂၈ ရက်ခန့်မှစ၍ တိုက်ပွဲ​ခေတ္တငြိမ်သက်နေသည်။သို့​သော်ရွှေသောင်ယံမြို့နှင့်ဆက်စပ်နေသော သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲဆက်ဖြစ်နေပြီး ဇန်နဝါရီလ ၂၈ ရက်ကတိုက်ပွဲ၌ သာပေါင်းရဲစခန်းမှူးဒုရဲမှူးဝင်းနိုင်ဦးကို AA က စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့၍​သေဆုံးခဲ့သည်။