Category: News

  • ရွှေပြည်သာမြို့ နယ်၊  ခလရ ၆ စစ်တပ်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်တပ်ဘက်မှ အထိအခိုက်ရှိနိုင်

    ရွှေပြည်သာမြို့ နယ်၊ ခလရ ၆ စစ်တပ်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်တပ်ဘက်မှ အထိအခိုက်ရှိနိုင်

    ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက် ခလရ ၆ စစ်တပ်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ရွှေပြည်သာမြို့ အခြေစိုက် ခလရ ၆ အောက်မင်္ဂလာဒုံ စစ်တပ်ဝင်းကို ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်(ပကဖ)၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်း ဖောက်ခွဲ တိုက်ခိုက်မှု အတွင်း ပေါက်ကွဲအား ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိ၊မရှိကို အတည်ပြု စုံစမ်းနေဆဲဖြစ်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် (ပကဖ) ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ခလရ ၆ အောက်မင်္ဂလာဒုံ စစ်တပ်ဝင်းကို ဖောက်ခွဲ တိုက် ခိုက်ခဲ့ပါတယ်။ ပေါက်ကွဲမှုပြင်းထန်တယ်လို့ သိရတယ်။ အကြမ်းဖက် စစ်ခွေးတွေ ထိခိုက်မှုကို ဆက်လက်စုံစမ်းနေပါတယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

  • ရွှေတောင်စစ်ဆေးရုံတွင် ကုသ၍မနိုင်တော့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို  မင်္ဂလာဒုံစစ်ဆေးရုံသို့ ပရဟိတကားများဖြင့် ပို့ခိုင်း

    ရွှေတောင်စစ်ဆေးရုံတွင် ကုသ၍မနိုင်တော့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မင်္ဂလာဒုံစစ်ဆေးရုံသို့ ပရဟိတကားများဖြင့် ပို့ခိုင်း

    ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စစ်ဆေးရုံမှ ကုသ၍မနိုင်တော့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မင်္ဂလာဒုံစစ်ဆေးရုံသို့ ပရဟိတအသင်းများမှ ကား များဖြင့် ပို့ဆောင် ခိုင်းရန်စီစဉ်နေကြောင်း သိရသည်။

    ရွှေတောင်မြို့နယ် အမှတ် (၆) တပ်မတော်ဆေးရုံ ခုတင် ၁၀၀ မှ ကုသ၍မနိုင်တော့သည့် ဒဏ်ရာပြင်းထန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရန်ကုန်ရှိ မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်ပေးရန် ပရဟိတအသင်းများကို ခိုင်းစေထားကြောင်း ဒေသခံများထံက သိရသည်။

    “ပို့ရင် စစ်ကားတွေသုံးလို့လည်းရ‌နေတာကို ပရဟိတကားတွေ သုံးတာက လမ်းပိုင်းမှာ သူတို့လုံခြုံရေးကို စိုးရိမ်လို့နေမယ်။ သူတို့ကိုယ်တိုင် လမ်းပိုင်းတွေကို စိတ်ချလို့မရဘူးဖြစ်နေတယ် လို့မြင်တယ်။ စိုးရိမ်စိတ်ဖြစ်နေတာပေါ့”ဟု ပြည်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

    ပြည်မြို့ရှိ ဒေသကွပ်ကဲမှုဆိုင်ရာ စစ်ဌာနချုပ် (ဒကစ-ပြည်)အတွင်းတွင် ပရဟိတအသင်းများကို ခေါ်ယူပြီး စစ်သားလူနာများကိုရန်ကုန်သို့ ပရဟိတကားများဖြင့် ပို့ဆောင်ပေးရန် ပြည်ခရိုင်အတွင်းရှိ အဖွဲ့ ၃၀ နီးပါးကို ခေါ်ယူပြောဆိုခဲ့ကြောင်း ဒို့ပြည်ဒေသတွင်း သတင်းရင်းမြစ်က ဖော်ပြထားသည်။

    ရွှေတောင်စစ်ဆေးရုံတွင် ရှေ့တန်းပြန် ဒဏ်ရာရလူနာ များ များပြားနေသည့်အတွက် ဆေးရုံမဆန့် တော့သည့်အပြင် ပြင်း ထန်ဒဏ်ရာရရှိသည့် လူနာများကို မကုနိုင်သည့်အတွက် မင်္ဂလာဒုံစစ်ဆေးရုံသို့ ခွဲ၍ပို့ ဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

    ရခိုင်နှင့် ပဲခူးတိုင်းအစပ်တွင် တိုက်ပွဲများဖြစ်ပွားလာပြီး စစ်ကောင်စီအင်အား ရာနှင့်ချီ၍ ထိခိုက် သေဆုံးမှု များရှိနေခဲ့ပြီး ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်နှင့်ရွှေတောင်ဆေးရုံများသို့ ပို့ဆောင်နေရပြီး ယခုအခါတွင် တိုက်ပွဲမှဒဏ်ရာရလူနာများ များပြားကာ ဒဏ်ရာပြင်းထန်သည့်အတွက် ရန်ကုန်သို့ပို့ဆောင် ရာတွင် လုံခြုံရေးအရ ပရဟိတအသင်းကားများကို သုံးရန်စီစဥ်လာခြင်းဖြစ် ကြောင်း သိရသည်။

    စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့ ၁၀ နာရီ၃၀မိနစ်ခန့်က ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာများကို စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသ ခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    အဆိုပါ ထိခိုက်ဒဏ်ရာရသူများကို ပရဟိတအသင်းများအား ဆက်သွယ်၍ ဆေးရုံ၊ ဆေးခန်းများသို့ ပို့ ဆောင်ကူညီရန် ကြိုးစားခဲ့သော်လည်း အသင်းအဖွဲ့များမှာ ချိတ်ဆက်၍မရကြောင်း ဒေသခံများထံမှ သိရသည်။

    စစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ်က ပစ်ခတ်ဗုံးကြဲ၍ ဒဏ်ရာရရှိသူများကို ကူညီသည့် ပရဟိတအသင်းများ၏ ကားများကို သိမ်းကာ အသင်းသူ၊ အသင်းများကို ရိုက်နှက်ပြီး အသင်းရုံး များကိုပါ ဖျက်ဆီးခဲ့သည်။

    လက်ရှိတွင် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့ နယ်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီသည် ၎င်းတို့၏ ပြည်ဒကစနှင့် ကပစစက်ရုံများအတွက် အထူးပင်စိုးရိမ်နေကြောင်း သိရသည်။

    ပြီးခဲ့သည့်ရက်ပိုင်းက မကွေးဘက်မှနေ၍ သံချပ်ကာ ယာဉ်သုံးစီး အောင်လံမြို့ကိုဖြတ်ကာ ဒကစ-ပြည်သို့ ရောက်ရှိနေပြီး အဆိုပါယာဉ်များကို ပြည်ဒကစအတွက် လုံခြုံရေးယူ အင်အားတိုးချဲ့ထားသလို အရေးပေါ်စစ်အင်အားလိုအပ်နေသည့် ညောင်ကျိုးနှင့် ညောင်ခြေထောက်သို့ ပို့ဆောင်ရန်စီစဉ် နေကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

    ရွှေတောင် စစ်ဆေးရုံမှ ဒဏ်ရာပြင်းထန်သော စစ်သားများကို မင်္ဂလာဒုံ ဆေးရုံသို့ ပို့ဆောင်ရန် ပြည်ဒကစမှ ယာယီ ဒကစမှူးက စစ်ကားများဖြင့် မပို့ရဲဘဲ ကြောက်လန့်နေ၍ ပရဟိတ အသင်း ၂၈ သင်းကို ပို့ဆောင်ခိုင်း

    ပဲခူးတိုင်း၊ ရွှေတောင်မြို့ရှိ ကုတင် ၁၀၀ စစ်ဆေးရုံမှ ဒဏ်ရာပြင်းထန်သော စစ်သားများကို မင်္ဂလာဒုံ ဆေးရုံသို့ ပို့ဆောင်ရန် ပြည်ဒကစမှ ယာယီ ဒကစမှူးက စစ်ကားများဖြင့် မပို့ရဲဘဲ ကြောက်လန့်နေ၍ ပရဟိတ အသင်း ၂၈ သင်းကို ပို့ဆောင်ခိုင်းနေကြောင်း ၃၆၀၂ တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Red Star က ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပြည်ဒကစမှ ယာယီ ဒကစမှူးက ပြည်ခရိုင်အတွင်းရှိ ပရဟိတ အသင်း ၂၈ သင်းကို ပြည်ဒကစ အတွင်းခေါ်ယူ၍ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ ယင်း အစည်းအဝေးတွင် ယာယီဒကစမှူးက ရွှေတောင် ကုတင်၁၀၀ စစ်ဆေးရုံမှ ဒဏ်ရာပြင်းထန်သော စစ်သားများကို ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ကုတင် ၁၀၀၀ စစ်ဆေးရုံကို အလှည့်ကျ ပို့ပေးရန် ဖိအားပေး ခိုင်းစေခဲ့ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်သည် ဒဏ်ရာပြင်းထန်သော စစ်သားများကို စစ်ကားဖြင့် ပို့ဆောင်ရဲခြင်းမရှိဘဲ ကြားဖြတ် တိုက်ခိုက်ခံရမည်ကို ကြောက်လန့်နေကြောင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံသို့ စစ်သား လူနာများကို ပို့ဆောင်ပေးပါက တစ်ခေါက်လျှင် ဆီ ၁၅ ဂါ ဆီ ပေးမည်ဖြစ်ကြောင်း၊ ယခင်က ရွှေတောင် ပရဟိတအသင်းနှင့် လူနာများကို ပို့ဆောင်နေသော်လည်း ယခုအခါ လူနာဦးရေ များပြားနေသောကြောင့် ပြည်ခရိုင်အတွင်းရှိ ပရဟိတအသင်းများကိုခေါ်ယူက အလှည့်ကျပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း၊ ထို အစည်းအဝေးကို ပြည်ဒကစမှူးမှ ခရီးသွားနေခြင်းကြောင့် ယာယီ ဒကစမှူးမှ ခေါ်ယူ၍ အစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ ရွှေတောင် ကုတင် ၁၀၀ စစ်ဆေးရုံတွင် ဥသျှစ်ပင်-ပန်းတောင်းဘက်မှ စစ်သားများ၊ ပေါင်းတည်ဘက်မှ စစ်သားများနှင့် ပြည်ခရိုင်အတွင်းရှိ ဒဏ်ရာရ စစ်သားများ အပြင် သာယာဝတီခရိုင်မှ စစ်သားများပါ တက်ရောက်ကုသနေပြီး လူဦးရေ များပြားကာ ဆေးဝါးများ လုံလောက်မှုမရှိကြောင်း သိရသည်။

    “မနေ့က ပြည်ဒကစထဲမှာ ယာယီဒကစမှူးက ပရဟိတ အသင်း ၂၈ သင်းကို ခေါ်ယူပြီး အစည်းဝေးတစ်ခု ပြုလုပ်တယ်လို့ သိရတယ်။ ရွှေတောင်ကုတင် ၁၀၀ စစ်ဆေးရုံမှာ မကုသနိုင်တော့တဲ့ စစ်ခွေးတွေကို ရန်ကုန် မင်္ဂလာဒုံ ကုတင် ၁၀၀၀ စစ်ဆေးရုံကို အလှည့်ကျ ပို့ပေးရမယ့်အကြောင်း ခေါ်ပြောတယ်လို့ သိတရတယ်။ တစ်ခေါက်ပို့ပေးရင် ဆီ ၁၅ ဂါလံ ပေးမယ်လို့ ပြောတယ်။ အရင်ကတော့ ရွှေတောင်ပရဟိတအသင်းနဲ့ စစ်ခွေးလူနာတွေ ပို့ဆောင်ပေမယ့် အခုက လူနာဦး အရေအတွက် များလာလို့ မပို့နိုင်တော့ဘူးလို့ သိရတယ်။ အဲဆေးရုံတက်နေတဲ့ စစ်ခွေးတွေက ဥသျှစ်ပင်-ပန်းတောင်းဘက်ကဖြစ်သလို ပေါင်းတည်းဘက်ကလည်းပါတယ်။ ပြည်ခရိုင် နယ်မြေထဲကတော်တော်များများပါတယ်။ သာယာဝတီခရိုင်က ဒဏ်ရာရ စစ်ခွေးတွေကော တက်ရောက်နေတယ်လို့ သိရတယ်” ဟု ၃၆၀၂ တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Red Star က ပြောဆိုသည်။

    ပုံစာ- ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ကောင်စီခန့်ဝန်ကြီးချုပ် လာရောက်ကြည့်ရှုစဉ် (ပုံဟောင်း)

  • နတ်ရေကန်စခန်းမှထွက်ပြေးသည့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ စစ်ခုံရုံး တင်စစ်ဆေးခံနေရ

    AA ထိုးစစ်ကို မခုခံနိုင်ဘဲ နတ်ရေကန်စခန်းမှထွက်ပြေးသည့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ စစ်ခုံရုံး တင်စစ်ဆေးခံနေရ

    မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်း ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများသယ် ဆောင်ပြီး ထွက်ပြေးသည့် တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး တို့ကို စစ်ကောင်စီက စစ်ခုံရုံးတင် စစ်ဆေးနေကြောင်း သိရသည်။

    စစ်ကောင်စီ၏ နတ်ရေကန် မဆုတ်တမ်းခံစစ်မှ အမိန့်မရဘဲ ဆုတ်ခွာ ထွက်ပြေးလာသည့် ရှေ့တန်းတပ်မချုပ် ၉၉ လက် အောက်ခံ ရှေ့တန်းခမရ ၃၁၅ မိတ္ထီလာတပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့က စုံခုံဖွဲ့စစ်ဆေးနေကြောင်း သိရသည်။

    “လက်နက်ကြီးတွေ AA လက်ထဲပါမှာစိုးပြီး ကားတွေနဲ့ တင်ပြေးတာ။ ဆုတ်ခွာမိန့်မရဘဲ ပြေးလို့ဆိုပြီး စုံခုံဖွဲ့ခံထားရတယ်ပြောတယ်”ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

    အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်စခန်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် ခမရ ၃၁၅ မှ တပ်ရင်းမှူးဦးဆောင်သည့် အင်အား ၁၀၀ ပါအဖွဲ့သည် လက်နက်ခဲယမ်းများကို သယ်ဆောင်၍ နတ်ရေကန်စခန်းမှ ဆုတ်ခွာထွက်ပြေးရာတွင် ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရသည်။

    ကြားဖြတ်တိုက်ခိုက်ခံရသည့်အတွက် စစ်ကားတစ်စီးမီးလောင်ပြီး တစ်စီးပျက်စီးသွားကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီသည် နတ်ရေကန်ဗျူဟာစခန်းတွင် အင်အား အများအပြားဖြင့် ခုခံစစ်ဆင်ထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုမှာ တိုက်ခိုက်ရည်မပြည့်ဝသေးသည့် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များဖြစ်နေပြီး နယ်မြေမကျွမ်းကျင်သည့်အတွက် သေဆုံးမှုများပြားကာ ထွက်ပြေး နေရကြောင်း သိရသည်။

    အဆိုပါ နတ်ရေကန်စခန်းကျပါက ငဖဲမြို့နယ်အတွင်းရှိ အမှတ်(၁၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄) နှင့် အမှတ်(၉၀၅)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅ )တို့ အလုံးအရင်းနှင့် တိုက်ခိုက် ခံရမည်ကို စစ်ကောင်စီကစိုးရိမ်လျက်ရှိကြောင်း သိရသည်။

    ဓာတ်ပုံ-AA တပ်ဖွဲ့ဝင်များ

  • ပြည်သူ့စစ်မှုထမ်း အပါတ်စဥ် ၄ အတွက် အဓမ္မစုဆောင်းခံရသည့် ပုသိမ်မြို့နယ်မှ လူငယ်အချို့ တိုက်ပွဲတွင်သေဆုံး

    ပြည်သူ့စစ်မှုထမ်း အပါတ်စဥ် ၄ အတွက် အဓမ္မစုဆောင်းခံရသည့် ပုသိမ်မြို့နယ်မှ လူငယ်အချို့ တိုက်ပွဲတွင်သေဆုံး

    ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ၂၀၂၄ ခုနှစ် ဩဂုတ်လနောက်ဆုံးပတ်က ပြည့်သူစစ်မှုထမ်းအပါတ်စဥ် လေးအတွက် အတင်းအဓမ္မခေါ်ဆောင်ခြင်းခံခဲ့ရသည့်လူငယ် ငါးဦးသည် တိုက်ပွဲများတွင်သေဆုံးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

    အဆိုပါလူငယ်များသည် စစ်မှုထမ်းရန် ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်ကောင်စီက အရပ်၀တ်များ အိမ်စီးကားများအသုံးပြုကာ ဆွဲခေါ်ဖမ်းဆီးသွားခြင်းကို ခံရသူများဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများကပြောသည်။

    “ရွာကို အိမ်စီးကားအဖြူနဲ့လာပြီး ကောင်လေးက ခြံထဲမှာမြေတူးနေတာ အတင်း၀င်ဆွဲသွားတာ။ မိဘတွေက ဘာဖြစ်လို့ဖမ်းမှန်းမသိဘူး။ သုံးရက်လောက်ကြာမှ စစ်တပ်ထဲကိုအ၀တ်အစားတွေပို့ခိုင်းတယ် ၊ အဲ့ထဲကအဆက်သွယ်မရတော့တာ ခုတော့တိုက်ပွဲကျသွားပြီ” ဟု ပုသိမ်မြို့နယ် သရက်ကုန်းကျေးရွာမှ စစ်မှုထမ်းရန် အတင်းအဓမ္မ ခေါ်ဆောင်ခြင်းခံရသောလူငယ်၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

    လက်ရှိတွင် စစ်မှုထမ်းအပါတ်စဥ် လေးအတွက် အဓမ္မစစ်သားစုဆောင်းခံရသော ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက်များမှလူငယ် နှစ်ဦးနှင့်ကျေးရွာများမှ လူငယ် သုံးဦး တိုက်ပွဲတွင် သေဆုံးသွားပြီဟု လာရောက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

    အဆိုပါလူငယ်များကိုသင်တန်းဆင်းပြီးနောက် အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များတွင် တာ၀န်ချထားခဲ့ကြောင်းသိရသည်။ အဆိုပါ တပ်သားသစ်များကို ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် ရခိုင်ပြည်နယ်သို့ စစ်ကူစေလွှတ်ခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    လက်ရှိတွင် ဧရာ၀တီတိုင်းတွင်ပြည်သူ့စစ်မှုထမ်းသင်တန်းအပါတ်စဉ် ၁၀ သို့ ရောက်ရှိနေပြီးတက်ရောက်နေသူအများစုမှာ အုပ်ချုပ်ရေးမှူးများမှ ငွေပေးကာခေါ်ယူလာသူများ၊ စစ်ကောင်စီမှ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်လာသူများပါ၀င်ကြောင်း သိရသည်။

    ဓာတ်ပုံ- အဓမ္မစုဆောင်းခံထားရသည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ်(၁၀)သင်တန်းသားများအား စစ်ပစ္စည်းများထုတ်ပေးနေစဥ်

  • စစ်ခေါင်းဆောင် အထွတ်အမြတ်ထားသည့် ဆင်ဖြူ ၁ ကောင် သေဆုံး

    စစ်ခေါင်းဆောင် အထွတ်အမြတ်ထားသည့် ဆင်ဖြူ ၁ ကောင် သေဆုံး

    အမြတ်တနိုး မွေးမြူထားသည့် ဆင်ဖြူများကျန်းမာရွှင်လန်းကြောင်း သတင်း ထုတ်ပြန်လေ့ရှိသည့် စစ်ဗိုလ်ချုပ်များက ဆင်ဖြူတစ်ကောင် သေဆုံးသွားမှုကို သတင်းအမှောင်ချထားသည်။

    အာဏာသိမ်း စစ်ခေါင်းဆောင် အထွတ်အမြတ်ထား မွေးမြူထားသော ဆင်ဖြူတော်များအနက် ဆင်ဖြူ တစ်ကောင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က သေဆုံးသွားရာ အယူသည်းသောစစ်ဗိုလ်ချုပ်များက တိတ်တဆိတ်မြှုပ်နှံခဲ့ကြောင်း သိရသည်။

    နေပြည်တော်၊ ဗုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီအရှေ့ဘက်မုခ်အနီး ထားရှိသော ၅၃ နှစ် အရွယ် ဆင်မကြီး ဘဒ္ဒဝတီ ထိုနေ့ နံနက် ၁၀ နာရီခန့်က လဲကျသေဆုံးခဲ့သည်ဟု ယင်းဖြစ်စဉ်ကို သိရှိသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    “အသက်ကြီးလာတော့ ကျန်းမာရေးမကောင်းဘဲ သေဆုံးသွားတာပါ။ အစားစားနေရင်းနဲ့၊ ခုတော့ ဘုရားထဲက ဆင်ဖြူတွေထားတဲ့နေရာမှာပဲ တွင်းတူးပြီးတော့ မြှုပ်နှံလိုက်ပြီ” ဟု သူက ပြောသည်။

    ဆင်မကြီး သေဆုံးသည့်သတင်းကို စစ်ကောင်စီက တရားဝင်ထုတ်ပြန်ခြင်း မရှိပေ။

    စစ်ကောင်စီအရာကြီးတချို့ လာရောက်ပြီး အဆိုပါအဆောင်ဝင်းအတွင်း နေ့တွင်းချင်း မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

    “ဆင်ဖြူမကြီး သေတဲ့နေ့ကစပြီး ဆင်အစာရောင်းတဲ့သူတွေရော၊ အဲဒီနားက ဈေးရောင်းတဲ့သူတွေရော မရောင်းခိုင်းဘူး၊ ဘုရားကိုရော ပိတ်ထားတာ၊ မြှုပ်ပြီးသွားမှ ပြန်ဖွင့်ပေးတာ”ဟု ယင်းအမျိုးသမီးက ကာယကံရှင်များကို ကိုးကား၍ ပြောသည်။

    ဆင်မကြီးဘဒ္ဒဝတီသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှဖြစ်ပြီး နေပြည်တော်ကို ၂၀၁၀ ပြည့်နှစ်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မွေးဖွားခဲ့ပြီး အရပ်အမြင့် ၇ ပေ ၇ လက်မ၊ ကိုယ်လုံးပတ် ၁၁ ပေ ၈ လက်မ ရှိသည်။

    ဆင်ဖြူတော် အမတစ်ကောင် သေဆုံးခြင်းကို သတင်းထုတ်ပြန်မည်မဟုတ်ကြောင်း အမည်မဖော်လိုသူ နေပြည်တော်မှ စစ်အရာရှိတစ်ဦးက ဆိုသည်။

    စစ်တပ်ဝါဒဖြန့် အွန်လိုင်းမီဒီယာတချို့တွင် အဆိုပါဆင်မကြီး သေဆုံးခဲ့ကြောင်း ဖေဖာ်ဝါရီ ၂၄ ရက်က ဖော်ပြထားသည်။

    ဆင်အဖြူရောင်ကို တွေ့ရှိလျှင် စစ်ဗိုလ်ချုပ်များက နေပြည်တော်သို့ ခေါ်ဆောင်ထားလေ့ရှိကြသည်၊ အသက်ရှင်နေသေးသော အခြားဆင်ဖြူများမှာ နန္ဒဝတီ၊ ဟေမဝတီ၊ ငွေဆဒ္ဒန်၊ ဇာတကလျာ၊ သီရိမာလာ နှင့် ရဋ္ဌနန္ဒက တို့ ဖြစ်ကြသည်။

    ယခင်က ဥပ္ပါတသန္တိစေတီအနီး ဆင်ဖြူအထီး ၂ ကောင်၊ အမ ၅ ကောင် ရှိသည်။ ပုံမှန်ဆင်လည်း ၃ ကောင် ရှိသည်။ ယခုရက်ပိုင်း ထိုနေရာတွင် ဆင်ဖြူ ၄ ကောင်နှင့် ပုံမှန်ဆင် ၂ ကောင်သာ တွေ့ရသည်ဟု သိရသည်။

    ဆင်ဖြူ မွေးဖွားမှု၊ မွေးနေ့ပွဲများ အကြောင်းကို စစ်ကောင်စီက သတင်းထုတ်ပြန်လေ့ ရှိသော်လည်း ဆင်ဖြူ ၁ ကောင်သေဆုံးသည့်သတင်းကို ဖော်ပြထားခြင်း မရှိပေ။

    ဇန်နဝါရီ ၂၄ ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဆင်ဖြူလေး ရဋ္ဌနန္ဒ မိခင်ဆင်မကြီးနှင့်အတူ “ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း “ ထည့်သွင်းဖော်ပြခဲ့သည်။

    အဆိုပါဆင်ဖြူ၏ ၁ နှစ်ပြည့်မွေးနေ့ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့က ပြုလုပ်ခဲ့စဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ခဲ့သေးသည်။

    ဆင်ဖြူကို ယခင်က ဘုရင်၏ ဘုန်းတန်ခိုးအဖြစ် ယူဆလေ့ရှိကြရာ အယူသည်းသော စစ်ကောင်စီ ဗိုလ်ချုပ်များသည်လည်း ဆင်ဖြူတို့ကို တိရိစ္ဆာန်ရုံသို့ မပို့ဘဲ ဘုရားစေတီအနီး တခမ်းတနား မွေးမြူထားလေ့ရှိသည်။

    စစ်ကောင်စီတပ်က ၂၀၂၁ တွင် အာဏာသိမ်းပြီး ဆန္ဒပြသူများကို သတ်ဖြတ်ရာမှ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်ပြီး တနိုင်ငံလုံးအနှံ့ စစ်မြေပြင်ဖြစ်နေရာ စစ်ကောင်စီသည် ထိန်းချုပ်နယ်မြေ ပမာဏ အများအပြားကို လက်လွှတ်ထားရသည်။